ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့

ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မေ ၂၄ ရက်)

နိုင်ငံတိုင်းတွင်  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေကြသည်။ လူ့စွမ်းအား အရင်းအမြစ်၏ အခြေခံသည် ပညာပင်ဖြစ်သည်။ နိုင်ငံသားတို့၏ပညာရည်ဖွံ့ဖြိုးတိုးတက်နေခြင်းမှာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်နေခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုတွင်   ပညာတတ် လူငယ်မောင်မယ်များ အများအပြားရှိနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တစ်မျိုးသားလုံး ပညာရည်မြင့်မားအောင် ဆောင်ရွက်လျက်ရှိသည်။  မျိုးဆက်သစ် လူငယ်မောင်မယ် အဆက်ဆက်တို့ ပညာရည်မြင့်မားနေမှသာ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ အဓိကနှင့် အခြေခံ အကျဆုံးမှာ ကျောင်းနေအရွယ် ကလေးအားလုံးအခြေခံပညာသင်ယူဖို့အတွက် ကျောင်းအပ်နှံ ကြရမည်ဖြစ်သည်။

မိဘတို့၏ တာဝန်ဝတ္တရားများတွင် သားသမီးများကို “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ် သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင် ဖခင်မယ်တို့တာ” ဟူ၍ဖော်ပြထားပေရာ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေဆိုသည့်အတိုင်း ကျောင်းအပ်နှံခြင်းကို ဆောင်ရွက်ပေးကြ ရမည်ဖြစ်သည်။ ကျောင်းနေရန်အရွယ်ရောက်သည်နှင့် ကျောင်းအပ်နှံပေးရမည်ဖြစ်သလို နှစ်စဉ် နှစ်တိုင်း သတ်မှတ်ထားသည့် ကျောင်းအပ်နှံရေးသီတင်းပတ်တွင် ကျောင်းအပ်နှံပေးကြရမည်မှာ မိဘအုပ်ထိန်းသူတိုင်း၏ တာဝန်ဖြစ်သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်မှာ မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက် အထိ ဖြစ်သည်။ “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ မိဘအုပ်ထိန်းသူတို့က သတ်မှတ်ရက်အတွင်း ကျောင်းအပ်နှံရေး ဆောင်ရွက်ကြ ရမည် ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်တွင် အခြေခံပညာ ကျောင်းများကို စတင် ဖွင့်လှစ်တော့မည်ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးကို နိုင်ငံတော် အစိုးရအနေဖြင့်လည်း အလေးထား လုပ်ဆောင်လျက်ရှိသည်။

မိမိတို့၏သားသမီးများကို အချိန်မီကျောင်းပို့နိုင်ရေးသည် မိဘတိုင်းလုပ်ဆောင်ရမည့် တာဝန်ဖြစ်သည်။ အခြေခံပညာကျောင်းများသို့ အပ်နှံသင်ကြားနိုင်ရေးအတွက် မိဘများနှင့်ကျောင်းသား၊ ကျောင်းသူ များကို နိုင်ငံတော်အစိုးရက ကူညီထောက်ပံ့မှုများ များစွာပေးထားပြီးဖြစ်သည်။ ပညာရေးဝန်ကြီးဌာန အနေဖြင့်လည်း ကျောင်းတိုင်းရှိဆရာ၊ ဆရာမများအားလုံးနှင့်အရာထမ်း၊ အမှုထမ်းများ အားလုံးအနေ ဖြင့် သိရှိလိုက်နာရမည့်အချက်များအဖြစ် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း/လက်ခံခြင်းမပြုရန်၊  ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတစ်ရာ လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့်ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် သတ်မှတ်ထားပြီး ဖြစ်သည်။

မိဘအုပ်ထိန်းသူများအနေဖြင့် ကလေးများ ကျောင်းအပ်နှံခြင်းနှင့် ပတ်သက်၍ ငွေကြေးတစ်စုံတစ်ရာ ကုန်ကျခြင်းမျိုး လုံးဝမရှိသည်ကို သိထားပြီးဖြစ်သည်။ ငွေကြေးချို့တဲ့၍ ကျောင်းမအပ်နိုင်သည်မျိုး လုံးဝမရှိအောင် စီစဉ်ဆောင်ရွက်ထားခြင်း ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံပညာ ကဏ္ဍ၏ ပညာရေး အဆောက်အအုံလိုအပ်ချက်များ၊ စာအုပ်စာတမ်းနှင့် စာရေးကိရိယာလိုအပ်ချက်များ၊ ကျောင်း အလိုက်ပညာရေး ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေများကို ပထမအကြိမ်၊ ဒုတိယအကြိမ်ဟူ၍ ပညာသင် နှစ်တစ်နှစ်လျှင်နှစ်ကြိမ် ခွဲခြားသတ်မှတ် ပေးအပ်ထောက်ပံ့လျက်ရှိသည်။ အခြေခံပညာ အတန်းများ အားလုံး အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးနိုင်ရန် စီမံဆောင်ရွက်ထားခြင်းဖြစ်၍ ဆင်းရဲချမ်းသာ လူတန်းစားမရွေး အခြေခံပညာကို သင်ယူနိုင်ပေသည်။

ပညာနှင့်ပတ်သက်၍ အသိပညာနှင့် အတတ်ပညာဟူ၍ ခွဲခြားသိမြင်နိုင်သည်။ ကလေးငယ်တိုင်း စာတတ်မြောက်ကြရန်လိုသည်။ စာတတ်မှသာ ပညာရပ်များကို လေ့လာသင်ယူနိုင်မည်။ အသိပညာ၊ အတတ်ပညာများကို လိုသလိုလေ့လာနိုင်မည်။ ထိုသို့လေ့လာသင်ယူမှသာ အသိပညာ၊ အတတ်ပညာ များမြင့်မားလာမည်။ အသိပညာမြင့်မားသည်နှင့် အကောင်းအဆိုး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား နိုင်မည်။ မှန်ကန်သော အတွေးအခေါ်နှင့် မှန်ကန်သောလုပ်ရပ်တို့ လုပ်ဆောင်နိုင်မှသာ မိမိအကျိုး၊ မိမိပတ်ဝန်းကျင် အကျိုးနှင့်နိုင်ငံတော်အကျိုးကို ကောင်းမွန်စွာ သယ်ပိုးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အခြေခံပညာရေးတွင် သင်ကြားလေ့ကျင့်ပေးမည့် ဘာသာရပ်များကို မဖြစ်မနေ သင်ယူတတ်မြောက် ထားကြရမည်ဖြစ်သည်။

ပညာမြင့်မှလူမျိုးတင့်မည် ဆိုသည့်အတိုင်း ပညာမြင့်ရန်မှာ ပညာရေး၏ နိဒါန်းအစဖြစ်သည့် အခြေခံ ပညာရေးမှစ၍ စနစ်တကျမြှင့် တင်ဆောင်ရွက်ပေးလျက်ရှိသည်။ အခြေခံပညာရေးဆိုသည်မှာ ပညာရေး အဆောက်အအုံတစ်ခုလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ အခြေခံပညာရေး အုတ်မြစ်ခိုင်မာ တောင့်တင်းမှသာ ဘဝတစ်သက်တာပညာရေး အဆောက်အအုံကြီး တိုးတက်ကောင်းမွန်နိုင်မည် ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်း မီသည့်ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ဟူ၍ တိုက်တွန်း ရေးသားလိုက်ရပေသည်။  ။