စွမ်းအင်လည်းရ ပြည်လည်းလှ သစ်ပင်စိုက်ပျိုးကြ

 

စွမ်းအင်လည်းရ ပြည်လည်းလှ သစ်ပင်စိုက်ပျိုးကြ

မိမိတို့နေထိုင်ရာပတ်ဝန်းကျင်တွင် မျက်စိပသာဒလှပစေဖို့၊ အရိပ်ရကာအေးမြသာယာစေဖို့နှင့် ရာသီဥတုကောင်းမွန်မျှတဖို့ ဆိုပါလျှင် သစ်ပင်စိုက်ပျိုးခြင်းမှာ အကောင်းဆုံးဖြစ်သည်။ သစ်ပင်များနှင့် အေးမြသာယာသောလမ်းပေါ်တွင် သွားလာရသူအပေါင်းသည် စိတ်ကြည်နူးချမ်းမြေ့ခြင်းကိုဖြစ်စေသည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများတွင်လည်း သစ်ပင်များ အုပ်ဆိုင်း၍ သာသာယာယာရှိလှသည့် ဒေသကို လူတိုင်းသဘောကျနှစ်ခြိုက်ကြသည်။ သစ်ပင်စိုက်ပျိုးခြင်းသည် ရွှေတိုက်၊ ငွေတိုက်ကို ပိုင်စိုးရသကဲ့သို့ အကျိုးကျေးဇူးအမျိုးမျိုးကို ရရှိစေနိုင်သည်။ သစ်ပင်စိုက်ပျိုးခြင်းမှာ ကုန်ကျစရိတ်အသက်သာဆုံး၊ အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးသော လုပ်ငန်းတစ်ခုဖြစ်သည်။ လူမျိုး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ ကျား^မ မရွေး ပူးပေါင်းဆောင်ရွက်နိုင်သော လုပ်ငန်းတစ်ခုဖြစ်သည်။

လမ်းဘေးဝဲယာတစ်လျှောက်တွင် သစ်ပင်စိုက်ပျိုးခြင်းဖြင့် စိမ်းစိမ်းစိုစိုအပင်များတွင် ဖြူ၊ နီ၊ ဝါ၊ ပြာ၊ ခရမ်းအရောင်မျိုးစုံ၊ ပန်းမျိုးစုံတို့ ဖူးပွင့်ဝေဆာပြီး ရှုမငြီးနိုင်အောင် မျက်စိပသာဒဖြစ်ရသည်။ မျက်စိပသာဒဖြစ်ရုံသာမက သစ်ပင်များရှိနေခြင်းကြောင့် သန့်ရှင်းလတ်ဆတ်သောလေများရရှိပြီး အပူချိန်ကို များစွာ လျှော့ချပေးနိုင်သည်။ နွေ ထနောင်း၊ ဆောင်း မန်ကျည်း ဟု ဆိုရိုးရှိသည်နှင့်အညီ အညာဒေသများတွင် နွေအပူဒဏ်ခံနိုင်စေရန် ထနောင်းပင်များ၊ မန်ကျည်းပင်များကို လမ်းဘေးဝဲ၊ယာများ၊ အိမ်ခြံကွက်လပ်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် စိုက်ပျိုးကြသည်။ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး နားခိုရာအပင်များဖြစ်သဖြင့် အထူးတန်ဖိုးထားကြရသည့် အပင်များဖြစ်သည်။ ထို့ကြောင့် သစ်ပင်စိုက်လျှင်တို့ဝန်းကျင် စိမ်းစိုလှပကြည်နူးရ၏ဟု စာဖွဲ့ထားခြင်းဖြစ်သည်။

သစ်ပင်များစိုက်ပျိုးရာတွင် အရိပ်ရသောအပင်များကိုစိုက်ပါက အရိပ်ရသည်။ အသီးစားရသော အပင်စိုက်ပျိုးပါက အသီးစားကြရသည်။ လေကာပင်အဖြစ်စိုက်ပျိုးပါက လေပြင်းတိုက်ခတ်ခြင်းကို ကာကွယ်ပေးသည်။ သစ်၊ ထင်းအတွက် ရည်ရွယ်ပြီးစိုက်ပျိုးပါက အချိန်တန်လျှင် သစ်၊ တိုင်၊ မျော၊ ထင်းတို့ကို ရရှိမည်ဖြစ်သည်။ ထို့အတူ နှစ်ရှည်စားပင်များ စိုက်ပျိုးမည်ဆိုပါကလည်း မိမိတို့စားသုံးနိုင်ရုံမျှမက ဆွေမျိုးမိတ်သင်္ဂဟများအား လက်ဆောင်ပေးနိုင်သည်။  ပိုလျှံသောသီးနှံများရောင်းချခြင်းဖြင့်  ဝင်ငွေတိုးပွားနိုင်သည်။ သရက်၊ ပိန္နဲ၊ မာလကာ၊ သင်္ဘော၊ ဥသျှစ်၊ ဆီး၊ မရန်းစသည်များမှာ မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားနိုင်သည့် အပင်များဖြစ်သည်။ သီးပင်၊ စားပင်၊ သစ်ပင်များ စိုက်ပျိုးထားခြင်းဖြင့် မိမိအိမ်၊ လယ်ယာ၊ ကျေးရွာ၊ ရပ်ကွက် ပတ်ဝန်းကျင်မှာ စိမ်းလန်းစိုပြည်နေမည် ဖြစ်သည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ကျေးလက်နေပြည်သူများဖြစ်သည်။ နေ့စဉ်ချက်ပြုတ် စားသောက်ရန်အတွက် ထင်း၊ မီးသွေးကို အဓိကလောင်စာအဖြစ် သုံးစွဲနေကြရသည်။ မြန်မာနိုင်ငံကျေးလက်နှင့် မြို့ပြဒေသနေပြည်သူ အများစုအတွက် နှစ်စဉ်ထင်းလိုအပ်ချက်မှာ ကုဗတန် ၁၆ ဒသမ ၅၃ သန်းခန့်ရှိပြီး ကျေးလက်နှင့်မြို့ပြနေပြည်သူများ၏ ထင်း၊ မီးသွေးသုံးစွဲမှုသည် စုစုပေါင်းစွမ်းအင်သုံးစွဲမှု ပမာဏ၏ ၇၆ ဒသမ ၄၁ ရာခိုင်နှုန်းအထိရှိကြောင်း သိရှိရသည်။ ထင်းလောင်စာရရှိရေးအတွက် သဘာဝတောများကိုသာ အားကိုး အားထားမပြုဘဲ လောင်စာစွမ်းအင်ဖူလုံဖို့ သစ်ပင်များစိုက်ပျိုးရန်လိုအပ်သည်။ ကြီးမြန်သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ထင်း၊ မီးသွေး၊ ဇီဝဒြပ်ထုလောင်စာစွမ်းအင်များရရှိနိုင်ပြီး သစ်တောပြုန်းတီးမှုကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည်။

သစ်ပင်များစိုက်ပျိုးခြင်း၏ ထင်သာမြင်သာရှိသော အကျိုးကျေးဇူးတစ်ခုမှာ သဘာဝဘေးအန္တရာယ် လျော့ပါးနိုင်ခြင်း ဖြစ်သည်။ သစ်ပင်သစ်တောများသည် လေပြင်းမုန်တိုင်းများ၊ ရေကြီးရေလျှံမှုများ၊ မြေပြိုမှု၊ မြေတိုက်စားမှုများကို အကာအကွယ်ပေးနိုင်သည်။ သစ်ပင်သစ်တောများ၊ ဒီရေတောများကြောင့် မြစ်၊ ချောင်းနှင့်ကမ်းရိုးတန်းတစ်လျှောက် ကျေးရွာ၊ ရပ်ကွက်၊ မြို့များအား လေဒဏ်၊ မိုးဒဏ်၊ လှိုင်းဒဏ်လျော့ပါးသက်သာစေသည်။ သည်းထန်သည့်မိုးရေများကို သစ်မြစ်များက စုပ်ယူထိန်းသိမ်းထားပြီး ရေကိုတဖြည်းဖြည်းချင်း ထုတ်လွှတ်သဖြင့် ရေကြီးမှုကိုလျော့နည်းစေသည်။ ကမ်းရိုးတန်းများ တည်ငြိမ်စေသည်။ အနည်အနှစ်အစိုင်အခဲများကို စစ်ထုတ်ပေးခြင်းဖြင့် ရေကိုသန့်စင်ကြည်လင်စေသည်။ သစ်မြစ်များက မြေသားများကို ရစ်ပတ်တုပ်နှောင်ထားသောကြောင့် မြေပြိုခြင်း၊ ကမ်းပါးပြိုခြင်း၊ မြေဆီလွှာရေတိုက်စားခြင်း၊ လမ်းများပျက်စီးခြင်းတို့ကို ကာကွယ်ပေးသည်။

သစ်ပင်သစ်တောများသည်  လူသားများရှင်သန်ရပ်တည်ရေးအတွက် သစ်ပင်၏အရွက်၊ အသီး၊ အခေါက်၊ အမြစ်စသည့်  အစိတ်အပိုင်းများကို အစားအသောက်၊ ဆေးဝါး၊ အလှကုန်၊ နေထိုင်စရာတို့အဖြစ် ဖန်တီးထုတ်လုပ်ပေးသည်။ သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားခို ဆိုသည့်စကားအတိုင်း ငှက်များသာမက ဒီရေတောများတွင် ငါး၊ ပုစွန်၊ ကဏန်းနှင့်ရေနေသတ္တဝါများ သားပေါက်ပျော်မွေ့ရာနေရာ ဖြစ်သည်။ မြန်မာတို့သည် ကုသိုလ်ကောင်းမှုတွင် ပျော်မွေ့သူများဖြစ်သည်။ သစ်ပင်စိုက်ပျိုးခြင်းမှာ ထာဝရကုသိုလ်ပြုခြင်း ဖြစ်သည်။

ရှင်သန်ဖြစ်ထွန်းနေသော သစ်ပင်များကိုကြည့်၍လည်း ပီတိဖြစ်ကာ ကုသိုလ်တိုးပွားသည်။ အနှစ်ချုပ်ဆိုရသော် မိုးကြိုကာလနှင့်မိုးရာသီကာလများတွင် မြေဆီစိုခိုက် သစ်ပင်စိုက်ပျိုးနိုင်ရန်အပင်မျိုးမှန် နည်းစနစ်မှန်၊ အချိန်မှန်၊ ပြုစုစောင့်ရှောက်မှု မှန်ကန်စွာ စိုက်ပျိုးကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။     ။