လူငယ်တို့အနာဂတ်လှပသာယာရေး

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ မေ ၂၆ ရက်)

လူငယ်တို့အနာဂတ်လှပသာယာရေး

နိုင်ငံ၏ အဓိကအင်အားဖြစ်သော လူငယ်မောင်မယ်များသည် အနာဂတ်တွင် နိုင်ငံတော်တာဝန်များကို လက်ဆင့်ကမ်း ထမ်းဆောင်ကြရမည့်သူများဖြစ်သည်။  နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် ကဏ္ဍအသီးသီးတွင် မိမိတို့သင့်လျော်ရာ တာဝန်များကို မလွဲမသွေထမ်းဆောင် ကြရမည့်သူများ ဖြစ်သည့်အတွက် လူငယ်မောင်မယ်များအနေဖြင့် အတန်းပညာ၊ အသိပညာ၊ အတတ်ပညာစသည့်ပညာ ရပ်မျိုးစုံကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားကြရမည် ဖြစ်သည်။ ထိုသို့တတ်မြောက်နေစေရန်အတွက် ဘက်စုံပညာရေးစနစ်ကိုအကောင်အထည်ဖော်ပေးလျက်ရှိသည်။ ပညာကိုရှာဖွေရာတွင် စာပေဖတ်ရှုမှတ်သားခြင်းကိုကောင်းစွာလုပ်ဆောင်ရမည်ဖြစ်သည်။

မိမိတို့ဘဝကိုမြင့်သည်ထက်မြင့်အောင် ရည်မှန်းထားသော လူငယ်မောင်မယ်များအနေဖြင့် စာပေ နှင့်ဝေးကွာ၍ မရနိုင်ပေ။ စာပေဟုဆိုရာတွင် သုတစာပေတို့သည် မြင့်မားသော အတွေးအခေါ်နှင့် အတတ် ပညာဗဟုသုတကို လေ့လာသင်ယူနိုင်သော နယ်ပယ်ဖြစ်သည်။ ရသစာပေတို့သည် ယဉ်ကျေးမှုနှင့် လူမှုဆက်ဆံရေးနယ်ပယ်တွင် အဓိကကျသော စိတ်ဓာတ်အခြေခံကောင်းများ ဖြစ်ပေါ် စေသည်။ နိုင်ငံတော်နှင့် အမျိုးဘာသာသာသနာ၊ ရိုးရာယဉ်ကျေးမှုတို့ကို ချစ်မြတ်နိုးသောလူငယ်များ၊ ဗလငါးတန်နှင့်ပြည့်စုံသော ထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်အောင် နိုင်ငံတော်အစိုးရက ဦးဆောင်လမ်းပြနေချိန်တွင် လူငယ်မောင် မယ်များအနေဖြင့် ထိုအခွင့်အရေးကို အမိအရဆုပ်ကိုင် နိုင်ကြရမည်ဖြစ်သည်။

ယနေ့ကျောင်းသား၊ ကျောင်းသူလူငယ်များသည် အနာဂတ်နိုင်ငံတော်၏ နိုင်ငံအကျိုး ဆောင်ရွက် ကြရမည့်သူများဖြစ်သည်။ မိမိအကျိုး၊ မိမိပတ်ဝန်းကျင်နှင့် မိမိဒေသအကျိုး၊ နိုင်ငံတော် အကျိုးဆောင် ရွက် ကြရမည့်သူများဖြစ်ကြ၍ အတတ်ပညာ၊ အသိပညာဗဟုသုတကြွယ်ဝပြီး ဗလငါးတန်ပြည့်ဝ၍ ထူးချွန် ထက်မြက်သော လူတော်လူကောင်းများ၊ လူရည်ချွန် လူရည်မွန်များဖြစ်ရန် ကြိုးစားကြရမည် ဖြစ်သည်။ အသိပညာ၊ အတတ်ပညာပြည့်ဝပြီး လူ့စွမ်းအားအရင်းအမြစ်များ ပြည့်စုံကောင်းမွန်မှသာ ဖွံ့ဖြိုးတိုးတက် သည့်နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် လူငယ်များ၊ ကျောင်း သား၊ ကျောင်းသူများ အနေဖြင့် အနာဂတ်နိုင်ငံတော်ကအားကိုးအားထားပြုနိုင်မည့် သားကောင်း ရတနာဖြစ်အောင် ငယ်ရွယ်စဉ် ကျောင်းသားဘဝကတည်းက ကြိုးစားတည်ဆောက်ကြရမည်ဖြစ်သည်။

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိပညာဗဟုသုတ လေ့လာလိုက်စားနိုင်ရေးအတွက် နိုင်ငံတော်က ဘက်စုံပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ လက်ရှိ အခြေအနေတွင် မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ကျင့်သုံးပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာနှင့် အဆင့်မြင့်ပညာကျောင်းများ အားလုံးကို ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် တစ်ပြိုင်တည်း စတင်ဖွင့်လှစ်မည် ဖြစ်သည်။ အခြေခံပညာအဆင့်တွင် အခြေခံပညာ အလယ်တန်း ပြီးမြောက်သည်နှင့် ရွေးချယ်သင်ယူနိုင်သည့် နည်းလမ်း(၄)သွယ်ကိုလည်း အကောင်အထည် ဖော်ပေးထားပြီး ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းတွင်းပညာရေး၊ ကျောင်းပြင်ပ ပညာရေးတို့ကို ဘက်ပေါင်းစုံမှ မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိသည်။ ကျောင်းသား၊ ကျောင်းသူများ စာပေ ဘာသာရပ် တတ်မြောက်ကျွမ်းကျင်ရုံသာမဟုတ်ဘဲ အတွေးအခေါ်၊ အယူအဆ၊ ခံယူချက်၊ ယုံကြည်ချက်ပြည့်ဝသည့် ဘက်စုံပြည့်ဝထူးချွန်သည့် လူငယ်များဖြစ်အောင် ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။ နေရာ ဒေသအချို့တွင် ကြုံတွေ့နေရသည့် မတည်ငြိမ်မှုများ၊ ဆူပူအကြမ်းဖက်မှုများ၊ ဖျက်ဆီး နှောင့်ယှက်မှု များသည် အသိပညာစဉ်းစားဆင်ခြင်မှု အားနည်းသူများ၏ အကျိုးဆက်ဖြစ်သည်။ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လူငယ်များအပါအဝင် တိုင်းရင်းသားပြည်သူအားလုံး အသိပညာပြည့်ဝကြမှသာ  အောင်မြင်နိုင်မည်ဖြစ်သည်။  စာပေလေ့လာ ဖတ်ရှုရုံသာမက ဘဝတစ်လျှောက်လုံး လေ့လာဆည်းပူးသင်ယူသည့် လူ့အဖွဲ့အစည်းအဖြစ် တည်ဆောက်နိုင်မှသာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည် ဖြစ်သည့်အတွက် ယနေ့လူငယ် ကျောင်းသား၊ ကျောင်းသူများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။

နိုင်ငံတော် အကြီးအကဲက လူငယ်များအပါအဝင် ပြည်သူများလက်လှမ်းမီစွာ စာပေလေ့လာ ဖတ်ရှုနိုင်ရေး စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်သူများ စာပေဖတ်ရှု ရေးတိုက်တွန်းအားပေးလျက်ရှိသည်။ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ် ရှိန်မြှင့်တင်ရေးကို နေပြည်တော် ကောင်စီနယ်မြေ အပါအဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်လျက်ရှိသည်။ အတန်းပညာအပြင် အသိပညာများရရှိစေရေးအတွက် ကျောင်းစာကြည့် တိုက်များက အထောက်အကူပြုမည် ဖြစ်သည်။ ပညာရှာရမည့်အရွယ်တွင် ပညာရှာဖွေကြခြင်းမှာ  မှန်ကန်သည့် လုပ်ဆောင်ချက် ဖြစ်သည်။ ပညာသင်ယူသည့် နေရာတွင်လည်း စာပေဘာသာရပ် တစ်ခုတည်းကို တတ်မြောက်ထူးချွန်ရုံသာမဟုတ်ဘဲ ပြင်ပစာအုပ်စာပေများကို ဖတ်ရှုခြင်းဖြင့် ဖြန့်ကြက် တွေးခေါ်မြော်မြင်နိုင်မှုရှိအောင် ကြိုးစားကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် လူငယ် ဆိုသည်မှာ ဉာဏ်ရည်ထက်မြက်သည့်အရွယ်ဖြစ်သည့်အတွက် ပညာရှာဖွေမှုတွင် ဝီရိယစိုက် ထုတ်စု ဆောင်းခြင်းဖြင့် မိမိတို့ဘဝကိုပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေ သည်။    ။