နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန်

နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန်

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇွန် ၁၁ ရက်)

နိုင်ငံသားတိုင်း၏ မွေးရာပါတာဝန်သည်   မိမိနိုင်ငံကို မိမိတို့ကာကွယ်ရေးပင်ဖြစ်သည်။   နိုင်ငံတော် ဆိုသည်မှာ သတ်မှတ်ထားသော ပိုင်နက်နယ်မြေပေါ်တွင် အတည်တကျနေထိုင်ကြသော ပြည်သူများ ရှိနေခြင်း၊ ပြည်သူများက အစဉ်အလာဓလေ့ထုံးတမ်း၊ ဥပဒေများအရ ပေါင်းစည်းနေထိုင်ခြင်း၊ ထိုသို့ ပေါင်းစည်းနေထိုင်ခြင်းကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးသည့် အချုပ်အခြာအာဏာပိုင် အစိုးရတစ်ရပ်ရှိနေခြင်း၊ ထိုအစိုးရ အဖွဲ့အစည်း၏ အောက်တွင် ရပ်တည်နေထိုင်သော လူမှုအဖွဲ့ အစည်းတစ်ရပ်ရှိနေခြင်း၊ ထိုနိုင်ငံတည်ရှိမှုကို နိုင်ငံတကာက အသိအမှတ်ပြုခြင်းတို့ ဖြစ်သည်။ နိုင်ငံတော်ဟူ၍ သတ်မှတ်နိုင်သည့် လိုအပ်သောအင်္ဂါရပ်လက္ခဏာ ငါးရပ်ရှိပြီး ယင်းတို့မှာ မှီတင်း နေထိုင်သည့် လူဦးရေ၊ ပိုင်နက်နယ်မြေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း သို့မဟုတ် အစိုးရ၊ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနှင့် နိုင်ငံတကာ အသိအမှတ်ပြုမှုတို့ ဖြစ်ကြသည်။

နိုင်ငံတစ်ခုတွင် ပြည်သူလူထုရှိနေသော်လည်း သတ်မှတ်ထားသော ပိုင်နက်နယ်မြေဟူ၍ မရှိပါက နိုင်ငံတော်ကို မည်သို့မျှ တည်ဆောက်နိုင်မည် မဟုတ်ပါ။ သတ်မှတ်ထားသော ပိုင်နက်နယ်မြေ တည်ရှိစေရေးအတွက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်မည့်သူများ လိုအပ်ပါသည်။ လူသား ဆိုသည်မှာ အသက်အရွယ် အပိုင်းအခြားအရ ပြောင်းလဲနေမည်ဖြစ်သော်လည်း နိုင်ငံတော်ဆိုသည့် ပိုင်နက် နယ်နိမိတ်မှာမူ အမြဲတမ်း တည်တံ့နေမည် ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ် အဆက်ဆက်တို့က မိမိနိုင်ငံကို မိမိတို့ကာကွယ်ရမည်မှာ မွေးရာပါ တာဝန်ဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်နေထိုင်သည့် နိုင်ငံဖြစ်သည့်အတွက် တစည်း တလုံးတည်းရှိသော တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် မရှိမဖြစ် လိုအပ်လှသည်။  တိုင်းရင်းသား စည်းလုံးညီညွတ်မှုမရှိပါက အကွဲကွဲအပြားပြားဖြစ်နေပြီး နိုင်ငံတော်သည် ပြိုကွဲသွားနိုင်ပါသည်။ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို တပ်မတော်သားတို့၏ အမျိုးသားနိုင်ငံရေး တာဝန်အဖြစ် သတ်မှတ်ထားသကဲ့ သို့ ပြည်သူများအနေဖြင့်လည်း အဆိုပါ ဒို့တာဝန်အရေးသုံးပါးကို အလေးအနက်ထားကာ ပြည်ထောင်စု စိတ်ဓာတ်ကို မွေးမြူကြရမည်ဖြစ်သည်။ သို့မှသာ နိုင်ငံတော်သည်တည်တံ့ခိုင်မြဲပြီး  ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံဟူ၍ အစဉ်အမြဲ ခိုင်မာနေမည် ဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ကိုကျရာနေရာမှ ထမ်းဆောင်ရန်အတွက် တပ်မတော်သို့ ဝင်ရောက် လာကြသူများသည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်မှမပါဘဲ မိမိတို့၏ ကိုယ်ပိုင် ဆန္ဒ သဘောထားများဖြင့် တပ်မတော်သို့ဝင်ရောက်ကာ စစ်မှုထမ်းနေကြသူများ ဖြစ်သည်။ အဆိုပါ တပ်မတော်သားတို့၏ စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းလိုက်နာမှု၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု တို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူ၍ တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။ နိုင်ငံတကာတွင် ဖြစ်ပျက်နေသော အတွေ့အကြုံများအရ မျက်မှောက်ခေတ် စစ်ပွဲအသွင်သဏ္ဌာန်မှာ ဘက်စုံစစ်ပွဲ အသွင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ အထူးသဖြင့် အင်အားကြီးနိုင်ငံများက အင်အားနည်းသည့် နိုင်ငံများအပေါ် ဘက်စုံစစ်ပွဲ အသွင်ဆင်နွှဲလျက်ရှိသည်။

ဘက်စုံစစ်ပွဲ အသွင်ဆိုသည်မှာ နိုင်ငံရေးနည်း၊ စီးပွားရေးနည်း၊ လူမှုရေးနည်း၊ သဘောတရားရေးနည်း၊ ဝါဒဖြန့်ချိရေးနည်း၊ သံတမန်နည်းနှင့် စစ်ရေးနည်းတို့ ဖြစ်သည်။ ဘက်စုံစစ်ပွဲ အသွင်သဏ္ဌာန်ဖြစ်ပေါ် လာသည့်အတွက် တိုင်းရင်းသားအားလုံး သို့မဟုတ် နိုင်ငံအတွင်း မှီတင်းနေထိုင်သူအားလုံးက အသိ၊ သတိရှိနေကြရမည်ဖြစ်သည်။ ထိုသို့  အသိ၊ သတိရှိနေရန်အတွက် စစ်ပညာသင်ကြားရန်နှင့်  နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် လိုအပ်လာနေပြီ ဖြစ်သည်။ အရွယ်ရောက်သူ မှန်သမျှ နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည် စစ်မှုထမ်းဆောင်ရမည်ဖြစ်ကြောင်း လွတ်လပ်ရေးမရမီကတည်းက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပြောကြားထားပြီး ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့ စစ်မှုထမ်း ဥပဒေစတင် အာဏာသက်ဝင်ကြောင်း ကြေညာခဲ့သည်။ ဥပဒေသတ်မှတ် ကြေညာလိုက်သည့် အခါမှာ နိုင်ငံတော်အတွက် သဘောထား မမှန်သူများက အဆိုပါဥပဒေနှင့်ပတ်သက်၍ လိုလားဟန် မပြကြ သော်လည်း တိုင်းပြည်ချစ်သူ လူငယ်လူရွယ်များအနေဖြင့် အထူးပင် နှစ်ခြိုက်သဘောကျခဲ့ကြသည်။ ထိုသို့ နှစ်ခြိုက်သဘောကျကြောင်း သက်သေအဖြစ် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁)နှင့် အမှတ်စဉ် (၂) သင်တန်းများဖွင့်လှစ်ရာတွင် ကိုယ်တိုင်ဆန္ဒပြုသူများ များပြားနေခြင်းနှင့် ပြုံးပျော်ရွှင်ပျ သောသူတို့၏ မျက်နှာထားများက ဖော်ပြလျက်ရှိသည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာ တို့လူငယ်များ၏ အဓိကတာဝန်ဖြစ်ကြောင်းကို သူတို့နားလည် သိမြင်ကြပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၏ တည်နေရာပထဝီအနေအထားအရလည်းကောင်း၊ ကမ္ဘာ့အခြေအနေများအရသော်လည်း ကောင်း မိမိတို့နိုင်ငံကို မိမိတို့ကာကွယ်ရမည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိနေပြီဖြစ်သည့်အတွက် စစ်ပညာသင်ကြားရန် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် နိုင်ငံတော်အစိုးရက ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်းပေးထားသကဲ့သို့   လူငယ်များအနေဖြင့်လည်း ထိုတာဝန်များကို ကြည်ဖြူကျေနပ်စွာ ထမ်းဆောင်လျက်ရှိသည်မှာ အနာဂတ် နိုင်ငံတော်အတွက် ဝမ်းမြောက် ဂုဏ်ယူဖွယ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။