အောင်မြင်မှုကိုဂုဏ်ပြု ရှုံးနိမ့်မှုကိုနှစ်သိမ့်

အောင်မြင်မှုကိုဂုဏ်ပြု ရှုံးနိမ့်မှုကိုနှစ်သိမ့်

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇွန် ၁၂ ရက်)

ပညာတတ်များပေါကြွယ်ခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် များစွာသော အထောက်အကူ ဖြစ်စေ သည်။ တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေးအတွက် အခြေခံမှာကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားတတ်မြောက်ရေး ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက် ရှိသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော ဒွါဒသမတန်း (တက္ကသိုလ်ဝင်)စာမေးပွဲ စတင်ကျင်းပပေးသည့် ပညာသင်နှစ် ဖြစ်သည်။

၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း၊  တစ်ရက် တည်းဖြင့် အပြီးထုတ်ပြန် ကြေညာသွားမည်ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ စာစစ်ဌာနများ၏ အောင်စာရင်းများကို ဇွန်လ ၁၁ ရက် နံနက် ၆ နာရီတွင် မြန်မာ့ အသံ(ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ စတင်ထုတ်လွှင့် ကြေညာပေးခဲ့သည်။ ထို့အတူ သက်ဆိုင်ရာ ကျောင်းများအလိုက် အောင်စာရင်းများကို နံနက် ၄ နာရီမှစတင်ကာ ကြေညာ သင်ပုန်းများ တွင် ဖော်ပြထားသည်။ အခြေခံပညာအဆင့်တွင် အဆင့်မြင့်ဆုံးဖြစ်သော တက္ကသိုလ်ဝင်စာမေးပွဲသည် အခြေခံပညာမှ အဆင့်မြင့်ပညာသို့ ဆက်လက်သင်ကြားနိုင်ရေးအတွက် စတင်တာထွက်ရမည့် ဆုံမှတ် လည်းဖြစ်သည်။

တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူတို့ ဝမ်းသာပျော်ရွှင်ကြသကဲ့သို့ ဤနှစ်တွင်မအောင်မြင်သူများ အနေဖြင့်လည်း စိတ်ပျက်အားငယ်ခြင်းမရှိဘဲ ယုံကြည်မှုအပြည့်ဖြင့် ဆက်လက်ကြိုးစားကြရမည် ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြဋ္ဌာန်းကျင့်သုံးနေသော ပညာရေးစနစ်မှာ လူတိုင်းလက်လှမ်း မီသည့်ဘက်စုံပညာရေးစနစ် ဖြစ်သည်။ Grade 9 ပြီးမြောက်သည်နှင့် ရွေးချယ်သင်ကြားနိုင်သည့် နည်းလမ်းလေးသွယ်ကိုလည်း သတ်မှတ်ပေးထားပြီး ဖြစ်သည်။ မည်သည့်လမ်းကြောင်းကို လျှောက် လှမ်းသင်ကြားသည်ဖြစ်စေ ကျောင်းသား၊ ကျောင်းသူတိုင်းမှာ ဇွဲ၊ လုံ့လ၊ ဝီရိယဟူသော ကြိုးစား အားထုတ်မှု ရှိနေကြရမည် ဖြစ်သည်။

ကျောင်းမှန်မှန်တက် စာမခက်ဆိုသည့်အတိုင်း ကျောင်းသား၊ ကျောင်းသူတိုင်းက နေ့စဉ်ကျောင်း ကိုမှန်မှန်တက်ကာ ဆရာ၊ ဆရာမများသင်ကြားပို့ချသည့်အတိုင်း ကြိုးစားသင်ယူကြမည်ဆိုပါက စာမေးပွဲဆိုသော မှတ်တိုင်တစ်ခုကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။ စာသင်ရမည့်အရွယ်တွင် စာကို ကြိုးစားသင်ယူခြင်းဖြင့် မိမိတို့၏ ဘဝတိုးတက်မြင့်မားအောင် ကြိုးစားကြရမည်ဖြစ်သည်။ ကျောင်းသား၊ ကျောင်းသူတိုင်းတွင် ရည်မှန်းချက်ကိုယ်စီထားရှိကြပေရာ မိမိတို့ရည်မှန်းချက်သို့ ပေါက်မြောက် အောင်မြင်ရေးမှာ မိမိတို့ကိုယ်တိုင် ကြိုးစားခြင်းသာ ဖြစ်သည်။

မိဘတိုင်းက မိမိတို့၏ သားသမီးများအား ပညာရေးတွင် ထူးချွန်ထက်မြက်စေချင်ကြသည်။ မိမိသား သမီး၏ ပညာရေးကို အားမပေးသော မိဘဆိုသည်မှာ လွန်စွာရှားပေလိမ့်မည်။ အတွေးအခေါ်အယူအဆ လွဲမှားမှုကြောင့်သာ ရှိနိုင်သော်လည်း ၂၀၂၄-၂၀၂၅ ကျောင်းအပ်နှံစာရင်းများအရ ကျောင်းအပ်နှံမှု၊ တက်ရောက်မှု အရေအတွက်မှာ များပြားလာနေသည်။ မိဘတိုင်းသည် မိမိတို့သားသမီးကို ပညာ တတ်မြောက်စေချင်ကြသည်။ ပညာတတ်မှလူရာဝင်ဆိုစကားကဲ့သို့ အတန်းပညာတတ်မြောက်မှ အသိပညာရှိမည်။ အတန်းပညာ၊ အသိပညာရှိမှ  လူရာဝင်နိုင်မည်။  ကျောင်းသားအရွယ်လွန်မြောက်၍ လုပ်ငန်းခွင်ရောက်ရှိသည့်အခါ မိမိတို့၏ အရည်အချင်းအလိုက် နိုင်ငံ့တာဝန်များကို ထမ်းဆောင် ရခြင်းဖြစ်၍ အတန်းပညာကိုပြီးဆုံးအောင် သင်ကြား တတ်မြောက်ကြရမည်သာ ဖြစ်သည်။

ဇွန်လ ၁၁ ရက်နေ့တွင်ထွက်ရှိသော တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းအရ စာမေးပွဲဝင်ရောက်ဖြေ ဆိုသူ ကျောင်းသား၊ ကျောင်းသူအရေအတွက်မှာ ၁၂၈၈၂၀ ဦးဖြစ်ပြီး အောင်မြင်ကြသည့် အရေ အတွက်မှာ ၇၄၅၉၂ ဦးဖြစ်သည်။ တစ်နိုင်ငံလုံး အောင်မြင်မှုရာခိုင်နှုန်းမှာ ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း ဖြစ်သည်။ အဆိုပါ အောင်ချက်ရာခိုင်နှုန်းကိုကြည့်ခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားအားထုတ်မှု မြင့်မားကြောင်း သိရှိနိုင်သည်။ ကျောင်းသား၊ ကျောင်းသူတစ်ဦးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်လိုက်ခြင်းမှာ ဘဝတိုးတက်မှုအတွက် ကောင်းသော ဆုလာဘ်ဖြစ် သည်။

တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများအတွက် တပ်မတော်ရှိ တက္ကသိုလ်များသို့လည်းကောင်း၊ အခြားသော ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ်များသို့လည်းကောင်း မိမိတို့ ရွေးချယ်တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ အသီးတစ်ရာအညှာတစ်ခုဆိုသည့်အတိုင်း တက္ကသိုလ်ဝင်တန်းဟူသော အခြေခံပညာ အညှာတစ်ခုမှ အောင်မြင်သူတို့အတွက် ရွေးချယ်ရန် လမ်းပေါင်း မြောက်မြားစွာ ပိုင်ဆိုင်ထားပြီဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက် သည်နှင့် အောင်မြင်ကြသူများအနေဖြင့် လွန်စွာပျော်မြူးခြင်း မဖြစ်သင့်သလို ရှုံးနိမ့်သူများအနေဖြင့် လည်း လွန်စွာပူဆွေးသောက မဖြစ်သင့်ပေ။ ဆိုလိုသည်မှာ အပျော်လွန်ကျူးက အန္တရာယ်နှင့် ရင်ဆိုင် နိုင်သလို ပူဆွေးသောကဖြစ်နေပါကလည်း  အန္တရာယ်နှင့်ကြုံတွေ့နိုင်သည်။ ဤသည်ကို မိဘ၊ ဆရာနှင့် ကျောင်းသား၊ ကျောင်းသူများ သတိပြုကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများကို ဂုဏ်ပြုပါကြောင်းနှင့် အောင်မြင်မှုလမ်းကြောင်းလွဲနေသူ များကိုလည်း ဆက်လက်ကြိုးစားကြပါရန် နှစ်သိမ့်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။