နိုင်ငံ့စီးပွားအလေးထား ကူးလူးဆက်သွယ်လွယ်ကူသွား

နိုင်ငံ့စီးပွားအလေးထား ကူးလူးဆက်သွယ်လွယ်ကူသွား

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇွန် ၁၃ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို ဦးဆောင်လျက်ရှိရာတွင် ဘက်စုံထောင့်စုံ ကဏ္ဍစုံတွင် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၈ ရက်နေ့တွင်  ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)   ဖွင့်ပေးလိုက်ခြင်းမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ အဆိုပါတံတားကြီးဖွင့်လှစ်ပေးနိုင်သည့်အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝသာမက အလုပ်အကိုင် အခွင့်အလမ်းများလည်း ပွင့်လန်း လာခဲ့သည်။ အရှေ့အနောက်စီးပွား ရေးစင်္ကြံလမ်းမကြီးကိုအသုံးပြုပြီး ဘားအံနှင့်မြဝတီမြို့များအထိ ဆက်စပ်သွားလာနိုင်သည်။ မွန်ပြည်နယ် နှင့်ကရင်ပြည်နယ်တို့၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက် အကူပြုမည်ဖြစ်သည်။ ထို့အတူ ဒေသတွင်း နိုင်ငံများနှင့်ပါ ဆက်သွယ်မှု ပိုမိုဖွံ့ဖြိုးလာမည် ဖြစ်သည်။

အဆိုပါ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ဖွင့်ပွဲအခမ်းအနား ပြီးဆုံးချိန်မှစ၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ ခွင့်ပြုပေးခဲ့သည်။ သန်လျင်မြို့သို့ အသွားအပြန်ပြုလုပ်လျက် ရှိသည့် မော်တော်ယာဉ်များမှာ အဆိုပါတံတားအသစ်ကြီးပေါ်မှ စည်ကားများပြားစွာ ဖြတ်သန်း မောင်းနှင်လျက်ရှိသည်။ တံတားကြီး အသုံးပြုခများကို ဇွန်လ ၈ ရက်မှ ၁၅ ရက်နေ့အထိ အခမဲ့ဖြတ်သန်းခွင့် ပြုပေးထားသည်။ ဇွန်လ ၁၆ ရက်မှစတင်ကာ တံတားဖြတ်သန်းခများကို မော်တော်ယာဉ် အမျိုးအစားများအလိုက် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)ကို ဖွင့်လှစ်ပေးနိုင်ခြင်းကြောင့် သန်လျင်တံတား အမှတ်-၁ တွင်ဖြစ်ပေါ်လျက်ရှိသည့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးနိုင်ပြီ ဖြစ်သည်။ ထို့ပြင် သီလဝါ အထူးစီးပွားရေးဇုန်ကို အကြောင်းပြု၍ ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းများ တိုးပွားလာမှု ကြောင့် ရန်ကုန်မြို့အပါအဝင် ရန်ကုန်တောင်ပိုင်း ခရိုင်မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်လာမည်ဖြစ်သည်။ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ကို စတင်ဖွင့်လှစ်သည့်နေ့မှာပင် တံတားကြီးပေါ်မှ ကားအစီးရေ ၁၂၉၈၈ စီးဖြတ်သန်း မောင်းနှင်ခဲ့သည်။ ယာဉ်ကြောပိတ်ဆို့နေမှုကို လျှော့ချနိုင်ပြီး ကုန်စည်စီးဆင်းမှု မြန်ဆန် လာမည်ဖြစ်သည့် အတွက် ပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်သည်။ တံတားကြီး တည်ဆောက်ထားပုံမှာ ထူးခြားလှသည့်အတွက် မြင်သူတိုင်း အံ့သြ မဆုံးဖြစ်ကြရသည်။

အဆိုပါ တံတားကြီးစီမံကိန်းမှာ ၂၀၁၃ ခုနှစ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင်နိုင်ငံရေး အခြေအနေကြောင့် တည်ဆောက်ရေးလုပ်ငန်းများ တုံ့ဆိုင်းသွားခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ စွမ်းဆောင်ချက်နှင့် နိုင်ငံ့ကောင်းကျိုးသယ်ပိုးနေမှုများကြောင့် တံတားကြီး တည်ဆောက် ရေးလုပ်ငန်းများ ကိုပြန်လည်စတင်နိုင်ခဲ့သည်။ ရန်ပုံငွေသုံးစွဲမှု လိုအပ်ချက်များ ဖြစ်ပေါ်လာသည့် အတွက်လည်း နိုင်ငံတော်မှကျပ် ၄၆ ဘီလီယံကျော် ထည့်ဝင်ပေးခဲ့သည့်အတွက် တံတားကြီး တည်ဆောက်မှုများ အောင်မြင်ပြီးမြောက် ခဲ့သည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူတို့ လက်တွဲဆောင်ရွက်သည့် အောင်ပွဲတစ်ခုဟုလည်း ဆိုနိုင်သည်။

အဆိုပါတံတားကြီးမှာစုစုပေါင်း ၈၆၃၈ ပေရှည်လျားပြီး တံတားအကျယ် ၇၅ ပေ လေးလမ်းသွားဖြစ် သည်။ တံတားကြီး၏ တစ်ဖက်စီတွင် Safe Zone  ၅ ပေစီပါရှိသည်။ ရေလမ်းကင်းလွတ်အမြင့်မှာ ၄၃ ပေရှိပြီး ရေလမ်းကင်းလွတ်အကျယ်မှာ ၇၃၅ ပေဖြစ်သည်။ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်သည်။ တံတားကြီး၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်သည်။ ပဲခူးမြစ်ကူးတံတား(သန်လျင်တံတားအမှတ်-၃)၏ အခြားတံတား များနှင့်မတူသည့် အချက်မှာ ရန်ကုန်မြို့၏ အထင်ကရအမှတ်အသား (Landmark) ဖြစ်စေရန်အတွက် သံမဏိကြိုးဆိုင်း တံတား(Cable Stayed Bridge) ဖြင့်ခိုင်ခံ့လှပထည်ဝါစွာ တည်ဆောက်ပေး ထားခြင်းဖြစ်သည်။

ယခုဆိုလျှင် သန်လျင်တံတားအမှတ်-၃ ပေါ်မှ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖြတ်သန်း သွားလာနေသည့် မြင်ကွင်းများကိုလည်း  တွေ့မြင်နေကြရပြီ ဖြစ်သည်။ သန်လျင်တံတားအမှတ်-၁ မှာ တစ်လမ်းသွားဖြစ်သည့်အတွက် ယာဉ်သွားလာမှုများပြီး နံနက်ပိုင်းနှင့်ညနေပိုင်းတို့တွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ခဲ့သည်။ သန်လျင်တံတားအမှတ်-၃ ကိုဖွင့်လှစ်ပြီးသည့်နောက်တွင် ယာဉ်ကြော ပိတ်ဆို့မှုအခက်အခဲများ ကင်းစင်သွားပြီဖြစ်သည်။ တံတားဝန်ဆောင်မှု ကောက်ခံရာတွင် QR Code System အသုံးပြု၍ Mobile Pay ဖြင့် ဖြစ်စေ၊ ငွေသားဖြင့်ဖြစ်စေ ကောက်ခံသွားမည် ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်  လမ်းပန်းဆက်သွယ်မှု ကောင်းမွန်လာရေးအတွက် ပထဝီအနေအထားအရ သဘာဝ အတားအဆီးဖြစ်သည့်နေရာများတွင် တံတားများတည်ဆောက်ပေးခြင်း၊ လမ်းများကို ရာသီမရွေး သွားလာနိုင်အောင် ဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက် ရှိရာ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) ဖွင့်လှစ်ပေးနိုင်ခြင်းမှာလည်း နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် များစွာသော ကောင်းကျိုးစီးပွား ပေါ်ပေါက်လာတော့မည်ဖြစ်ပါကြောင်း သန်လျင် တံတားအမှတ်-၃ ဖွင့်လှစ်ခြင်းကို ဂုဏ်ပြုကြိုဆိုရေးသားလိုက်ရပေသည်။   ။