အဆောင်အယောင် မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်း

 

အဆောင်အယောင် မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်း

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇွန် ၁၄ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန်လ ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင် မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်း မင်္ဂလာအခမ်းအနားသို့ တက်ရောက်၍ အဆောင်အယောင်ယာဉ်များကို ဆက်ကပ်အပ်နှံခဲ့သည်။ အဆိုပါအခမ်းအနားတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က”နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အနေဖြင့် သာသနာတော်သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးအတွက် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကို  ဦးဆောင်တာဝန်ယူ ဆောင်ရွက်နေသည့်ကာလတွင်  သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် သာသနာ့တာဝန်များကို စိတ်လက်ပေါ့ပါးစွာဖြင့် လွယ်ကူလျင်မြန်စွာ ထမ်းဆောင်တော်မူနိုင်ကြပါစေရန် ရည်သန်လျက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက မဟာနာယက ဆရာတော်ကြီးများထံ နိုင်ငံတော် အဆင့်မော်တော်ယာဉ်များကို ဆက်ကပ်အပ်နှံ သွားမည်ဖြစ်ပါကြောင်းနှင့် မဟာနာယက ဆရာတော်ကြီးများ ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာဖြင့် ဗုဒ္ဓမြတ်စွာ သာသနာတော်မြတ်ကြီး၏ အကျိုးကို အစဉ်သယ်ပိုး ထမ်းဆောင်နိုင်တော် မူကြပါစေကြောင်း” လျှောက်ထားတင်ပြခဲ့သည်။

မြန်မာနိုင်ငံ၌ ကာလဒေသဌာန အားလျော်စွာ  ၁၉၈၀ ပြည့်နှစ် မေလတွင် ထေရဝါဒဗုဒ္ဓသာသနာ သံဃာ့ဂိုဏ်းကြီး ၉ ဂိုဏ်းတို့ အယူသီလတူမျှစွာ ညီညွတ်မှုရရှိပြီး ပထမအကြိမ်ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ကျင်းပနိုင်ခဲ့သည်။  ထိုအစည်းအဝေးကြီးမှ   သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပြီး သာသနာတော် သန့်ရှင်းရေး၊ တည်တံ့ရေး၊ ပြန့်ပွားရေးတို့ကို ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တွင် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးသည် အဆင့်မြင့်ဆုံးသော သံဃာ့အဖွဲ့အစည်းအဖြစ် ရပ်တည်လျက်ရှိပြီး  ရဟန်းရှင်လူပြည်သူပြည်သားတို့၏ အားကိုးအားထား ပြုရာသာမက အတိုင်းတိုင်းအပြည်ပြည်ကပင် လေးလေးစားစား အသိအမှတ်ပြုခြင်းကို ခံယူရသည့်အဖွဲ့အစည်းကြီးဖြစ်သည်။

မြတ်စွာဘုရားရှင်က ပုဂ္ဂိုလ်လေးမျိုးတို့ကို ဟောကြားခဲ့ရာတွင်   (၁)မိမိအကျိုးစီးပွား အလို့ငှာသာကျင့်၍ သူတစ်ပါးအကျိုးစီးပွား အလို့ငှာ မကျင့်သောပုဂ္ဂိုလ်၊ (၂)သူတစ်ပါးအကျိုးစီးပွား အလို့ငှာသာကျင့်၍ မိမိအကျိုး စီးပွားအလို့ငှာ မကျင့်သောပုဂ္ဂိုလ်၊ (၃)မိမိအကျိုးစီးပွား အလို့ငှာလည်းမကျင့် သူတစ်ပါးအကျိုးစီးပွား အလို့ငှာလည်း မကျင့်သောပုဂ္ဂိုလ်၊  (၄)မိမိအကျိုးစီးပွား အလို့ငှာလည်းကျင့်၍ သူတစ်ပါးအကျိုးစီးပွား အလို့ငှာလည်းကျင့်သော ပုဂ္ဂိုလ်ဟူ၍ ဟောကြားတော်မူပါသည်။ ယခုကာလ၌ စာပေပရိယတ္တိတို့ကိုလည်း တတ်သိအောင် သင်ကြားပြီးနောက် သာသနာတော်ကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြမည့် ရဟန်းသာမဏေများကို စာပေသင်ကြားပို့ချခြင်း၊ ရဟန်းရှင်လူတို့အား စစ်မှန်သောသာသနာကို သိရှိနားလည်အောင် တရားတော်များကို ဟောကြားခြင်း၊  သာသနာတော်၏ အနှစ်ဖြစ်သောအကျင့်မှန်ကို  ကျင့်သုံးဆောက်တည်နိုင်အောင် ရဟန်းရှင်လူတို့အား သင်ကြားပြသမှုရှိခြင်း၊ ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး စည်ပင်ပြန့်ပွား ထွန်းကားအောင်  သာသနာပြု လုပ်ငန်းများကို  ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြုလုပ်အားထုတ်ခြင်းတို့မှာ စတုတ္ထပုဂ္ဂိုလ် အမျိုးအစားတွင် ပါဝင်ပါသည်။ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကြီးသည် သဗ္ဗညုဘုရားရှင် ဟောညွှန်တော်မူခဲ့သည့် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓဟုဆိုအပ်သော သာသနာတော်သုံးရပ်၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်း ထမ်းဆောင်တော်မူကြသည့် သံဃာတော်အားလုံးကို ဦးဆောင်နေရသဖြင့် နိုင်ငံတော်၏ ဗုဒ္ဓသာသနာတော် အတွက် တာဝန်ကြီးမားစွာဖြင့် ဦးဆောင်နေရသည့် သံဃာ့အဖွဲ့အစည်းကြီးဖြစ်သည်။

သံဃာ့အဖွဲ့အစည်းကြီးသည် ဘုရားရှင်လက်ထက်တော်မှသည် ယနေ့တိုင်အောင် အယူသီလတူမျှကြကာ စည်းမျဉ်းစည်းကမ်း တစ်ခုတည်းအတွင်းတွင် တည်ရှိနေသည့် အဖွဲ့အစည်းကြီးဖြစ်သည်။ သက်တမ်းရှည်ကြာ စည်းတာပြည့်၀ သိပ်သည်းကျစ်လျစ်လှသည့် အဖွဲ့အစည်းကြီး တစ်ရပ်ဖြစ်ပြီး ကမ္ဘာပေါ်ရှိမည်သည့် အဖွဲ့အစည်းနှင့်မျှ နှိုင်းယှဉ်မရသည့်မြင့်မြတ်လှသော အဖွဲ့အစည်းကြီးဖြစ်သည်။ သံဃာထုတစ်ရပ်လုံးသည် သီလသမာဓိ ပညာသိက္ခာသုံးရပ် အကျင့်မြတ်ကို ခိုင်မာသည်ထက်ခိုင်မာအောင် မြင့်မားသည်ထက် မြင့်မားအောင် အားစိုက်ကျင့်ဆောင်သည့်အနေဖြင့် ဓုရနှစ်ဖြာတာဝန် အသီးသီးကျေပွန်ရင်းနှင့် သာသနာတော်ဆိုင်ရာ ကိစ္စရပ်များကို ထမ်းဆောင်လျက်ရှိသည်မှာ လွန်စွာကြည်ညိုဖွယ်ကောင်းလှပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ထေရဝါဒဗုဒ္ဓ သာသနာတော်မြတ်ကြီး ထွန်းလင်းဝေစည်လျက် ရှိနေသည်မှာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကြီး၏ ဦးဆောင်မှုနှင့်အတူ သာသနာ့ဝန်ထမ်းရှင်ရဟန်းများနှင့် သာသနာနွယ်ဝင်သီလရှင် ဆရာကြီးများက မိမိတို့စွမ်းဆောင်နိုင်သည့် စွမ်းအားအလျောက် ဓုရနှစ်ဖြာ သာသနာကိုဆောင်ရွက်တော် မူလျက်ရှိကြပြီး နိုင်ငံတော်အစိုးရနှင့် စေတနာရှင်ပြည်သူများကလည်း ပစ္စည်းလေးပါးတို့ဖြင့် အားပေးထောက်ပံ့ လှူဒါန်းလျက်ရှိနေကြသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများထံ နိုင်ငံတော်အဆင့် အဆောင်အယောင် မော်တော်ယာဉ်များ ဆက်ကပ်အပ်နှံခြင်း မင်္ဂလာအခမ်းအနားမှာ ရဟန်းရှင်လူများ ပြည်သူတို့အတွက် ဝမ်းမြောက်နုမော်သာဓု ခေါ်ဆိုဖွယ်ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပေသည်။   ။