တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေး

 

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေး

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဇွန် ၁၆ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်  မြန်မာနိုင်ငံတွင် နိုင်ငံတကာ အဆင့်မီ ရောဂါကာကွယ် ထိန်းချုပ်ရေး၊ သုတေသန ပြုလုပ်ရေးနှင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေးဗဟိုဌာန တစ်ခုထူထောင်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံ ရောဂါကာကွယ် ထိန်းချုပ် ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်း (Myanmar National Center for Disease Control and  Medical Training Center)  ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၃ ရက် နံနက် ၉ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ အဆိုပါဗဟိုဌာနနှင့် သင်တန်းကျောင်း အဆောက်အအုံ၌  ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးက တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

လူတိုင်းတွင်တူညီသောဆန္ဒမှာ အနာရောဂါကင်းဝေး၍ ကျန်းကျန်းမာမာ အသက်ရှင်သန်နေထိုင်လိုခြင်းဖြစ်သည်။ “အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ပေရာ  အဆိုပါကျန်းမာခြင်း ဆုလာဘ်ကို လူတိုင်းတန်ဖိုးထားကြသည်။ ကျန်းမာရေး မကောင်းလျှင် မိမိတို့နေ့စဉ်လှုပ်ရှား ရုန်းကန်နေကြရသော စားဝတ်နေရေးအတွက် အခက်အခဲဖြစ်လာမည်။ ကျန်းမာရေးကောင်းမွန်ရေး အတွက် ရောဂါပျောက်ကင်းအောင် ကုသမှုခံယူကြရမည်ဖြစ်သည်။ ရောဂါကုသပေးနိုင်ရန်အတွက် ကျန်းမာရေး စောင့်ရှောက်ပေးမည့် ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဆိုင်ရာ သုတေသနပညာရှင်များ များပြားစွာရှိနေရန် လိုအပ်လှပေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်  “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင် ဆောင်ရွက်ရေး”  ကို ဦးတည်ချက်ချမှတ်ကာ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင်  ကျန်းမာရေးဝန်ကြီး ဌာနက ဆောင်ရွက်လျက်ရှိသော အခြေခံကျပြီး အရေးပါသည့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်မီစွာ  စွမ်းရည်ပြည့်ဝသော ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်နိုင်ကြရမည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံများတွင် သဘာဝဘေးအန္တရာယ်များ၊ ကပ်အသွင်ဖြစ်ပွားသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုတို့ကြောင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေကို ကြုံတွေ့ခဲ့ရသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ်  ဒီဇင်ဘာလမှ စတင်ခဲ့သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု၊  ၂၀၂၃ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကဲ့သို့ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုတို့ကြုံတွေ့ခဲ့ရသည်။ နိုင်ငံတော်အစိုးရ၏ ဦးဆောင်စီမံခန့်ခွဲမှု၊ ကျန်းမာရေး ဝန်ကြီးဌာနအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကြိုတင်ပြင်ဆင်ခြင်း၊ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ခြင်းများကြောင့် အောင်မြင်စွာစီမံ ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင်  ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များ၊   လူများရွှေ့ပြောင်းသွားလာ နေထိုင်မှုနှင့် ပြောင်းလဲလာသည့် လူနေမှုဘဝပုံစံကြောင့် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်ရောဂါများ အပါအဝင် ကူးစက် ရောဂါသစ်များ ပြန်လည်ဖြစ်ပွားခြင်းများကို ရင်ဆိုင်တွေ့ကြုံနေကြရသည်။ အဆိုပါပြဿနာများကို ရင်ဆိုင် ကျော်လွှားနိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ မည်သည့်ကိစ္စရပ်မဆို ကြိုတင်ပြင်ဆင် ကာကွယ်ဆောင်ရွက်ထားခြင်းသည် အကောင်းဆုံးဖြစ်ပေရာ ကြိုတင်ပြင်ဆင် ကာကွယ်မှုဖြင့် အနိုင်ယူကြရမည်ဖြစ်သည်။ ကျန်းမာရေး ပြဿနာများတွင်လည်း ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးများ ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်သည့်အခါ ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် စွမ်းဆောင် ရည်မြင့်မားရန်နှင့် ဆန်းသစ်သည့် နည်းပညာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရန် လိုအပ်သည်။

မြန်မာနိုင်ငံရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်းတွင် ကူးစက်လွယ်သော ရောဂါများဖြစ်သည့် လေနှင့်အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်တတ်သောရောဂါများ စစ်ဆေးနိုင်သည့် နိုင်ငံတကာအဆင့်မီ  ဇီဝလုံခြုံမှု အဆင့်(၃) ဓာတ်ခွဲခန်း၊ အသင့်အတင့် ကူးစက်နိုင်ခြေရှိသည့် ဗိုင်းရပ်နှင့် ဗက်တီးရီးယားများကို စစ်ဆေးနိုင်သော ဇီဝလုံခြုံမှုအဆင့် (၂) ဓာတ်ခွဲခန်းများ၊ ဓာတ်ခွဲခန်းမှ တစ်ဆင့်ကူးစက်နိုင်ခြေ နည်းပါးသည့် အစားအသောက်များတွင် ကူးစက်ရောဂါပိုး ပါဝင်မှု၊ မျိုးမပွားနိုင်သည့် ဗိုင်းရပ်အပိုင်းများ၊ ကပ်ပါးပိုးများ စစ်ဆေးနိုင်သည့် ဇီဝလုံခြုံမှုအဆင့်(၁) ဓာတ်ခွဲခန်းများနှင့် လူကိုအဆိပ်သင့်နိုင် သည့် ပတ်ဝန်းကျင်ရှိ ဓာတ်ပစ္စည်းများကို စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်း၊ ဓာတုအဆိပ်များကို စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်း၊ သွေး၊ သွေးရည်ကြည်နှင့်  မော်လီကျူး စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်း၊ electron microscopy ၊ gas နှင့် liquid  များကို စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းများ ပါရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရောဂါကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာနနှင့်   သင်တန်းကျောင်းကို ထူထောင်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးအဆင့်အတန်းကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းပြီး တိုးတက်အောင် ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။ ထို့ပြင်အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးပြဋ္ဌာန်းချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးလုံခြုံမှုဆိုင်ရာ အစီအမံများကိုလည်း ပိုမိုထိရောက်စွာ အကောင်အထည်ဖော် လာနိုင်တော့မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။