အမျိုးသားရေးစိတ်ဓာတ်နှင့်ဇာတိမာန်တိုးပွားရေး

ကမ္ဘာပေါ်တွင် အမျိုးသားရေး စိတ်ဓာတ်မရှိသောနိုင်ငံဟူ၍ တစ်နိုင်ငံမျှပင်ရှိမည်မဟုတ်ပါ။ နိုင်ငံတိုင်းသည် မိမိတို့၏လူမျိုး၊ ဘာသာတိုးတက်ကြီးပွားရေးကို လုပ်ဆောင်လျက်ရှိကြသည်မှာ ငြင်းဆိုဖွယ်မရှိသော အရှိတရားဖြစ်သည်။ မြန်မာတို့သည်လည်း အမျိုးကိုချစ်ပါ။ ဘာသာကိုလေးစားပါဟူသော ကြွေးကြော်သံ များဖြင့် ပြည်သူတစ်ရပ်လုံးကို လှုံ့ဆော်စည်းရုံးနိုင်ခဲ့၍ နယ်ချဲ့လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ် သည်။ ၁၉၀၆ ခုနှစ်တွင် အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကိုအခြေခံ၍ဖွဲ့စည်းတည်ထောင်ခဲ့သော ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) ကြောင့် မြန်မာလူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်လာခဲ့ကြ သည်။လွတ်လပ်ရေး ကြိုးပမ်းမှုကာလ၌ အသင်းကြီး၏ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး လိုလားချက်မှန်သမျှကို နယ်ချဲ့ အစိုးရထံ မဆိုင်းမတွတောင်းဆိုနိုင်ခဲ့သည်။

ယခုအခါ YMBA အသင်းကြီးသည် နှစ်ပေါင်း ၁၁၄ နှစ် သက်တမ်းရှိခဲ့ပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် နှစ်ရာ ကျော်ရှည်လျားတည်တံ့သော အသင်းအဖွဲ့မှာ ရှားပါးနေပြီဖြစ်သည်။ ဒီဇင်ဘာ ၉ ရက် (တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်) အမျိုးသားနေ့နှစ်တစ်ရာပြည့်တွင် YMBA အသင်းကြီးက အမျိုးသားနေ့နှင့်ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ပူဇော်ပေးအပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပခဲ့သည်။ ထိုအခမ်းအနားကို Video Conferencing ဖြင့် ကျင်းပခြင်းဖြစ်သည်။ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၊ သီတဂူဆရာတော်ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊  ရွာမ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တတိလောကာဘိဝံသ ဆရာတော်များထံ အဘိဓဇအဂ္ဂမဟာမင်္ဂလဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တိုင်းမှူးများက ဆက်ကပ်ကြ သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူ မင်းအောင်လှိုင်အား သတိုးသီရိအဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တော်ကို YMBA အသင်း ဥက္ကဋ္ဌဦးရဲထွန်းကချီးမြှင့်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကိုယ်စား)ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံက လက်ခံရယူခဲ့သည်။ YMBA အသင်းကြီး၏ ရာသက်ပန် နာယကကြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သတိုးသီရိအဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူ မင်းအောင်လှိုင်ကိုယ်စား ရေတပ်လေ့ကျင့်ရေးဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်ဌေးနိုင်က YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်း၊ တွဲဖက်ဥက္ကဋ္ဌ ဦးစိန်သန်းနှင့် ဂုဏ်ထူးဆောင်ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်တို့အား အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်များကို ပေးအပ်ချီးမြှင့်ကြသည်။

ဘွဲ့တံဆိပ်တော်များချီးမြှင့်အပြီးတွင် YMBA အသင်းကြီး၏ ရာသက်ပန်နာယကကြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဘွဲ့တံဆိပ်တော်များရရှိသည့် ဆရာတော်ကြီးများအား ဝမ်းမြောက်ကြောင်း လျှောက်ထားသည်။ ထိုသို့လျှောက်ထားရာတွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးသည် ၁၉၀၆ ခုနှစ်မှ စတင်သန္ဓေတည်ပေါက်ဖွားလာခဲ့သည့် အသင်းကြီးဖြစ်ပြီး ယနေ့ဆိုလျှင် နှစ်ပေါင်း ၁၁၄ နှစ်တိုင်ခဲ့ပြီဖြစ်ပါ ကြောင်း၊ ခေတ်များ၊ စနစ်များနှင့် ပြောင်းလဲခြင်းအဖုံဖုံတို့အကြား ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး သည် ယခုအချိန်အထိ ရေရှည်တည်တံ့ ခိုင်မြဲစွာရပ်တည်လျက်ရှိသည့် တစ်ခုတည်းသော အမျိုးသားရေး အသင်းကြီးပင်ဖြစ်ပါကြောင်း၊ အသင်းကြီး စတင်ဖွဲ့စည်းစဉ်ကတည်းက “အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကြီးပွားတိုးမြင့်ရေး”ဟု ရည်ရွယ်ချက်ထား သတ်မှတ်ခဲ့ပါကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာနှင့်ပညာ၌ အခြေခံ အကျဆုံးအချက်သည် နိုင်ငံသူ၊ နိုင်ငံသားများ ကြီးပွားတိုးတက်ရေးဖြစ်သကဲ့သို့ နိုင်ငံတော်၏ အခြားကဏ္ဍများ တိုးတက်စေရန် အခြေခံအကျဆုံးသည်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်ပါ ကြောင်း၊ ဘာသာ၊ သာသနာနှင့်ပတ်သက်၍လည်း အသင်းကြီး၏ ခံယူချက်အတိုင်း ကိုယ့်လူမျိုး၊ ကိုယ့်စာပေ၊ ကိုယ့်သာသနာကို မည်သူ့ကိုမျှ ထိခိုက်နစ်နာမှုမရှိဘဲ သမိုင်းစဉ်ဆက် အားပေးလျက်ရှိပါကြောင်း ထည့်သွင်း လျှောက်ထားခဲ့သည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)သည် မျက်မှောက်ခေတ်တွင် အခြားနိုင်ငံများနည်းတူ မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိပါသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်ဟူ၍ ဖော်ပြထားသကဲ့သို့ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာ သာသနာ များကို တတ်နိုင်သမျှကူညီစောင့်ရှောက်မည်ဟူ၍လည်း ဖော်ပြထားပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်စင်များ အနေဖြင့် မိမိတို့၏အမျိုးဘာသာ သာသနာတည်တံ့ရှည်ကြာစေရေးတွင် အမျိုးသားရေး စိတ်ဓာတ်နှင့် ဇာတိမာန်တိုးပွားရန် ထက်သန်စိတ်ဖြင့် ပါဝင်ကြိုးပမ်းကြပါရန် တိုက်တွန်းရေးသားလိုက်ရပေသည်။  ။