၀န်ထမ်းကားပါမစ်လျှောက်ထားခွင့်ပြုခြင်းကြောင့် မော်ဒယ်မြင့်ကားဈေးကွက် အရောင်းအဝယ်အေး

ရန်ကုန်၊ မော်တော်ယာဉ်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ဝန်ထမ်းကားပါမစ်လျှောက်ထားခွင့်ပြုထားခြင်းကြောင့် မော်ဒယ်မြင့် ကားဈေးကွက် အရောင်းအဝယ်အေးနေကြောင်း သိရသည်။

လက်ရှိတွင် ငွေကျပ် သိန်း၂၀၀ အောက်ကားများ အရောင်းအဝယ်ရှိသော်လည်း ငွေကျပ်သိန်း ၄၀၀ ဝန်းကျင် နှင့်အထက် မော်ဒယ်မြင့်ကားဈေးကွက်မှာ ပြောင်းလဲလာနိုင်ခြင်းကြောင့် စောင့်ကြည့်နေကြသဖြင့်  အရောင်း အဝယ်အေးနေခြင်းဖြစ်ကြောင်း သိရသည်။

“တကယ်လိုအပ်တဲ့ ငွေကျပ် သိန်း ၂၀၀ အောက်ကားတွေက အထိုက်အလျောက် အရောင်းအဝယ်ရှိတယ်။     အဓိကက ဝန်ထမ်းကားပါမစ် လျှောက်ထားခွင့်ပြုလိုက်တဲ့ အတွက်ကြောင့်ပါ။ ပြည်ပကနေ တင်သွင်းမယ် ဆိုရင် ဈေးကွက်မှာ ဈေးနှုန်းပြောင်းလဲတာတွေ၊ မူဝါဒပြောင်းလဲတာတွေဖြစ်လာနိုင်လို့ စောင့်ကြည့်နေကြပြီး မဝယ်ရဲကြဘူး” ဟု  မော်တော်ယာဉ်ဝယ်ရောင်းလုပ်ကိုင်သူ  ဦးမင်းမောင်ကပြောသည်။

လက်ရှိတွင် မော်တော်ယာဉ်အရောင်းစင်တာများနှင့် Show Room များ၌ ဝန်ထမ်းကားပါမစ်ဖြင့် ကားတင် သွင်းရန် စုံစမ်းမေးမြန်းမှုများရှိပြီး ဈေးကွက်၌ စိတ်ဝင်စားမှုမြင့်တက်နေကြောင်း သိရသည်။

“ကားတင်သွင်းဖို့ မေးမြန်းတာတွေရှိတယ်။ အရောင်းအဝယ်ကတော့ အေးတဲ့ထဲမှာပါတယ်” ဟု သင်္ဃန်း ကျွန်းမြို့နယ်ရှိ မော်တော်ယာဉ်အရောင်းစင်တာတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လက်ရှိဝန်ထမ်း ကားပါမစ်ဖြင့် တင်သွင်းရန် စိတ်ဝင်စားနေသောကားများမှာ ၂၀၁၈ မှ ၂၀၂၀ မော်ဒယ်များဖြစ်သည့် ငွေကျပ် သိန်း ၄၀၀ အထက်ကားများဖြစ်ကြသော Toyota Camry၊ Toyota Corolla၊ Toyota RAV-4၊ Honda Civic၊  Honda Accord၊ Ford Edge၊ Honda CR-V၊ Honda HR-V၊ Mitsubishi Eclipse Cross၊ Mitsubishi ASX၊  Ford Escape၊ Lexus RX350၊ Lexus RX300 နှင့် Range Rover Evoque ကားများကိုတင်သွင်းရန်  စိတ်ဝင်စားမှု ပိုများနေကြောင်း သိရသည်။

လက်ရှိ မော်တော်ယာဉ်ဈေးကွက်၌ လိုအပ်သူများက ဝယ်ယူမှုများရှိနေသောကြောင့် ဈေးကွက်ရပ်တန့်သွား ခြင်းမရှိဘဲ အနည်းငယ်သာ  အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ထို့ပြင် Kluger ၂၀၀၁ နှင့် ၂၀၀၂ မော်ဒယ်၊ Toyota Mark ၂၀၀၁ နှင့် ၂၀၀၂ မော်ဒယ်တို့သည် ဘယ်မောင်း အမြင့်ကားများ ဖြစ်ကြောင်းနှင့် အမေရိကန်ဒေါ်လာဈေး ကျဆင်းခြင်း၊ အခွန်လျှော့ပေါ့ပေးခြင်းများရှိ၍ ဈေးကျဆင်းသွားသောကြောင့် ညာမောင်းကားအမျိုးအစားများမှာ ဈေးအလွန်ကျဆင်းသွားကြောင်း မော်တော်ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူများထံမှ သိရသည်။                          

ကျော်ကို