မန္တလေးမြို့ရှိ ခုနစ်ရက်နှင့်အပြီးတည်ခဲ့သော သီပေါမင်း၏ကောင်းမှုတော်

မန္တလေး၊ သမိုင်းဝင်နေရာ

မဟာလောကရန်နှိမ်အောင်တော်မူစေတီတော် မန္တလေးမြို့သည် မြန်မာတို့၏နောက်ဆုံး မင်းနေပြည်တော် ဖြစ်ခဲ့သည့် အားလျော်စွာ လေ့လာစရာများစွာ တည်ရှိနေသည်။  ရှေးဟောင်းသမိုင်းဝင်အဆောက်အအုံများ စွာနှင့်အတူ သမိုင်းကြောင်းများမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ထိုအထဲတွင် သီပေါမင်း၏ ကောင်းမှု တော်ဖြစ်သည့် ခုနစ်ရက်နှင့်အပြီးတည်ခဲ့သော မဟာလောက ရန်နှိမ်အောင်တော်မူဘုရားလည်း ပါဝင်သည်။

ရတနာပုံဒုတိယ နန်းစံသီပေါမင်းကောင်းမှုတော် မဟာလောကရန်နှိမ် အောင်တော်မူဘုရားမှာ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ် အကွက် (၈၀၃) ပြည်ကြီးမျက်မှန်ရပ်ကွက် (၆၃) လမ်းနှင့် (၆၄) လမ်းကြား၊ (၂၉)လမ်းနှင့် လမ်း(၃၀)ကြားတွင် တည်ရှိပြီး စိတ်ဝင်စားဖွယ်ရာကောင်းသော စေတီတစ်ဆူပင်ဖြစ်သည်။

စေတီတော်မှာ ရတနာပုံခေတ်လက်ရာ မြေပေါက်စေတီတော် အမျိုးအစားဖြစ်သည်။ ကြေးသွန်းရုပ်ပွားတော် ကိန်းဝပ်စံပယ်လျက်ရှိပြီး တောင်ဘက်အာရုံခံတွင်လည်း ယိုးဒယားဟန်ရုပ်ပွားတော်ကြီးလည်း ကိန်းဝပ် စံပယ်လျက်ရှိသည်။ စေတီတော်၏ မူလပုံသဏ္ဌာန်မှာ ပစ္စယာဆင့်ခံမြေပေါက်စေတီဖြစ်ပြီး လေးထောင့် တွင်ခြင်္သေ့လေးကောင်ရံထားသည်။ လက်ရှိကာလတွင် အာရုံခံများမှာ တိုးချဲ့အဆောက်အအုံများဖြင့် တည်ရှိနေသည်။ မဟာလောကရန်နှိမ် အောင်တော်မူဘုရားကို ရတနာပုံမန္တလေးမြို့တည် မင်းတုန်းမင်း တရားကြီး၏ သားတော် ဒုတိယနန်းစံ သီပေါမင်းက သက္ကရာဇ် ၁၂၄၄ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်။ ဉာဏ်တော်ခုနစ်တောင်သာမြင့်ပြီး တိုင်တားမြို့စားဝန်ကြီးက ခုနစ်ရက်နှင့်အပြီး တည်ဆောက်ခဲ့သည်။

ဘုရား၏ ဘွဲ့တော်ကိုလည်း ပေါ်ပေါက်နေသော ရန်အမျိုးမျိုးကိုနှိမ်နင်းနိုင်ရန် လောကရန်နှိမ်ဟု သမုတ်ခဲ့ သည်။ အောင်တော်မူဘုရားဟုသာ လူသိများထင်ရှားသည်။ ထို့ပြင် အဆိုပါအောင်တော်မူဘုရား၏ အရှေ့ ဘက်တွင် ဂြိုဟ်ပြေနံပြေဘုရား၊ ဗောဓိပင်၊ တောင်ဘက်တွင် ဗျာဒိတ်ပေးရုပ်ပွားတော်၊ ယိုးဒယား ကြေးဆင်း တုတော်၊ မြောက်ဘက်တွင် ရှင်ဥပဂုတ္တကိုယ်တော်နှင့်အတူ တိုးချဲ့လှူဒါန်းထားသော ရုပ်ပွားတော်များစွာကို ဖူးမြော်နိုင်သည်။ ဘုရားဖူးလာသူတိုင်း မျက်နှာသစ်တော်ရေအတွက် စုပေါင်းနံ့သာသွေး ကုသိုလ်ပြုသည့်အ လေ့အထရှိသည့်စေတီတစ်ဆူအဖြစ် ထင်ရှားကြောင်းသိရသည်။      

နွေနဒီ၊ မြစ်ငယ်