ငြိမ်းငြိမ်းချမ်းချမ်း အလှပန်းတို့ ပွင့်စေချင်

နိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်လိုသည်မှာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်ရန်အတွက်  နိုင်ငံတော်တည်ငြိမ်မှု၊  တရားဥပဒေစိုးမိုးမှုဖြစ်ထွန်းရေးအတွက် အုပ်ချုပ်ရေး အာဏာသက်ရောက်မှုရှိရေးသည် အမျိုးသားလုံခြုံရေး ရည်မှန်းချက်ဖြစ်ပေ သည်။ နိုင်ငံတစ်နိုင်ငံတည်ငြိမ်မှု မရှိပါက စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး အဘက် ဘက်မှ ဆုတ်ယုတ်လာသည့်အပြင် အခြားနိုင်ငံများ၏ အထင်အမြင်သေးမှု၊ စော်ကားမှု၊ စွက်ဖက်မှု များကိုခံရတတ်သည်။ ထိုမှတစ်ဆင့် အချုပ်အခြာအာဏာထိပါးခံရပြီး အမျိုးသားလုံခြုံရေး စည်းကျိုးပေါက်ကာ နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွား ကျဆင်းပေလိမ့်မည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော တိုင်းရင်းသားလက်နက် ကိုင်များအရေး ကိစ္စသည် အစိုးရအဆက်ဆက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖိတ်ခေါ်ကျင်းပ ခဲ့သော်လည်း အောင်မြင်သင့်သလောက် အောင်မြင်မှုမရရှိခဲ့ပေ။ လက်နက်ကိုင်ဆောင်မှု ချုပ်ငြိမ်းပပျောက်သွားခြင်း မရှိသည့်အတွက် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် များအကြား ပစ်ခတ်တိုက်ခိုက်မှုသည် နှစ်ရှည်ကြာမြင့်လျက်ရှိသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည်ဟူ၍ ပုဒ်မ ၇ တွင် သတ်မှတ်ပြဋ္ဌာန်းထားသည်။

ပါတီစုံဒီမိုကရေစီစနစ်နှင့် လျှောက်လှမ်းရာတွင် နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်း နှင့် ညီမျှခြင်း တည်းဟူသော လောကပါလတရားများ ထွန်းကားရန်လိုအပ်လာပါသည်။ လူမျိုးရေး တန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ်စည်းလုံးညီညွတ်စွာ အတူတကွလက်တွဲ နေထိုင်ကြရ မည်ဖြစ်ပေသည်။ ထိုသို့နေထိုင်နိုင်ရေးအတွက် အလိုအပ်ဆုံးသောအရာမှာ လက်နက်ကိုင် ပဋိပက္ခများ လုံးဝချုပ်ငြိမ်းရေး ပင်ဖြစ်ပေသည်။

ထိုသို့ချုပ်ငြိမ်းရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရန် နှင့် လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရန် လိုအပ် လာသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ထိုကိစ္စများ အောင်မြင်ရေး အတွက် ကြိုးစားလုပ်ဆောင်ခဲ့သဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ ထိုစာချုပ်မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် ဆွေးနွေး ဖက် လက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးသဘောတူထားသော စာချုပ်ဖြစ်သည်။ ထို စာချုပ်တွင် အပစ်အခတ်ရပ်စဲရေးထက်ကျော်လွန်သော နိုင်ငံရေး သဘောတူညီချက်များ လည်း ထည့်သွင်းချုပ်ဆိုထားသည်။ ထိုစဉ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့ နှင့်သဘောတူညီမှုရရှိခဲ့သည်။ ယခုလက်ရှိအစိုးရ သက်တမ်းတွင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့နှစ်ဖွဲ့နှင့် ထပ်မံလက်မှတ်ရေးထိုးသည့်အတွက် စုစုပေါင်း ၁၀ ဖွဲ့ဖြစ်လာသည်။

ထိုစာချုပ်အရ လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းနှင့် ညှိနှိုင်းအဖြေရှာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကြီးကို ထူထောင်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်သွားရန်ဖြစ်ပေသည်။ နိုင်ငံရေးဆွေးနွေးပွဲများ မှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာမူဝါဒများဟူသည့် အကြောင်းအရာများကို နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်များ အတိုင်း ဆွေးနွေးကြရမည်ဖြစ်သည်။ ထိုဆွေးနွေးချက်များသည် လက်တွေ့ကျပြီး အပြု သဘောဆောင်သော ဆွေးနွေးမှုများပြုလုပ်ပြီး တိုင်းပြည်အတွက် ရေရှည်အကျိုးဖြစ်ထွန်း စေမည့် ဆွေးနွေးမှုများ၊ နိုင်ငံရေး ရွေးချယ်မှုများနှင့် သဘောတူညီချက်များ ရရှိအောင်ကြိုး ပမ်းကြရမည်ဖြစ်သည်။

အနာဂတ်နိုင်ငံတော်ကို ပိုင်ဆိုင်ကြမည့် မျိုးဆက်သစ်လူငယ်များအတွက် ငြိမ်းချမ်းရေး လက်ဆောင် အမှန်တကယ်ပေးမည်ဆိုပါလျှင် နိုင်ငံတော်တွင် တပ်မတော်တစ်ရပ်တည်း ရှိသောမူဘောင်ကို လက်ခံသင့်ကြပေသည်။ ပထမအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီးကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှ ၁၆ ရက်အထိ နေပြည်တော်တွင်ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကမ္ဘာ့ နိုင်ငံအသီး သီးတွင် မိမိနိုင်ငံမိမိကာကွယ်ရေးအတွက် တပ်မတော်တစ်ရပ်သာ ထားရှိကြတာကို တွေ့ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ယင်းမူဝါဒအတိုင်း ကျင့်သုံး ဆောင်ရွက်ပြီး မြန်မာ့တပ်မတော်ကို Standard Army အဖြစ် အဘက်ဘက်က တည် ဆောက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသည့် တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း တပ်မတော်တွင် တာဝန်ထမ်းဆောင်နိုင်ရေး အတွက် ဖိတ်ခေါ်ကြိုဆိုပါကြောင်း ပြောကြားလိုပါတယ်” ဟူ၍ ကြိုဆိုနှုတ်ခွန်းဆက် စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

နှစ်ပေါင်းကြာရှည်စွာအမြစ်တွယ်နေသော လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေး၏ အကောင်း ဆုံးနည်းလမ်းမှာ တရားဝင်နိုင်ငံရေး ပါတီထူထောင်ခြင်း၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို လွှတ်တော် အသီးသီးတွင် တင်ပြဆွေးနွေး တောင်းခံခြင်း၊ သီးခြားလက်နက် ကိုင်ဆောင်ခြင်းကို စွန့်လွှတ်၍ တပ်မတော်တွင် ဝင်ရောက် တာဝန်ထမ်းဆောင်ခြင်းတို့သည်သာ အကောင်းဆုံးဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်း သား လူမျိုးပေါင်းတစ်ရာကျော်ရှိပေရာ တိုင်းရင်းသားလူမျိုးစုအလိုက် လက်နက်ကိုင်စွဲကာ နေကြမည်ဆိုလျှင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အောင်မြင်မှုပန်းတိုင်နှင့် ဝေးကွာနေမည်သာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။    ။