လေ့လာစရာလက်ရာမြောက် ဗုဒ္ဓရုပ်ပွားတော်များတည်ရှိရာ မြင်းခွာတောင်

ကန့်ဘလူ၊ ခရီးသွားမှတ်စု

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ဝက်တိုးကျေးရွာအနီး၌ စိတ်ဝင်စားဖွယ်ရာ မြင်းခွာတောင် တည်ရှိ သည်။ မြင်းခွာတောင်အနီးတွင် စိုက်ပျိုးရေးအတွက် အဓိကကျသောရေများကို တစ်နှစ်ပတ်လုံး လွှတ်ပေး နေသည့် ကင်းတပ်ရေလွှဲတမံတစ်ခု တည်ဆောက်ထားပြီး စိုက်ပျိုးရေးအတွက် အားထားရသော နေရာ တစ်ခုပင်ဖြစ်သည်။

မြင်းခွာတောင်တော်ပေါ်နှင့် အနီးတစ်ဝိုက်သည် သားငှက်များကို ဘေးမဲ့ပေးထားသည့် စိတ်ဝင်စားဖွယ်ရာ နေရာပင်ဖြစ်သည်။ မြင်းခွာတောင်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပြီး တောင်ပေါ်နေရာအနှံ့ ကျောက်သားပေါ်တွင် မြင်းခွာပုံသဏ္ဌာန် မြင်းခွာခြေရာများ တည်ရှိနေသည့်အတွက် ရှေးယခင်ကပင် မြင်းခွာတောင်ဟု ခေါ်ဝေါ် ခဲ့ခြင်းဖြစ်သည်။ အလောင်းစည်သူမင်းကြီး ဖောင်စကြာဖြင့် တိုင်းခန်းလှည့်လည်ရာ မြင်းခွာတောင်တော်တွင် ခေတ္တစံမြန်းကာ စေတီပုထိုးများ တည်ထားတော်မူခဲ့သည်ဟု ဆိုထားသည်။ လက်ရှိကာလ မြင်းခွာတောင် တော်ပေါ်တွင် အလောင်းစည်သူမင်းကြီး ကောင်းမှုတော် ဖောင်တော်ဦးစေတီကို ဖူးမြော်နိုင်သည်။

မြင်းခွာတောင်ပေါ်တွင် နေရာအနှံ့ မြင်းခွာရာများရှိသကဲ့သို့ပင် လိုဏ်ဂူငယ်များလည်း ရှိသည်။ ရှေးယခင်က ထိုလိုဏ်ဂူများမှာ တစ်ဖက်နှင့် တစ်ဖက်ဆက်စပ်ကာ လူသွားလာနိုင်သော လိုဏ်ဂူများအဖြစ်တည်ရှိပြီး လက်ရှိကာလတွင် လိုဏ်ဂူအဝများ ပိတ်သွားသည်။ လိုဏ်ဂူများအပြင် ထူးခြားသော လိုဏ်ခေါင်းငယ်များစွာ ရှိပြီး လိုဏ်ခေါင်းငယ်များအတွင်း လက်ရာမြောက် ဗုဒ္ဓရုပ်ပွားတော်များကို တည်ထားကိုးကွယ်ထားသည်။

မြင်းခွာတောင်တွင် နှစ်စဉ်တရားစခန်းများ ကျင်းပလေ့ရှိပြီး အခါကြီးရက်ကြီးများတွင် မြင်းခွာတောင်နှင့် ကင်းတပ်ရေလွှဲတမံနေရာတို့တွင် လူစည်ကားမြဲဖြစ်သည်။ မြင်းခွာတောင်မှာ သဘာဝပေါက်ပင်များ တည်ရှိ ပြီး တောင်တော်ပေါ်တွင် သားသတ်ခြင်း၊ တောလိုက်ခြင်းမပြုရန်တားမြစ်ကာ ဘေးမဲ့ပေးထားသည်။ မြင်းခွာ တောင်တော်ပေါ်တွင် ရွှေတောင်ဦးဆရာတော် သာသနာပြုခဲ့သည့်အတွက် ဘုရားပုထိုးများကို သပ္ပာယ် ကြည်နူးဖွယ်ဖူးမြော်နိုင်သည်။ ဆရာတော် ပျံလွန်တော်မူပြီး နောက်ပိုင်းတွင်လည်း ဆက်လက်ထိန်းသိမ်းကာ သာသနာပြုလျက်ရှိသည်။ လက်ရှိကာလတွင် သဘာဝပေါက်ပင်များဖြင့် စိမ်းလန်းကာထူးခြားသော ကျောက် လိုဏ်ဂူများ၊ မြင်းခွာရာများရှိသော ထူးခြားသည့်မြင်းခွာတောင်ကို သွားရောက်လေ့လာနိုင်သည်။

နွေနဒီ၊ မြစ်ငယ်