ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း ဘေးကင်းလုံခြုံရေးနှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် ပညာပေး အစီအစဉ်များ ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဆောင်ရွက်မည်

ရန်ကုန်၊ ပို့ဆောင်ရေး

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ အမှိုက်စွန့်ပစ်မှုရှိနေသောကြောင့် အမှိုက်စွန့်ပစ် ခြင်းမပြုလုပ်ရန်နှင့် ရထား လမ်းတစ်လျှောက် ဘေးကင်းလုံခြုံရေးအတွက် ပညာပေးအစီအစဉ်များကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအင်ဂျင်နီယာ  ဦးမင်းအောင်၏ ပြောဆိုချက်အရ သိရသည်။

“လက်ရှိ  ရန်ကုန်မြို့ပတ်ရထားလမ်း ဘေးမှာ  အမှိုက်ပုံပေါင်း  ၃၈၀  ကျော်ရှိ တယ်။  ဒီအမှိုက်ပုံတွေကိုရှင်းဖို့  ရန်ကုန် မြို့ပတ်ရထားလမ်း ဘေးကင်းလုံခြုံရေးနှင့် သန့်ရှင်းသပ်ရပ်ရေး  ကြီးကြပ်မှုလုပ်ငန်း ကော်မတီဖွဲ့ ထားတယ်။ ဒီလထဲမှာပဲအဲဒီအဖွဲ့နဲ့ အစည်းအဝေးပြုလုပ်မယ်။ အမှိုက် ကိစ္စရယ်၊ ရထားလမ်းပေါ်မတက်ရမယ့် ကိစ္စရယ် ဒါတွေအားလုံးကို အသိပညာ ပေးဖို့ ဆိုင်းဘုတ်တွေစိုက်မယ်၊ လက်ကမ်း စာစောင်တွေဝေမယ်။ လက်ကမ်းစာစောင်တွေကို သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွေကိုဝေမယ်၊ ကျောင်းတွေဖွင့်ရင်    ကျောင်းတွေမှာလည်း လက်ကမ်းစာစောင်ဝေမယ်။ အသိပညာပေးတဲ့ကဏ္ဍပြီးရင် ထိထိရောက်ရောက် အရေးယူမယ်”  ဟု ဦးမင်းအောင်ကပြောသည်။

မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း၌ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော်လည်း ရထားလမ်းအနီးတစ်ဝိုက်၌ နေထိုင်သူများသည် နွေရာသီရောက်လာချိန်တွင် ရထားလမ်း ပေါ်တက်၍ စွန်လွှတ်ခြင်းနှင့် အမှိုက်ပစ်ခြင်းများ ပြုလုပ်သည့်အတွက် ရထားလမ်းကို ထိခိုက်စေကြောင်း  သိရသည်။

“ရထားလမ်းရဲ့ လမ်းခင်းကျောက်မှာ ရှိရမယ့်ပုံသဏ္ဌာန် သတ်မှတ်ထားတယ်။ အဲဒီပုံသဏ္ဌာန်တွေက စွန်လွှတ်တဲ့သူတွေ နင်းတဲ့အတွက် မမှန်တော့ဘူး” ဟု ဦးမင်း အောင်ကပြောသည်။

ရထားလုပ်ငန်းဥပဒေတွင် ရထားလမ်းအား ချို့ယွင်းပျက်စီးစေသော မည်သည့်အပြုအမူကိုမဆို ပြုလုပ်ခြင်း၊ ဖြစ်ပေါ်စေ ခြင်း သို့မဟုတ် ထိုသို့ဖြစ်ပေါ်စေရန်အားထုတ်ခြင်းတို့ကို ပို့ဆောင်ရေးလုပ်ငန်း ဥပဒေ အခန်း ၁၈၊ တားမြစ်ချက် ၇၉ အရ ကျူးလွန်ပါက အနည်းဆုံးထောင်ဒဏ် ငါးနှစ်မှ အများဆုံး နှစ် ၂၀ ထက်မပိုသော ထောင်ဒဏ်ချမှတ်နိုင်သည့်အပြင်  ငွေဒဏ် လည်း ချမှတ်နိုင်ကြောင်း သိရသည်။

ဆုလာဘ်