ကိုရီးယား-မြန်မာစက်မှုဇုန် စီမံကိန်း ပန္နက်တင် အခမ်းအနားကျင်းပ

ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း (Korea- Myanmar  Industrial  complex, KMIC) ပန္နက်တင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်    ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ရှိ စီမံကိန်းဧရိယာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ COVID-19 ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုဖြင့်မိန့်ခွန်းပြောကြားသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် ကိုရီးယားသမ္မတနိုင်ငံ၏ Presidential  Committee  on  New  Southern  Policy ၏ ဥက္ကဋ္ဌ Mr.  Park  Bokyeong တို့က အမှာစကားများပြောကြားကြသည်။

ကိုရီးယား-မြန်မာစက်မှုဇုန်စီမံကိန်း (Korea-Myanmar Industrial complex,KMIC)သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် Korea Land and Housing Corporation(LH)တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်သည်။

ယခုစီမံကိန်းသည် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီး၊ ရန်ကုန်ဆိပ်ကမ်းတို့၏ အနီးတွင် မဟာဗျူဟာကျကျ တည်ရှိသည့်အတွက် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည် ဖြစ်သည်။

ကိုရီးယား-မြန်မာစက်မှုဇုန်ကို အဆင့်မြင့် နည်းပညာများ အသုံးပြု၍ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှု ရှိသော ခေတ်မီစက်မှုဇုန်တစ်ခုအဖြစ် ဖန်တီးမည် ဖြစ်ကြောင်း သိရသည်။