သာစည်မြို့နယ်ရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ် ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၁၅
    
တပ်မတော်အနေဖြင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ သဘင်အစည်းအရုံးအဖွဲ့ဝင်များ၏ စားသောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းတွင် သာစည်မြို့နယ်ရှိ ရတနာမာရ်အောင်ဘုရား ဇာတ်ရုံတော်ကြီး၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး မိုးဟိန်းနှင့် အဖွဲ့ဝင်များ၊ သာစည်မြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးကျော်မောင်နှင့် သဘင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
    
ဦးစွာ တပ်နယ်မှူးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သာစည်မြို့နယ်သဘင်အစည်းအရုံးအဖွဲ့ဝင် ၄၆၁ ဦးအတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဆန် ၁၁ အိတ်၊ ဆီ ၁၉ ပိဿာ၊ ဆား ၁၇ ပိဿာ၊ ပဲ ၂၉ ပိဿာတို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး သာစည်မြို့နယ်သဘင်အစည်းအရုံးဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
    
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ယနေ့လှူဒါန်းမှုအပါအဝင် မန္တလေး တိုင်းဒေသကြီးအတွင်းရှိ မန္တလေးမြို့၊ မလှိုင်မြို့နယ်၊ တောင်သာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ ညောင်ဦးမြို့နယ်၊ မိတ္ထီလာမြို့နယ်နှင့် သာစည် မြို့နယ်များရှိ သဘင်အစည်းအရုံးအဖွဲ့ဝင် အင်အား ၂၅၇၄ ဦးကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ် ကြောင်း သတင်းရရှိသည်။