စည်းလုံးချစ်ကြည် ကောင်းရန်ရည်လျက်

ဤကမ္ဘာလောကကြီးတွင် ဗြဟ္မစိုရ်တရားလေးပါးနှင့် လောကပါလတရားနှစ်ပါးတို့ကို ကိုယ်စီဆောင်ထား ကြမည်ဆိုလျှင် လူသားတို့၏ဘဝခရီးသည် အေးချမ်းသာယာနေပေလိမ့်မည်။ ဗြဟ္မစိုရ်တရားလေးပါးမှာ  မေတ္တာ၊ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာတို့ဖြစ်သည်။ သတ္တဝါအများကြီးပွားချမ်းသာသည်ကို လိုလားမြတ်နိုး ခြင်းသည်မေတ္တာဖြစ်သည်။ ဆင်းရဲသောသတ္တဝါများကိုမြင်၍ သနားခြင်း၊ ဆင်းရဲခြင်းမှကင်းလွတ်စေခြင်း သည် ကရုဏာဖြစ်သည်။ ပြည့်စုံချမ်းသာသောသူတို့ကိုမြင်ရလျှင် ဝမ်းမြောက်ခြင်းသည် မုဒိတာဖြစ်သည်။  သတ္တဝါတို့အပေါ်၌  ချစ်ခြင်း၊ မုန်းခြင်းမရှိ  မျှမျှတတရှုမြင်ခြင်းသည် ဥပေက္ခာဖြစ်ပေသည်။  မကောင်းမှု ပြုရမည်ကိုရှက်ခြင်း၊ မကောင်းမှုပြုရမည်ကိုကြောက်လန့်ခြင်းသည် ဟီရိသြတ္တပ္ပဟူသော လောကပါလတရား ဖြစ်သည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာအထွန်းကားဆုံး နိုင်ငံဖြစ်သည်။ ဗုဒ္ဓဘာသာကိုကိုးကွယ်သူတိုင်းသည် ငွေကြေးမချမ်းသာသော်မှ စိတ်အေးချမ်းသည်။ အလှူရေစက် လက်နှင့်မကွာနေထိုင်ကြသည်။ မြန်မာနိုင်ငံ တွင် ဘာသာပေါင်းစုံသည် အေးအတူ ပူအမျှနေထိုင်လာကြသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။  လူဦးရေအများစုကိုးကွယ်ရာ ဗုဒ္ဓဘာသာနှင့်အတူ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် အခြားဘာသာဝင်များသည် နှစ်ပေါင်းများစွာကတည်းက အချင်းချင်း စည်းလုံးညီညွတ်စွာ အမိနိုင်ငံတော်ကောင်းကျိုးကို ဆောင်ရွက်ခဲ့ကြ သည်။ ဘာသာတရားအသီးသီး၏ မွန်မြတ်သည့် အဆုံးအမအောက်တွင် ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်ဓာတ်အစဉ်အလာကောင်းများနှင့် နေထိုင်လျက်ရှိကြသည်။သူ့ဘာသာကိုလေးစားသကဲ့သို့ မိမိတို့ဘာသာ ကိုလည်း တန်ဖိုးထားသည်။ အခြားသောပြည်ပနိုင်ငံများက သွေးထိုးလှုံ့ဆော်နေသကဲ့သို့ ဗုဒ္ဓဘာသာမှလွဲ၍ အခြားသောဘာသာတို့ကိုဖိနှိပ်ခြင်း၊ ချုပ်ချယ်ခြင်းမရှိပါ။ အထူးသဖြင့် တပ်မတော်သားတို့၏ စိတ်နှလုံးသည်  သိသာထင်ရှားလှသည်။

တပ်မတော်သားတိုင်း လိုက်နာပြုကျင့်ရမည့်ကျင့်ဝတ်တွင် ပြည်သူလူထု၏ဘာသာအယူဝါဒ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလေးစားပါဟူ၍ သတ်မှတ်ပေးထားသည်။ ထိုအတိုင်းလည်း လိုက်နာကျင့်ကြံလျက်ရှိသည်။ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်အတွက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးအထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းကို ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည်။ အလားတူ စိန့်မေရီကယ်သီဒြယ် ဘုရားရှိခိုးကျောင်းနှင့် ဇဖာရ်ရှား ဂူဗိမာန်တို့သို့  အဆိုပါရက်နေ့တွင်လည်းကောင်း၊ သျှရီသျှရီစန္ဒီမယ်တော်ဘုရားကျောင်းသို့ ဒီဇင်ဘာ ၂၄ ရက် တွင်လည်းကောင်း  COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းမှုများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဦးစီးဦး ဆောင်ပြုလှူဒါန်းခဲ့ခြင်းဖြစ်သည်။  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က   ဘာသာသာသနာနှင့် ပတ်သက်၍ ပြောကြားရာတွင် “ကမ္ဘာမှာ ကိုးကွယ်ရာဘာသာအသီးသီးရှိပါတယ်။ ကိုးကွယ်ခြင်း၊ ဆည်းကပ်ခြင်းဆိုတာမှာ ယုံကြည်ခြင်း၊ လေးစားခြင်းနဲ့ တန်ဖိုးထားခြင်းတွေပါဝင်ပါတယ်။ ဘာသာတရားကိုကိုးကွယ် ဆည်းကပ်ခြင်း ကတော့ ဒါ့ထက်ပိုပြီးလေးနက်ပါတယ်။ ယုံကြည်၊ လေးစား၊ တန်ဖိုးထားတာအပြင် ဘာသာတရားရဲ့ အဆုံး အမတွေကို လိုက်နာခြင်း၊ ကျင့်ကြံရမှာတွေကိုကျင့်ကြံခြင်းဆိုတဲ့ လက်တွေ့လုပ်ဆောင်မှုတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေ ကိုးကွယ်ဆည်းကပ်နေကြတဲ့ဘာသာတရားတိုင်းဟာ လူသားတို့ အတွက် လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုး၊ ငြိမ်းချမ်းမှုနဲ့ မေတ္တာတရားတို့ကိုသာ ညွှန်ပြနေ တာကိုတွေ့ရပါတယ်။ ဒါတွေကို လူသားတိုင်းက မှန်မှန်ကန်ကန်သာလိုက်နာမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာ၊ ကျွန်တော်တို့နေထိုင်တဲ့နိုင်ငံနဲ့ လူ့အသိုက်အဝန်းဟာ မေတ္တာနဲ့ယှဉ်တဲ့နှလုံးသား၊ နားလည် သည်းခံခွင့်လွှတ်တဲ့စိတ်ထားများနဲ့ ငြိမ်းချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခုအဖြစ် ရပ်တည်နိုင်မှာ  ဧကန်မလွဲဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း နေထိုင်ကြသူများအားလုံးသည် လူမျိုးဘာသာမခွဲခြားဘဲ မြန်မာဆိုသည့်စိတ်ဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်သာယာရေးအတွက် ယုံယုံကြည်ကြည်လက်တွဲဆောင်ရွက်ကြရပေမည်။ ကောင်း မွန်အေးချမ်းသည့်ပတ်ဝန်းကျင်ကို ညီညီညွတ်ညွတ်ဖြင့်ဖန်တီးကြရပေမည်။ အားလုံးတွင် တူညီသောအမြင်၊ တူညီသော ရည်မှန်းချက်ထားရှိကြမှသာ နိုင်ငံတော်တွင် ကြုံလာသည့်အခက်အခဲများကို အောင်မြင်စွာ ကျော်လွှား နိုင်မည်ဖြစ်သည်။ တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများ၏ လှူဒါန်းမှုသည် ဘာသာအားလုံး ချစ်ကြည်ရင်းနှီးမှုနှင့် တပ်မတော်၏ မေတ္တာကိုပြသလိုက်ခြင်းဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။