မင်္ဂလာတရားတော်နှင့်အညီနေထိုင်ခြင်း

မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် နတ်သားတစ်ပါး၏ လျှောက်ထား ချက်အရ ၃၈ ဖြာမင်္ဂလာတရားတော်ကို ဟောတော်မူသည်။ ထိုမင်္ဂလာတရားသုံးဆယ့်ရှစ်ပါးမှာ လူသားတို့ လိုက်နာကျင့်သုံးသင့်သော အရာများဖြစ်သည်။ လူတိုင်းသည် ထိုမင်္ဂလာတရားများနှင့်အညီ ပြုမူကျင့်ကြံ နေထိုင်မည်ဆိုပါက စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ခြင်းဘေးမှ ကင်းဝေးပေလိမ့်မည်။ လူ့လောကတွင် လူအချင်းချင်း ဆက်ဆံနေကြရာ ဆက်ဆံရေးနှင့် ပတ်သက်သော မင်္ဂလာတရားသုံးပါးကို အဦးဆုံးဟောတော် မူသည်။

“ဗာလာနံ-ကိုယ်ကျင့်ကြော့ကြမ်း နှုတ်သော့သွမ်းနှင့် ဟော့ရမ်းအကြံ သုံးပါးရန်ကို အားသန်မထိန်း မသိမ်း မပိုက် စရိုက်မောဟမူ မိုက်သောသူတို့ကို အသေဝနာစ- ပေါင်းမည်ကိုကား မဆိုထားနှင့် စကားမျှပင် မချေတင်ရဘဲ မမြင်ရလို မကြားလိုဟု အဟိုမြင့်ညောင်း ဘုရားလောင်းတို့ တောင်းဆုအလျော် အကြောင်း မျှော်၍ မပေါင်းဖော် မယှဉ်တွဲ မမှီဝဲ မဆည်းကပ်ရခြင်းလည်းတစ်ပါး” ဟူ၍ လူမိုက်ကို မပေါင်းရန် လင်္ကာ ဖွဲ့ဆိုထားသည်။

ဒုတိယမင်္ဂလာမှာ ပညာရှိကို မှီဝဲဆည်းကပ်ခြင်း ဖြစ်သည်။ မည်သည့်ပညာရပ်မဆို ဆရာမရှိဘဲ၊ ဆရာထံမှ သင်ကြားမှတ်သားခြင်းမရှိဘဲ တတ်မြောက်ကြမည်မဟုတ်ပါ။ ပညာရှိဆိုသည်မှာ အရာရာကို မှန်ကန်စွာ သိမြင်တတ်မြောက်သူဟုဆိုရမည်။ အဟောင်းအသစ်၊ အပြစ်အကျိုး၊ အဆိုးအယုတ်၊ အဆုတ်အတက် စသည်ဖြင့် သိမြင်သူလည်းဖြစ်သည်။ မကောင်းမှုကိုဖယ်ကြဉ်ခြင်း၊ ကောင်းမှုကိုဆောင်စေခြင်းတို့တွင် နည်းလမ်း ကောင်းပြသနိုင်သူသည် ပညာရှိဖြစ်သည်။ ပဏ္ဍိတာနံ ပညာရှိကိုဆည်းကပ်သူအတွက် ဆိုးကျိုး ပယ်ပျောက်ကောင်းကျိုးရောက်မည်ဖြစ်ပေသည်။

တတိယမင်္ဂလာမှာ ပူဇနေယျာနံ- သုံးပါးရတနာ ဆရာမိဘနှင့် အသက်ကြီးသူတို့ကို ကိုယ်နှုတ်နှလုံး သုံးပါးဂါရ၀ ပဏာမဖြင့် ဌာနအလျော် ရှိခိုးပူဇော်ရခြင်းသည် မင်္ဂလာဖြစ်သည်ဟု ဟောတော်မူသည်။ ထိုမင်္ဂလာ တရားသုံးပါးသည် လူမှုဆက်ဆံရေးတွင် ကြီးပွားချမ်းသာစေသော မင်္ဂလာတရားများ ဖြစ်ပေသည်။ လူမှုဆက်ဆံရေးနယ်ပယ်သည် လွန်စွာကျယ်ဝန်းလှသည်။ ကိစ္စမြားမြောင် လူတို့ဘောင်ဟူ၍ပင် စာဆိုရှိလေ သည်။

လူသားတို့အတွက် ဘယ်လိုနေ၊ ဘယ်လိုထိုင် စသည်ဖြင့်လမ်းညွှန်ထားသော မင်္ဂလာသုံးပါးရှိသေးသည်။ သင့်တင့်လျောက်ပတ်သော အရပ်၌နေထိုင်ခြင်းသည် မင်္ဂလာဖြစ်သည်။ ယနေ့ခေတ်စကားနှင့်ပြောဆိုရလျှင် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဈေးရုံ၊ ဆေးရုံနှင့်နီးစပ်သောအရပ်ဟူ၍ အကြမ်းအားဖြင့် ဆိုနိုင် သည်။ သို့သော်  ထိုအရပ်သည် လူဆိုး၊ သူခိုးထူပြောသောအရပ်ဖြစ်နေလျှင် သင့်တင့်သော အရပ်ဟူ၍ မဖြစ်နိုင်ပါ။ မကောင်းမှုဒုစရိုက်ရှင်သန်နေသော နယ်မြေဒေသဖြစ်လျှင်ကား လုံးဝနေထိုင်ရန်မသင့်သောအရပ် ဖြစ်သည်။

ပုဗ္ဗေစ ကတပုညတာ- ရှေးကပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှုရှိခြင်းသည် မင်္ဂလာဖြစ်သည်ဟုဆိုပါသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ကံ ကံ၏အကျိုးကိုယုံကြည်သက်ဝင်သည်။ ဘဝဘ၀ပေါင်းများစွာက ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုရှိနေသူအတွက် ယခုဘဝတွင် တင့်တယ်စွာနေထိုင်နိုင်သည်။ ထိုကုသိုလ်ကောင်းမှုတွင် ယခု ဘဝတွင် အကျိုးပေးသကဲ့သို့  နောင်ဘဝတွင်လည်း  အကျိုးပေးရန်မှာ အတ္တသမ္မာပဏိဓိစအကျင့် တရားမလွင့်ပါးအောင် ပြားပြားပိပိ ဖိဖိကြိတ်ကြိတ် မိမိစိတ်ကိုကောင်းစွာထားရပေမည်။ မိမိစိတ်ကို မိမိ စိုးပိုင်နိုင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်သည်။

မြတ်ဗုဒ္ဓ၏ တရားတော်များသည် လူသားတို့ကောင်းကျိုးအတွက် ဦးတည်ဟောကြားသော တရားတော်များ သာဖြစ်သည်။ ဆက်ဆံရေးမင်္ဂလာနှင့် နေထိုင်ရေးမင်္ဂလာနှစ်ရပ်ပေါင်း မင်္ဂလာ (၆) ရပ်ရှိပေသည်။ လူငယ် မောင်မယ်များအနေဖြင့်အနာဂတ်တွင် မိမိတို့ဘဝတိုးတက်စေချင်လျှင် ထိုမင်္ဂလာတရားနှင့်အညီ နေထိုင်သင့် သည်။ လိုက်နာကျင့်ကြံသင့်သည်။ ထိုသို့ လိုက်နာကျင့်ကြံခြင်းရှိကြမှသာ တန်ဖိုးရှိသောလူငယ်မောင်မယ် များဖြစ်လာမည်မှာ အမှန်တရားဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။      ။