သတိတရားလက်ကိုင်ထား အမှားကင်းစေရာ

နေ့စဉ်သတင်းများတွင် စဉ်ဆက်မပြတ်ကြားသိမြင်တွေ့နေရသော သတင်းများအနက် အများဆုံးမှာ ယာဉ်မတော်တဆမှုများဖြစ်သည်။ မြန်မာနိုင်ငံတွင် ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုမဖြစ်ပွားသော နေ့ဟူ၍မရှိ သလောက်ပင်ဖြစ်သည်။ တချို့သော သတင်းများမှာ လူသိထင်ရှားသတင်းမီဒီယာများပေါ်သို့ မရောက်သည် လည်းရှိသည်။ မော်တော်ယာဉ်တစ်စီးပေါ်တက်လိုက်သည်နှင့် ယာဉ်မောင်းသူသည် သတိတရားလက်ကိုင် ထား၍ လုပ်ဆောင်မည်ဆိုလျှင် ယာဉ်မတော်တဆဖြစ်ပွားမှုသည်  လျော့နည်းသွားပေမည်။ အကယ်၍ဖြစ်ခဲ့ သော်မှ ထိခိုက်ဆုံးရှုံးမှုပြင်းပြင်းထန်ထန်ဖြစ်မည်မဟုတ်ပေ။

ယာဉ်မတော်တဆဖြစ်မှုများကို လေ့လာကြည့်မိတိုင်း သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ပြီး မိမိယာဉ်၏ အရှိန်ကို မိမိမထိန်းနိုင်ခြင်း၊ ယာဉ်မောင်းအိပ်ငိုက်ခြင်း၊ ယာဉ်၏ရှေ့ဘီးပေါက်ခြင်း သို့မဟုတ် နောက်ဘီးပေါက်ခြင်း၊ ဘရိတ်ပေါက်ခြင်း၊ ယာဉ်မောင်းသူအရက်သောက်စားထားခြင်း စသောအကြောင်း အရာမျိုးစုံကြောင့်ဖြစ်သည်ကို တွေ့ရှိရသည်။ အဆိုပါဖြစ်ရပ်များကို အနှစ်ချုပ်သော် ယာဉ်မောင်းသူသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို  လိုက်နာရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်ပေသည်။ ထိုသို့မဖြစ်ရန်အတွက် ရှိထားသင့်သည်ကို ညွှန်ပြပါဆိုလျှင် ယာဉ်မောင်းသူတိုင်း သတိတရား လက်ကိုင်ထားမည်ဆိုလျှင် ယာဉ် အန္တရာယ်မှကင်းဝေးပေလိမ့်မည်။

ယာဉ်မောင်းကောင်းတစ်ယောက်ဆိုသည်မှာ ဘေးအန္တရာယ်မဖြစ်အောင် ယာဉ်ကိုမောင်းနှင်နိုင်သူဖြစ်သည်။  ယာဉ်မောင်းခြင်းကို  ဆိုးရွားစွာထိခိုက်စေသော စိတ်ခံစားမှုသည် ဒေါသဖြစ်မှုဖြစ်သည်။ သာမန်ဖြစ်ရပ် ကြောင့် ဒေါသဖြစ်တတ်သည်။ စိတ်ရှည်သည်းခံလမ်းကြောင်းမှန် မောင်းရန်မော်တော်ကား ဟူသော ဆောင်ပုဒ်နှင့်အညီ ယာဉ်မောင်းတိုင်းသည် ဒေါသကိုလည်းထိန်းသင့်သည်။ ယာဉ်မောင်းကောင်း တစ်ယောက်၏ အရည်အချင်းမှာ ဆုံးဖြတ်ချက်မှန်ကန်ခြင်းနှင့် တုံ့ပြန်မှုမြန်ဆန်ခြင်း၊ ပတ်ဝန်းကျင်ကို စူးစမ်းသိမြင်မှုကောင်းခြင်း၊ အာရုံစူးစိုက်မှုကောင်းခြင်းနှင့် သွားမည့်လမ်းကြောင်း ကောင်းစွာကြိုတင်စီစဉ် ထားနိုင်ခြင်းတို့ဖြစ်သည်။ ယာဉ်အန္တရာယ်ကင်းပြီး ဘေးအန္တရာယ်မဖြစ်အောင် ယာဉ်မောင်းသည် မောင်းနှင် နေစဉ် တွေ့ကြုံလာနိုင်သည့် အန္တရာယ်များကို သိရှိရပေမည်။ ဤအချက်များကိုသတိပြုကာ မောင်းနှင်မည် ဆိုပါက ယာဉ်အန္တရာယ် ကင်းဝေးမည်သာဖြစ်သည်။

မော်တော်ယာဉ်ဖြင့် ခရီးသွားသူမှန်သမျှ၏ အသက်သည် ယာဉ်မောင်းသူပေါ်တွင် မူတည်နေသည်။ ခေတ်မီ တိုးတက်လာသည်နှင့်အမျှ လမ်းများကလည်း လွန်စွာကောင်းနေသည်။ ထိုအခါ ယာဉ်မောင်းတို့သည်လည်း ခရီးတစ်ခုကို လျင်မြန်စွာရောက်ချင်ဇောဖြင့် သတ်မှတ်မိုင်နှုန်းကိုဂရုမပြုမိဘဲ မောင်းလေ့ရှိတတ်သည်။ မမျှော် လင့်သော အန္တရာယ်နှင့်ရင်ဆိုင်ကြုံတွေ့ရသောအခါ အခြေအနေဆိုးဆိုးရွားရွားနှင့် ကြုံတွေ့ရတော့သည်။ ပစ္စည်းများ ဆုံးရှုံးသွားသည်မှာ ပြန်လည်ဖြည့်ဆည်း၍ ရနိုင်သော်လည်း လူသား အသက်ဆုံးရှုံးမှုများက ဖြေမဆည်နိုင်အောင်ဖြစ်ကြရသည်။ မိသားစုအတွက် ဆုံးရှုံးရသလို နိုင်ငံတော်အတွက်လည်း ဆုံးရှုံးရသည်။ အထူးသဖြင့် နိုင်ငံတော်အတွက် အားထားရသော လူငယ်မောင်မယ်ကလေးများဆိုလျှင်ကား ပြောဖွယ်ရာ မရှိတော့ပေ။

တပ်မတော်သည် နိုင်ငံတော်တာဝန်ကို ဦးဆောင်ထမ်းရွက်ခဲ့စဉ်အတွင်း လမ်းတံတားများ အသစ်ဖောက် လုပ်ပေးခြင်း၊  အဆင့်မြှင့်တင်ပေးခြင်း၊ ကွန်ရက်သဖွယ်အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆက်သွယ်ဖောက် လုပ်ပေးခြင်း၊ မြစ်ကူးတံတားကြီးများတည်ဆောက်ပေးခြင်း စသည်ဖြင့် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် ရေးကို ရှေးရှုဆောင်ရွက်ပေးခဲ့သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကြောင့် အချိန်တိုတိုအတွင်း မိမိတို့ သွားလိုရာသို့ လွယ်လွယ်ကူကူသွားလာနိုင်သည်။ အရေးကြီးသည်မှာ သွားလမ်းသာ၍ လာလမ်းဖြောင့်ပါစေ ဟူသော စကားကဲ့သို့ ခလုတ်မထိဆူးမငြိ၊ ဘေးမသီရန်မခ လိုရာခရီးရောက်ရှိရေးသည် ခရီးသွားသူတိုင်း၏ ဆန္ဒဖြစ်သည်။ ထိုဆန္ဒအောင်မြင်ရေးမှာ ယာဉ်မောင်းတို့အပေါ် လုံးဝမူတည်နေပေရာ ယာဉ်မောင်းအားလုံး သတိတရားလက်ကိုင်ထား အမှားကင်းစေရာဖြစ်ပါကြောင်း အသိပေးရေးသားလိုက်ရပေသည်။   ။