ဘေးဒုက္ခအပေါင်းမှ လွတ်ကင်းကြပါစေ

မီးလောင်မှုသတင်းတစ်ခုခုကြားလိုက်ရသည်နှင့် လူတိုင်းတွေးမြင်မိသည်မှာ မီးလောင်လျှင် ဘာတစ်ခုမျှ ကျန်မည်မဟုတ်ဟူသော အသိတရားဖြစ်သည်။ သူခိုးခိုးလျှင်ကျန်နိုင်သော်လည်း  မီးလောင်လျှင်ကား ဘာတစ်ခုမျှမကျန်ပါ။ လူတိုင်းကအသိတရားဖြင့် မီးဘေးရှောင်မလောင်ခင်တားနိုင်မှသာ အသက်ဆုံးရှုံးမှု၊ ပစ္စည်းဥစ္စာဆုံးရှုံးမှုက လွတ်ကင်းမည်ဖြစ်သည်။ သစ်တောဝါးတောအနီးအနားတွင် နေထိုင်သူများသည်လည်း တောမီးလောင်ခြင်းအန္တရာယ်ကိုကြိုတင်တွေးကာ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရပါမည်။

ထို့အတူ မီးတောင်များ အနီးနေထိုင်သူများရှိရင်လည်း မိမိတို့ကို အချိန်မရွေး ဒုက္ခပေးနိုင်သည်ဟူသော အသိရှိနေရပါမည်။

သြဂုတ် ၁၅ ရက်ထုတ်သတင်းစာများတွင် အရှိန်အဟုန်ပြင်းထန်လာသည့် လော့အိန်ဂျလိစ်တောမီး ကြောင့် နေအိမ်ပေါင်း ၅ဝဝ ကျော်ရွှေ့ပြောင်းပေးခဲ့ရသော သတင်းတစ်ပုဒ်ကို ကြားသိလိုက်ရသည်။ မြန်မြန် ဆန်ဆန် အရှိန်အဟုန်ပြင်းထန် လာမှုကြောင့် တောမီးလောင်မှုဖြစ်ပွားရာ အနီးအနားရှိနေအိမ် ၅ဝဝ ကျော်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးရခြင်းဖြစ်ကြောင်း၊ အဆိုပါမီးမှာ သြဂုတ် ၁၂ ရက် ညနေ ၃ နာရီ မိနစ် ၄ဝ တွင်စတင်ခဲ့ပြီး နောက်ထပ်သုံးနာရီအတွင်း ဧကပေါင်း ၁ဝဝဝဝ အထိ မြန်ဆန်စွာကူးစက်သွားကြောင်း သိရသည်။ မီးလောင်မှု အရှိန်အဟုန်ကြောင့် ထွက်ပေါ်လာသည့် မီးခိုးလုံးကြီးများကို လော့အိန်ဂျလိစ်နိုင်ငံတကာ လေဆိပ်မှ တောင်ဘက်ကီလိုမီတာ ၁ဝဝ အကွာခန့်တွင် လှမ်းမြင်ရကြောင်း သတင်းတွင်ဖော်ပြထားသည်။

ကမ္ဘာကြီး၏နေရာအနှံ့အပြားတွင် တောမီးလောင်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ မိုးခေါင်ခြင်း၊ ငလျင် လှုပ်ခြင်းများသည် နှစ်စဉ်အချိန်မရွေးဖြစ်ပွားလျက်ရှိသည်။ ယခုအခါ ဃဥဠှီု-၁၉ ရောဂါဖြစ်ပွားခြင်း တို့နှင့် ထပ်မံကြုံတွေ့လျက်ရှိပေရာ မျှော်လင့်မထားသောသဘာဝဘေးအန္တရာယ်   လွန်စွာကြောက်မက်ဖွယ် ကောင်းလှသည်။ သြဂုတ် ၁၃ ရက်က အင်ဒိုနီးရှားမီးတောင် ဆီနာဘွန်ပေါက်ကွဲပြီး ၂ ကီလိုမီတာအထိ  ပြာမှုန့်များမှုတ်ထုတ်သော သတင်းတစ်ပုဒ်ကြားသိရပြန်သည်။

အင်ဒိုနီးရှားနိုင်ငံရှိ ကတော့ပုံမီးတောင် ဆီနာဘွန်သည် သြဂုတ် ၁၃ ရက်က နောက်တစ်ကြိမ်ထပ်မံ ပေါက်ကွဲပြီး လေထုထဲသို့ပြာမှုန့်များမှုတ်ထုတ်ခဲ့သည်။ ပြာမှုန့်များကို ပန်းဖွားပုံမှုတ်ထုတ်ခဲ့သောကြောင့် လေကြောင်းလိုင်းများကို သတိပေးမှုများပြုလုပ်ခဲ့ရသည်။ ချော်ရည်ပူများစီးဆင်းလာမည်ကို ဒေသခံတို့စိုးရိမ် ထိတ်လန့်နေကြသည်။ ဆူမားတြားကျွန်းပေါ်ရှိ အသံမြည်ဟည်းလျက်ရှိသော မီးတောင်သည် သီတင်းတစ်ပတ် မပြည့်မီ အနည်းဆုံးရှစ်ကြိမ်ထက်မနည်း ပေါက်ကွဲခဲ့ကြောင်းသိရသည်။ ဒဏ်ရာရသေဆုံးသတင်းဖော်ပြခြင်း မရှိသလို ကြီးကြီးမားမားပျက်စီးသည့်သတင်း ဖော်ပြခြင်းမျိုးမရှိကြောင်း သိရသည်။

မီးတောင်ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး  သတိပေးမှု ဒုတိယအမြင့်ဆုံး အဆင့်ထုတ်ပြန်ထားသည်။ မီးတောင် သည် နောက်ထပ် ပိုမိုပေါက်ကွဲမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် လေကြောင်းလိုင်းများကို သတိထားရန်နှိုးဆော် ထားပြီး မီးတောင်အနီး ၅ ကီလိုမီတာအတွင်း ဖြတ်သန်းသွားလာခြင်းမပြုရဇုန်အဖြစ် သတ်မှတ်ထားသည်။

ဒေသခံများအနေဖြင့် ကျန်းမာရေးအတွက် ပါးစပ်နှာခေါင်းစည်းများ ဝတ်ဆင်ထားရန်ကိုလည်း တိုက်တွန်း ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြီးမားသော တောမီးလောင်ခြင်းမျိုး၊ မီးတောင်ပေါက်ကွဲခြင်းမျိုး မကြုံဖူးသော်လည်း သဘာဝဘေးအန္တရာယ်မှာ ချိန်ခါမရွေးကြုံတွေ့တတ်သည်ကို သတိပြုသင့်သည်။ ယခုကာလသည် မိုးတွင်း ကာလဖြစ်သော်လည်း မိုးမရွာသည့်နေ့ရက်များတွင် နေ့အပူရှိန်မှာ သိသိသာသာလျော့နည်းခြင်းမရှိသေးပါ။

အပူရှိန်မြင့်တက်နေဆဲဖြစ်ပေရာ မိုးတွင်းကာလမို့ မီးမလောင်နိုင်ပါဟု ခန့်မှန်း၍မရပါ။ လူတို့၏သတိလစ်ဟင်းမှု ကြောင့် မီးလောင်မှုအချို့ကိုကြားသိနေရသည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ သြဂုတ် ၁၃ ရက်အသိပေးကြေညာချက်တွင် သြဂုတ် ၃၁ ရက်နေ့အထိ ရက်တိုးမြှင့်သတ်မှတ် ထားသည်။ COVID-19 ရောဂါ၏ လက်ရှိဖြစ်ပွားမှုအခြေအနေအရ သြဂုတ် ၁၆ ရက်မှစ၍ လူ ၁၅ ဦးအစား လူ ၃ဝ ဦးဖြစ်စေ၊ လူ ၃ဝ ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုရန် ပြင်ဆင်ထုတ်ပြန်ကြောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရသည်။ ဆိုလိုသည်မှာ COVID-19 ရောဂါကိုလည်း လျှော့မတွက်ဘဲ သတ်မှတ်စည်းကမ်းများ အတိုင်း လိုက်နာနေထိုင်ကြရန် ဖြစ်ပေသည်။

စည်းကမ်းလိုက်နာဘေးကင်းကွာဆိုစကားအတိုင်း လူတစ်ဦးချင်းသည် ကိုယ်စီအသိဖြင့် ရောဂါကူးစက် မခံရရေး၊ သဘာဝဘေးအန္တရာယ်တစ်ခုခုကြုံလာလျှင် လက်ဦးမှုရရှိအောင် ရင်ဆိုင်နိုင်ရေးတို့ကို ကိုယ်စီ အသိဖြင့် စဉ်းစားဆုံးဖြတ် လိုက်နာလုပ်ဆောင်ကြရ မည်ဖြစ်သည်။ သူများနိုင်ငံမှာဖြစ်တာပဲ ကိုယ့်နိုင်ငံမှာ မဖြစ်နိုင်ပါဘူးဟူသော သုံးသပ်ချက်မျိုးသည် မှားယွင်းကြောင်း COVID-19 ရောဂါက သက်သေခံလျက်ရှိသည်။ ထို့ကြောင့် မြန်မာပြည်သူလူထုအပေါင်း ဘေးဒုက္ခအပေါင်းမှ လွတ်ကင်းကြပါစေဟူ၍ မြဝတီက ဆုတောင်းလျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။   ။

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၁၆ ရက်)