အတိတ်သည် သင်ခန်းစာဖြစ်သည်

နှစ်ပေါင်းများစွာကြာသည့်တိုင် မြန်မာတို့တွင်ရှိနေရမည့်သဘောထားမှာ ပြည်ပအားကိုးပုဆိန်ရိုး အဆိုးမြင် ဝါဒီများအား ဆန့်ကျင်ကြ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နှောင့်ယှက် ဖျက်ဆီးသူများအား ဆန့်ကျင်ကြ၊ နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ၊ ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ်သတ်မှတ် ချေမှုန်း ကြဟူ၍ဖြစ်သည်။ အဆိုပါသဘောထားလေးရပ်ကို အနှစ်ချုပ်ကြည့်လိုက်လျှင် မြန်မာနိုင်ငံတော်ကြီး နောက် တစ်ကြိမ်သူ့ကျွန်ဘဝမကျရောက်စေရေးအတွက် လမ်းညွှန်ချက်များဖြစ်ပေသည်။

ကမ္ဘာ့နိုင်ငံရေးတွင် အင်အားကြီးနိုင်ငံက အင်အားငယ်သောနိုင်ငံကို ဗိုလ်ကျစိုးမိုးချင်သည်။ လူ့အခွင့်အရေး ဟူသောစကားလုံးလှလှ သုံးလျက် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြယ်လှယ် လျက်ရှိကြသည်။ ထိုအခြေအနေကို မြင်အောင်ကြည့်တတ်ရန်လိုပေသည်။ အယုံလွယ်သောဖြစ်ရပ်များ ကြောင့် မြန်မာတို့ သူ့ကျွန်ဖြစ်ခဲ့ရသည်မှာ  နာကြည်းမုန်းတီးဖွယ်ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ ဖြစ်သည့်အခါ အခြားတစ်ဖက်တွင် ညောင်ရမ်းမင်းသားကြီးအား နန်းတင်ပေးမည်ဟု အယုံသွင်းခဲ့သည်။ အခြားတစ်ဖက်တွင်မူ သီပေါဘုရင်နှင့်တွေ့ဆုံပြီး အင်္ဂလိပ်တို့အလိုရှိရာ တောင်းဆိုစာချုပ်ချုပ်ပြီးသည်နှင့် ပြန်လည်ဆုတ်ခွာသွားမည်ဟူသော သတင်းစကားပါးခဲ့သည်။

ထို့ကြောင့်လည်း မြန်မာတို့သည် အင်္ဂလိပ်တို့အား  နန်းတော်ထဲသို့ လွယ်ကူစွာဝင်ခွင့်ပေးခဲ့သည်။ နန်းတော် ထဲသို့ရောက်သောအခါ အခြေအနေက မြန်မာတို့ထင်သလိုမဟုတ်ဘဲ သီပေါမင်း၏ အဖိုးတန် ရတနာများနှင့် ပတ္တမြားငမောက်ကိုအရသိမ်းယူပြီး ဘုရင်နှင့်မိဖုရားကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

အကျဉ်းခံသီပေါ စာအုပ်တစ်နေရာတွင် “သီပေါဘုရင်၏ အကောင်းဆုံးမကိုဋ်တော်နှင့်အတူ အခြားမကိုဋ် တစ်ခုမှ မြကျောက်သုံးလုံး၊ မကိုဋ်တော်မှပြုတ်ထွက်နေသော ကျောက်ရှစ်လုံးထည့်ထားသည့် ရတနာ ကြုတ်တစ်လုံး၊ ဒေါင်းရုပ်ပါသော စိန်ဘယက်တစ်ကုံး၊ ရွှေဘီးတစ်ချောင်းတို့ကို ဗြိတိသျှဘုရင်မထံသို့ လက်ဆောင်ပေးပို့ခဲ့ကြောင်း” ဖော်ပြထားသည်။

နယ်ချဲ့တို့သည် နိုင်ငံကိုသိမ်းသည်။ အဖိုးတန်ရတနာတွေကိုလည်း သိမ်းသည်။ ဘုရင်နှင့်မိသားစုကို လူသူ အရောက်အပေါက်နည်းသည့်နေရာသို့ ပို့ထားသည်။ ဘုရင်ကို တောကြိုအုံကြား လူသူအရောက်အပေါက် နည်းသော ရတနာဂီရိမြို့တွင် ပို့ထားသည်။ သီပေါဘုရင်သည် အချိန်ကိုဘယ်လိုသုံးရမှန်းပင်မသိတော့အောင် ငြီးငွေ့ဖွယ်လွန်မြောက်ခဲ့ရရှာသည်။ ပျင်းရိငြီးငွေ့ဖွယ် ဤဘဝမျိုးတွင် ၃၁ နှစ်တိုင်တိုင် သီပေါဘုရင်ကျင်လည်

ကုန်ဆုံးခဲ့ရ၏။ လူမှုဆက်ဆံရေးလည်းမရှိ။ အပြင်လောကနှင့်လည်း အဆက်ပြတ်နေရသော သူတစ်ဦးအဖို့  စိတ်ဓာတ်ညှိုးနွမ်းဖွယ်ရာ အတိဖြစ်နေလေသည်။ ၁၉၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့ ညဉ့်သန်းခေါင် အချိန်တွင် သီပေါဘုရင်သည် လောကကြီးကို မျက်ကွယ်ပြုသွားခဲ့သည်။

မိမိကိုယ်ကျိုးအတ္တအတွက်သာ အဓိကထားသော ပြည်ပနိုင်ငံများကို အားမကိုးသင့်ကြောင်း၊ မိမိတို့တိုင်းပြည် ၏ပြည်တွင်းရေးကို ဝင်ရောက်နှောင့်ယှက်မှုမှန်သမျှသည် မိမိတို့တိုင်းပြည် ကောင်းစားရေးအတွက် မဟုတ် ကြောင်း မြန်မာတို့ ထီးသုဉ်းနန်းသုဉ်း တိုင်းပြည်လည်းဆုံးခဲ့ရသည့်ဖြစ်ရပ်များက သက်သေပြလျက်ရှိသည်။ နိုင်ငံတစ်ခုတွင် အရေးကြီးဆုံးအင်အားသည် ကာကွယ်ရေးအင်အားသာဖြစ်သည်။ နိုင်ငံတိုင်းသည် ကာကွယ် ရေးအင်အားတောင့်တင်းခိုင်မာရေးအတွက်  နည်းလမ်းမျိုးစုံဖြင့်  လှုပ်ရှားနေကြသည်။

မြန်မာ့တပ်မတော်သည်လည်း မိမိနိုင်ငံကိုကာကွယ် တည်ဆောက်နိုင်ရေးအတွက် အင်အားတောင့်တင်း ခိုင်မာရေးကို လုပ်ဆောင်နေသည်။ မြန်မာတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် (ကြည်း၊ ရေ၊ လေ) တပ်မတော်များကို ခေတ်မီပြီး အင်အားတောင့်တင်းစေရန် ကြိုးပမ်း လျက်ရှိသည်။ ယနေ့ကာလသည် အတိတ်ကို လက်ညှိုးထိုးပြီး အပြစ်ရှာနေခြင်းထက် အတိတ်အပေါ် သင်ခန်းစာ ဖော်ထုတ်ပြီး နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားကြရမည့် အချိန်ဖြစ်သည်။ အထက်တွင် ဖော်ပြခဲ့သည့်ဖြစ်ရပ်များမှာ သင်ခန်းစာအဖြစ်ဖော်ပြခြင်းဖြစ်သည်။ ပြည်ပက သွေးထိုးလှုံ့ ဆော်မှုကိုနားယောင်၍ တပ်မတော်ပြိုကွဲရေး လုပ်ဆောင်နေသူအချို့ရှိနေသည်။ တပ်မတော်ပြိုကွဲလျှင် သူ့ကျွန် အဖြစ်နွံနစ်မည်မှာသေချာသည်။ ထို့ကြောင့် “တပ်မတော်ဖြိုခွဲသူ တို့ရန်သူ” “တပ်မတော်ဖြိုခွဲ မည့်အကြံ တို့လက်မခံ” “ဘယ်သူခွဲခွဲတို့မကွဲ အမြဲစည်းလုံးမည်” ဟူသော စိတ်နှလုံးကိုမွေးမြူ၍ လွတ်လပ် ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် ရေးသားလိုက်ရပေသည်။  ။