လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးခြင်း၊ ဓာတ်ခွဲနမူနာများ ရယူခြင်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၁၇

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို သြဂုတ် ၁၉ ရက်တွင် လည်းကောင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတို့ကို သြဂုတ် ၂၀ ရက်တွင် လည်းကောင်း  ကျင်းပပြုလုပ်ရန် ကြေညာထားပြီးဖြစ်သည်။

 အဆိုပါလွှတ်တော်အသီးသီးသို့ တက်ရောက်မည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ ဓာတ်ခွဲ စစ်ဆေးရန်အတွက် ဓာတ်ခွဲနမူနာများ ရယူခြင်းများကို ယနေ့တွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်ခိုရေးစခန်း၌ ပြုလုပ်သည်။ ထို့သို့ဆောင်ရွက်ရာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး တို့၏ ဓာတ်ခွဲနမူနာများကို ရယူကာ နေပြည်တော် တပ်မတော် ဆေးရုံကြီးရှိ Cobas 6800  ရောဂါရှာဖွေစက်ဖြင့် စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။