သတိတမံ ဉာဏ်ကို ကတုတ် ရွေးထုတ်ပါစို့ ကိုယ်စားလှယ်ကောင်းများ

ကျွန်တော်တို့နိုင်ငံ၏ ပါတီစုံဒီမိုကရေစီရွေးကောက် ပွဲကြီးကို ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပ တော့မည်ဖြစ်ပါသည်။  အလားတူ အမေရိကန်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲသည်လည်း ၎င်းလဆန်း၌ပင် ကျင်းပမည်ဖြစ်သည်။  နိုင်ငံကိုဦးဆောင်မည့် အစိုးရ၊  ခေါင်းဆောင်နှင့်ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူ တို့က ရွေးချယ်တော့မည်ဖြစ်သည်။ ရွေးကောက်ပွဲဟု အမည်သညာချင်းတူသော်လည်း ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခု၏ ခေါင်းဆောင်ကို    ရွေးကောက်သည့် ရွေးကောက်ပွဲနှင့် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု၏ခေါင်းဆောင်ကို ရွေးကောက်သည့်   ရွေးကောက်ပွဲ၏ အနှစ်သာရချင်း ကတော့ တူအံ့မထင်ပါ။

ဖတ်မှတ်ခဲ့ဖူးသော စာတစ်ပုဒ်ကို သတိရမိသည်။  ''မည်သည့်နိုင်ငံက သယံဇာတ မည်မျှချမ်းသာသည်ဟူ သော (Comparative Advantage) ခေတ်ကုန်ဆုံးခဲ့ပြီး ဖြစ်ပါသည်။ ဘယ်နိုင်ငံခေါင်းဆောင်က ဘယ်လောက် တော်တာပဲဟူသည့် (Comparative Advantage) ကို ပီပီပြင်ပြင် ဆိုက်ရောက်ခဲ့ပါပြီ။ ခေါင်းဆောင်တို့၏  ဓားသွား ဖြစ်သော မဟာဗျူဟာ မည်မျှထက်မြက်ကြသည် နှင့် ပြိုင်ဆိုင်သော ခေတ်တွင် ကိုယ့်နိုင်ငံ ခေါင်းဆောင် အနေဖြင့် ပေမမီ တန်းမဝင်လျှင်  သန်းပေါင်းများစွာ နစ်နာကြ ပါလိမ့်မည်''ဟူ၏။

၂ဝ၂ဝ ပြည့်နှစ် ခန့်မှန်းသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေ ၅၄ သန်းကျော်ရှိသည်။ ကျွန်တော်တို့ နိုင်ငံ ကို ပေမီတန်းဝင် စေချင်ပါသည်။ ပေမီတန်းဝင်စေဖို့ အရည်အချင်းရှိသောခေါင်းဆောင်၊ စွမ်းရည်ပြည့်ဝသော အစိုးရ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ကြဉ်းနိုင်သော ပြည်သူ့ကိုယ်စားလှယ်ကောင်းများ လိုသည်။

''ပြည်သူလူထုသည် သူတို့နှင့် ထိုက်တန်သည့် အစိုးရကိုသာရသည်'' ဟူသောစကားအရ  ၂ဝ၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူအများစု ရွေးချယ်မှု ဖြင့်ပေါ်ပေါက်လာသည့် ပထမဆုံးသော ပါတီစုံဒီမို ကရေစီအစိုးရ လက်ထက်၌ စာရေးသူအပါအဝင် ပြည်သူ အများစု စိတ်အေးချမ်းသာစွာ နေနိုင်ခဲ့ကြသည်။ နိုင်ငံ၏ မျက်မှောက်ကာလ ပကတိ လိုအပ်ချက်များအပေါ် အမှန်အတိုင်းမြင်တတ် သုံးသပ်တတ်၍ လူပုဂ္ဂိုလ်မကြည့်၊ ပါတီ မကြည့်ဘဲ အဖြူအမည်း အမှားအမှန် သဲကွဲစွာ မဲပေးခဲ့သူများကြောင့် ပထမဦးဆုံးသော ဒီမိုကရေစီအစိုးရ ၅ နှစ် သက်တမ်းကာလအတွင်း  ပြည်သူများ အခွန်အတုတ် ဒဏ်ကြီးလေးစွာ မခံစားရခြင်း၊ တည်ငြိမ်အေးချမ်းမှုရှိ ခြင်း၊ တရားဥပဒေ စိုးမိုးမှုရှိခြင်း၊ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားမှု ပြုနိုင်ခြင်း၊ တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုး သင့် ကားများမှအစ ၁၅ဝဝ တန် ဖုန်းဆင်းကတ် များအထိ   ပြည်သူများ လက်ဝယ်ရောက်ရှိခဲ့ကြသည်။

ထို့ပြင်  မတော်မတရားသည့် နိုင်ငံတကာဖိအားများလည်း နည်းပါးခဲ့သည်။  အမျိုးဘာသာ သာသနာအပေါ် ထိပါးစော် ကားမှုများလည်း မရှိသလောက် ဖြစ်ခဲ့သည်။

သို့သော် ထိုအခြေအနေမျှနှင့် အားရကျေနပ်နိုင်ခြင်း မရှိသူအချို့က အပြောင်းအလဲနိုင်ငံရေးစနစ်ကို ပုဂ္ဂလိက ခံစားချက် များနှင့်အတူ ပွဲထုတ်လာကြသည်။ ၂ဝ၁ဝ ပြည့် နှစ်ရွေးကောက်ပွဲမှပေါ်ထွက်လာသော အစိုးရထက် ပိုမို ကောင်းမွန်နိုင်မည့်   အစိုးရတစ်ရပ်ကိုမျှော်ကိုးမှုဖြင့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အပြောင်း အလဲ တစ်ရပ်ကို ဖန်တီးခဲ့ကြသည်။

ပြည်သူတို့မျှော်လင့်ကြီးစွာအားကိုးခဲ့ကြသော အစိုးရသက်တမ်းကာလတစ်ခုအတွင်း   မည်သည့်အရာများ  ထိထိ ရောက်ရောက် အပြုသဘောဖွံ့ဖြိုးတိုးတက်ခဲ့ပါ သနည်းဆိုသည်ကို လက်တွေ့ကျကျ သုံးသပ်တတ်ရန်လို သည်။   အခြေခံကျကျ သိချင်ပါလျှင်   မြို့တစ်မြို့၏ ကားဂိတ်၊ ဈေး၊ စားသောက်ဆိုင်များတွင် သွားရောက် လေ့လာပါက လက်တွေ့မြေပြင် အမှန်တရားများကိုတွေ့ရ လိမ့်မည်ဖြစ်ပါသည်။ သို့တိုင်အောင် လူကိုချစ်လွန်း၊  ပါတီစွဲ ကြီးလွန်း သူများကတော့ မျက်ကန်းတစ္ဆေ မကြောက်နှယ်ပင်။ ဘောလုံးစကားအရ ဆိုရပါလျှင် Fan စွဲကြီး သည်ဟု  ဆိုရမလိုပါပင်။   ကိုယ့်အသင်း မည်မျှပင်ရှုံးပွဲကြုံကြုံ အားမပေးဘဲမနေနိုင်။    မစွန့်လွှတ်နိုင်။  သို့သော်  ထိုအရာက ဘောလုံးပွဲသာဖြစ်သည်။  နိုင်ငံ့အရေးနှင့် ယှဉ်လျှင်  ဘောလုံးတစ်သင်းစာက မည်သို့မှနှိုင်းယှဉ်လို့ မသင့်။ ကုန်ခဲ့သည့်အချိန်များ နှမြောစရာကောင်းလှပါသည် ဟုပင် ပြောချင်ပါသည်။

၎င်းအချက်အလက်များကိုကြည့်လျှင် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ခေါင်းဆောင်သည် မည်မျှ အရေး ကြီး သည်၊ အစိုးရကောင်းသည် မည်မျှအရေးကြီး သည်၊ ဖွံ့ဖြိုးတိုးတက်ရေးသည် မည်မျှအရေးကြီးသည် ဆိုသည်များကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ပြီဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်  အမျိုးသားအကျိုးစီးပွားနှင့် ဖွံ့ဖြိုးတိုးတက်မှုကို  ဘေးချိတ်ပြီး ''မရောင်ရာဆီလူး''  နေခြင်းသည် အန္တရာယ်များလှသည်။ ကျွန်တော်တို့ နိုင်ငံ၏ လက်ရှိကျင့်သုံးနေသော နိုင်ငံရေးစနစ်မှာ ''ပါတီစုံဒီမို ကရေစီစနစ်'' ဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်၏ အသက်မှာ ရွေးကောက်ပွဲဖြစ်သည်။ ရွေးကောက်ပွဲမှ ပြည်သူ့ ကိုယ်စား လှယ်များကို ရွေးချယ်ကြသည်။ ၎င်းမှ တစ်ဆင့်    နိုင်ငံကိုဦးဆောင်မည့် အစိုးရနှင့်   နိုင်ငံ့ ခေါင်းဆောင် ကို ရွေးချယ်ကြသည်။ ထို့ကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ''၂ဝ၂ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ၌  လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် လိုအပ်ပြီး  မဲပေးပိုင် ခွင့် ရသူ ပြည်သူတိုင်း မဲပေးနိုင်ရေး ဆောင်ရွက်ရမည်''   ဟု ဆိုခဲ့ခြင်းဖြစ်သည်။

ဤသို့ဆိုလျှင် ပါတီစုံဒီမိုကရေစီစနစ်၌ ရွေးကောက်ပွဲ၏ အရေးပါပုံ၊ ရွေးကောက်ပွဲသည် တရားမျှတ၍  လွတ်လပ်သော ရွေးကောက်ပွဲဖြစ်ရန် အရေးကြီးပုံနှင့် ပြည်သူတို့ အနေဖြင့် တိုင်းပြည်အတွက်၊ ဒေသအတွက် အမှန်တကယ်လိုအပ်သော၊ အမှန်တကယ်အကျိုးပြုနိုင်သော ကိုယ်စားလှယ်လောင်း၊ ကိုယ်စားလှယ် ကောင်း များကို ရွေးချယ် မဲပေးနိုင်ရန် အရေးကြီးပုံတို့ကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ တပ်မတော်အနေဖြင့် ပြည်သူတို့ လိုလား တောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီ စနစ်ကိုလမ်းခင်းပေးခဲ့သည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့်လည်း ပြည်သူတို့ ဆန္ဒဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်  တည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့် ရှောက် ပေးလျက်ရှိကြောင်း မကြာခဏ ပြောဆိုခဲ့သည်။  ရွေးကောက်ပွဲများနှင့် ပတ်သက်၍လည်း ပါတီစုံ ဒီမိုကရေစီ စနစ်ခိုင်မာစေရေး၊  တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့်  အမျိုးသား အကျိုးစီးပွားတို့ အပေါ်မူတည်၍ ပြောဆိုခဲ့ သည်များလည်း ရှိသည်။ အိမ်စောင့် အစိုးရလက်ထက် ၁၉၆ဝ ပြည့်နှစ်တွင် ပြုလုပ်သည့် ရွေးကောက် ပွဲနှင့် ပတ်သက်၍ ၎င်းအချိန်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီး နေဝင်းက ၁၉၅၉ ခုနှစ်၊ မိတ္ထီလာမြို့တွင် ပြုလုပ်သော တပ်မှူးများညီလာခံတွင် ''တပ်မတော်သည် ဒိုင်လူကြီး ဖြစ်ကြောင်း၊ မည်သည့်ဘက်မှ ဘက်လိုက် မဲပေးခြင်းမျိုးမလုပ်စေလိုကြောင်း၊ ပြည်သူများအနေဖြင့်  လွတ်လွတ် လပ်လပ် ကြိုက်နှစ်သက်ရာကို မဲပေးစေလို ကြောင်း၊   တပ်မတော်သားများသည်လည်း လွတ်လပ်စွာ မဲပေး နိုင်ကြောင်း၊ ပြည်သူဟာ သူနဲ့ ထိုက်တန်တဲ့အစိုးရကိုသာ ရရှိလိမ့်မည်ဖြစ်ကြောင်း'' မှာကြားခဲ့သည်ဟု မှတ်သားမိပါသည်။

ဤသို့ပြောကြားရခြင်းမှာ တပ်မတော်အနေဖြင့် ခေတ်အဆက်ဆက် နိုင်ငံ၏အမျိုးသားရေး တာဝန်များကို  ထမ်းဆောင်ခဲ့ ရခြင်းကြောင့်ဖြစ်သည်။ ပြည်သူ့ဆန္ဒကို အလေးထား ဦးထိပ်ထား၍ဖြစ်သည်။ အလားတူ  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့် ၂ဝ၁၅ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌  ဇေယျာသီရိမြို့နယ်၊ အနော်ရထာ ရပ်ကွက်မဲရုံမှ မဲပေးစဉ်  မီဒီယာများ၏ မေးမြန် းမှုကို  ဖြေကြားခဲ့ရာ၌ ''ယခုအချိန်တွင် မိမိတို့သည် ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားနေခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်  ဒီစနစ်ကို သွားရမည်ဟု အခိုင်အမာကြေညာ ခဲ့ပြီးသားဖြစ်ပြီး ပြည်သူမှ မှန်မှန်ကန်ကန် ရွေးချယ်သည့်   ရလဒ် အပေါ်တွင် ကောင်းအောင် ဝိုင်းဝန်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ပြည်သူကလည်း ဥပဒေနဲ့ အညီသွား နိုင်ဖို့လိုကြောင်း၊ ပြည်သူလူထု အနေဖြင့် ဒီမိုကရေစီရပိုင်ခွင့် အတိုင်း မှန်မှန်ကန်ကန် အသုံးချ၍ ၎င်းကျင့်စဉ် အတိုင်း သွားစေချင်ပါကြောင်း''ပြောကြားခဲ့သည်ကို တွေ့နိုင်ပါသည်။

ထို့ပြင်  နိုင်ငံ၏ ''ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမို ကရေစီနိုင်ငံ'' တည်ဆောက်ရေး၌ အထောက်အကူဖြစ် စေရန် အတွက် ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့သော တပ်မတော်စည်းရုံးရေး  ကော်မတီ၏ အစည်းအဝေးတွင် ပြည်သူ့ကိုယ်စားလှယ် လောင်းများ   ရွေးကောက်တင်မြှောက်ရာတွင်  သိရှိသင့် သည့်အချက် များနှင့်ပတ်သက်၍ အသိပေးမှုများကို  ပြုလုပ်ခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။  ပြည်သူ့ ကိုယ်စား လှယ်များကို ရွေးချယ်ရာ၌

၁။ နိုင်ငံနှင့် ဒေသကိုလက်တွေ့အကျိုးပြုမည့်သူ။

၂။ တရားဥပဒေစိုးမိုးရေးအမြင်ရှိပြီး ဥပဒေစည်း မျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်သူ။

၃။ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန် အရေး(၃)ပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ။

၄။ တပ်မတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍကို နားလည်သဘောပေါက်သူ။

၅။ အမျိုး၊ ဘာသာ၊ သာသနာကိုနည်းမှန်၊ လမ်းမှန် ဖြင့် စနစ်တကျထိန်းသိမ်းနိုင်သူ။

၆။ ပြည်ပအဖွဲ့အစည်းများ၊   နိုင်ငံခြားသားများ၏ လွှမ်းမိုးခြင်းမခံရသူ။

တို့ဖြစ်ရန် လိုအပ်ကြောင်း အကြံပြုခဲ့ပါသည်။  ၎င်းအချက်များသည် တိုင်းပြည်၏ ပကတိ လိုအပ်ချက်ပင် ဖြစ်သည်။ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းသည့်၊ နိုင်ငံနှင့်ပြည်သူ့ အကျိုးကိုရှေးရှုသည့် အကြံပြုချက်များဖြစ်သည်။  လွန်ခဲ့သော ငါးနှစ်က အကြံပြုခဲ့သော အကြံပြုချက်များ ဖြစ်သော်လည်း နောင်လာမည့် ရွေးကောက်ပွဲတိုင်းတွင်  လိုက်နာကျင့်သုံးသင့်သော   အချက်များဖြစ်ကြောင်း တစ်ချက်ချင်းကို အစွဲကင်းစွာလေ့လာဆန်းစစ်ကြည့်က  တွေ့ နိုင် မည်ဖြစ်သည်-

(၁) နိုင်ငံနှင့်ဒေသကိုလက်တွေ့အကျိုးပြုမည့်သူကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်ကာလ မှာသာ နိုင်ငံနှင့် လူမျိုးကို ချစ်ပြခြင်းမျိုး မဟုတ်ဘဲ အမှန် တကယ်ချစ်ပြီး အကျိုးပြုနိုင်သူဖြစ်ဖို့လိုသည်။ အပေါ်ယံ စေတနာများဖြင့် နိုင်ငံကိုချစ်၍မရ။ စက်ဘီးစီးပြ၍မရ၊    အမှိုက်ကောက်ပြ၍မရ၊ ပြောတာတခြား လုပ်တာတခြား    ဖြစ်နေ၍မရ။   ပိုဆိုးသည်ကား  ရွေးကောက်ပွဲနီးမှ  တိုင်းပြည်နှင့်လူမျိုးကို ချစ်လွန်းအားကြီးပြီး အရိုးကြေကြေ  အရေခန်းခန်း အကျိုးပြုချင်၍မရ။ နိုင်ငံတော်အား ဘက်စုံထောင့်စုံမှ  ဖွံ့ဖြိုးတိုးတက်စေလိုစိတ်ရှိသူဖြစ်ရ ပါမည်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုရာ၌ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည့် ဉာဏ်ပညာအခြေခံနှင့်အတွေ့ အကြုံရှိဖို့ လိုအပ် ပါသည်။ သို့မှသာ  ဖွံ့ဖြိုးရေးအမြင်၊  တည်ဆောက်ရေးအမြင်တို့ ရှိမည်ဖြစ်ပါသည်။ သင့်တင့် သော  ပညာအရည်အချင်း၊ ကောင်းမွန်သော အတွေ့ အကြုံတို့ရှိမှဖြစ်ပါလိမ့်မည်။  ''ဖိုးသုညများဖြင့် နိုင်ငံ တော်ကို တည်ဆောက်၍မရနိုင်ပါ''။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း မှီတင်းနေထိုင်သည့်  တိုင်းရင်းသား အားလုံး၏ အကျိုးစီးပွားအတွက် ရှေးရှုကာ  လှည်းနေလှေအောင်း  မြင်းဇောင်းမကျန် ကျေးရွာ၊ မြို့နယ်၊ ခရိုင်ဒေသ များနှင့် ပြည်နယ်များအထိ တူညီသောဖွံ့ဖြိုးရေး လုပ်ငန်းများကို  တစ်ပြေးညီ ဆောင်ရွက် ပေးလို စိတ်ရှိ ရပါမည်။ နိုင်ငံတော်၏ လိုအပ်ချက်နှင့် ပြည်သူတို့၏ ပကတိ လိုအပ်ချက်များကို ထဲထဲဝင်ဝင် သိနားလည်ပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်မိမှသာ မိမိတို့နိုင်ငံ၊ မိမိတို့ ဒေသ အမှန်တကယ်ဖွံ့ဖြိုး တိုးတက်မှုကိုရရှိမည်ဖြစ်ပါသည်။

(၂)တရားဥပဒေ စိုးမိုးရေး အမြင်ရှိပြီး ဥပဒေ စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်သူ နိုင်ငံနှင့်လူမျိုးကို  အမှန်တကယ် ချစ်သည့်စိတ်ဖြင့်  ကိုယ်စားလှယ်လောင်း ဖြစ်လာသည့်တိုင် ၎င်းပုဂ္ဂိုလ်တွင်   တရားဥပဒေစိုးမိုး ရေး အမြင်များ၊    ဥပဒေစည်းမျဉ်း စည်းကမ်းများကို လိုက်နာ ဆောင်ရွက်တတ်သူ တစ်ဦးဖြစ်ဖို့  လိုအပ်ပါသည်။ ထို့ပြင် လွှတ်တော်ဟူသည် မဏ္ဍိုင်ကြီး  ၄ရပ်အနက် ဥပဒေပြုရေး မဏ္ဍိုင်ကို ကိုယ်စားပြုသည့် အဖွဲ့အစည်း ဖြစ်ရာ လွှတ်တော် ကိုယ်စားလှယ်တို့သည် ဥပဒေပြုရေးနှင့် ပတ်သက်၍ လည်းကောင်း၊  ဥပဒေနှင့် ပတ်သက်၍ လည်းကောင်း အခြေခံသိရှိ နားလည်သူတစ်ဦး ဖြစ်ဖို့ အထူးလိုအပ်ပါသည်။  သို့မှသာ ၎င်းတို့၏ အဓိက တာဝန်ဖြစ်သည့်  ဥပဒေပြုရေး တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်သည်။ ဥပဒေပညာရပ်နှင့် ပတ် သက်၍ အခြေခံသိရှိ နားလည်နိုင်ရေး အရည်အချင်း သတ်မှတ်ချက်ဟူ၍ သီးခြားသတ်မှတ်ထားခြင်းမရှိသော် လည်း မည်သည့်အရည် အချင်းရှိရန် လိုအပ်သည်ဆိုသည် ကိုတော့ ဥပဒေပညာရပ်ဆိုင်ရာ ဘွဲ့၊ ဒီဂရီ၊ အသိ အမှတ်ပြု လက်မှတ်တို့ရရှိရန် မည်သည့်အခြေခံသတ်မှတ်ချက်များ ရှိသည်ဆိုသည့် အချက်ကို လေ့လာကြည့်က တွေ့ရှိနိုင်ပါသည်။    ဥပမာ-အထက်တန်းရှေ့နေ  (HGP-Higher  Grade Pleader) လက်မှတ်ရရှိရန်အတွက်   ဝင်ခွင့် စာမေးပွဲဖြေဆိုမည့်သူသည် အနည်းဆုံး အခြေခံပညာ အထက်တန်းအဆင့် အောင်မြင်ပြီးသူ ဖြစ်ရမည်ဖြစ် သည်။ မှတ်ပုံတင်ရှေ့နေ (RL-Register Lawer) လက်မှတ်ရရှိရန်အတွက် အနည်းဆုံးတက္ကသိုလ် တစ်ခုခုမှ  ဘွဲ့ရပြီးသူ ဖြစ်ရမည်ဖြစ်သည်။ အဆင့်မြင့်ပညာရေး စနစ်ကို လက်လှမ်းမီရန်အတွက် အခြေခံပညာ ရေးကို အောင်မြင်ပြီးမြောက် ရမည်မှာ လိုအပ်ချက်တစ်ခုပင်ဖြစ်သည်။

ဥပဒေပြုရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရားစီရင်ရေး စနစ်နှင့် ပညာအရည်အချင်းတို့မှာ ဆက်စပ်မှုရှိကြောင်း  အတိတ်က လက်တွေ့ တွေ့မြင်ခဲ့ပြီးဖြစ်သည်။   မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် ပြည်သူ့တရားစီရင် ရေးစနစ်ကို ဖန်တီးခဲ့ကြသည်။ ၎င်းစနစ်အရ ပြည်သူများ ရွေးချယ်သောသူများနှင့် ပြည်သူ့တရားစီရင်ရေး အဖွဲ့များ ဖွဲ့ခဲ့ကြသည်။ တရားစီရင်ရေးအဖွဲ့ထဲ၌ အခြေခံပညာကိုပင် ပြီးမြောက်ခြင်းမရှိခဲ့သူ၊ ဥပဒေကို နားမလည် သူတို့ ပါဝင် လာသည်။  ထို့ကြောင့် တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင် သွားခဲ့ရသည်ကလက်တွေ့ပင်ဖြစ်ပါသည်။ လက်ရှိအခြေ အနေတွင်လည်း  လွှတ်တော်အဆင့်ဆင့်တွင် ထိုကဲ့သို့ အခြေခံအားဖြင့် အားနည်းခဲ့သူအချို့ကို တွေ့ရှိရသည်။   

၎င်းတို့၏ပြောဆိုချက်၊ ဆွေးနွေးချက်၊ ပြုမူလုပ်ဆောင်ချက်တို့မှာ ကမောက်ကမဖြစ်မှုနှင့်အတူ ဥပဒေပြုရေး မဏ္ဍိုင် အပေါ် အထင်သေးစရာဖြစ်သကဲ့သို့   ၎င်းတို့၏ တာဝန်ဝတ္တရားထမ်းဆောင်နိုင်မှုအပေါ်  မေးခွန်းထုတ် စရာများ ဖြစ်ခဲ့ရသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊  ကျင့်ဝတ်၊ စည်းကမ်း၊ ရပိုင်ခွင့်နှင့်အခွင့်အရေးများကို ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေအခန်း(၃) ပုဒ်မ  ၈၊ ၉၊ ၁ဝ၊ ၁၁ တို့၌ ပြည့်စုံစွာပြဋ္ဌာန်းပြီးဖြစ်ပါသည်။  ပုဒ်မ ၈ အရ လွှတ်တော်ကိုယ်စားလှယ်များသည် ''ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို ကာကွယ် စောင့်ရှောက်ခြင်း''၊  ''လွှတ်တော်သို့တင်သွင်းသောဥပဒေ ကြမ်းများ၊ အဆိုများနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် ပြည်ထောင်စု၏အကျိုးစီးပွားကို အဓိကထားခြင်း''ဟူ၍ ပါဝင်သည်။ လွှတ်တော်သက်တမ်းတစ်လျှောက်  ဖွဲ့စည်း ပုံ အခြေခံဥပဒေအပေါ် လွှတ်တော်အတွင်း၊ လွှတ်တော် အပြင်၌တိုက်ခိုက်နေမှုများ၊  ဥပဒေကြမ်းအဆိုများနှင့် စပ်လျဉ်း၍ဆွေးနွေးရာတွင်  ပြည်ထောင်စုအကျိုးထက်  တစ်ဦးတစ်ယောက်အကျိုး၊    အဖွဲ့အစည်းတစ်ခု၏ အကျိုး၊ ပါတီတစ်ခု၏အကျိုးကိုသာရည်စူး၍ဆွေးနွေး နေမှုများသည် ဥပဒေပြုရမည့်သူများ (Lawmaker) များက ဥပဒေချိုးဖောက်သူ (Lawbreaker) လုပ်နေခြင်း ပင်ဖြစ်သည်။

ထပ်မံ၍ မကြာခဏတွေ့ရှိရသော ''မထော်မနန်း'' လုပ်ရပ်တစ်ခုမှာ အစိုးရဌာနများ၏ အုပ်ချုပ်ရေးမဏ္ဍိုင် ကို    ဝင်ရောက် စွက်ဖက်ခြင်းပင်ဖြစ်သည်။ အောက်ခြေအဆင့်  ''မြို့နယ် အုပ်ချုပ်ရေးမှူးများကို မလျော်သြဇာပေး ခြင်းမှ သည် အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများကို အာဏာပြခြိမ်းခြောက်သည့် ပုံစံပြုမူခြင်းအထိ တွေ့ရှိရ သည်။ လွှတ်တော်ကိုယ်စားလှယ်များ၏တာဝန် ပုဒ်မ ၈ (င)၌  ''နိုင်ငံတော်နှင့် မဲဆန္ဒနယ်မြေဖွံ့ဖြိုး တိုးတက်ရေးအတွက်   ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်စေဘဲ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်း များနှင့် ဖြစ် စေ၊ အာဏာပိုင်ပုဂ္ဂိုလ်များနှင့်ဖြစ်စေ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခြင်း''ဟုသာ ပြဋ္ဌာန်းပေးထား သည်။  ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ပုဒ်မ ၁၁ (က)၌လည်း   ''နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင် သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန်ထိန်းကျောင်းခြင်းတို့ ပြုသည်''ဟု သတ်မှတ်ပြဋ္ဌာန်း ထား သည် ကိုတွေ့နိုင်သည်။ ၎င်းအချက်များသည်   ဥပဒေပြုမဏ္ဍိုင်၌ ရှိနေသည့်  လွှတ်တော်ကိုယ်စားလှယ်များ မဆို ထားနှင့်  သာမန်ပြည်သူများပင် သိရှိသည့်အချက်များ ဖြစ်သည်။   သိလျက်နှင့် ချိုးဖောက်ခြင်းလား၊ မသိ၍ ချိုးဖောက်ခြင်းလား ဆိုသည်မှာ ထိုချိုးဖောက်မှု ပြုလုပ်ခဲ့သည့် ကိုယ်စားလှယ်များ အသိဆုံးဖြစ်ပါလိမ့်မည်။ သို့သော်  ဤကဲ့သို့အရည်အချင်း မမီသူများ ချန်ထား၍ အရည်အချင်းပြည့် မီသူများကို ၂ဝ၂ဝ ရွေးကောက်ပွဲမှ တစ်ဆင့် ရွေးချယ်နိုင်ရေးမှာ ကျွန်တော်တို့ အားလုံး၏ တာဝန်သာဖြစ်ပါမည်။ ဒီမိုကရေစီဟူသည် နိုင်ငံရေး ဝါဒတစ်ခု မဟုတ်ပါ။

စနစ် (System) တစ်ခုဖြစ်ပါသည်။ ဒီမိုကရေစီနှင့် ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက်များစွာရှိသည်။ အရိုးရှင်းဆုံး အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ ''ဒီမိုကရေစီသည် ပြည်သူ့ အုပ်ချုပ်ရေးစနစ်ဖြစ်သည်''ဟူ၏။ ထို့ကြောင့် ဒီမိုကရေစီ၌ ပုံသေနည်းမရှိ။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၏ ယဉ်ကျေးမှု စရိုက်လက္ခဏာ၊   အမျိုးသားရေး စရိုက်လက္ခဏာနှင့် ကိုက်ညီသော စံချိန်စံညွှန်းကိုသာ ကျင့်သုံးနိုင်ဖို့လိုသည်။

စနစ်တစ်ခုကိုဖော်ဆောင်နိုင်ဖို့ ၎င်းစနစ်ကို ခိုင်မာစေမည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ လိုအပ်သည်။  အထူး သဖြင့်  ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ထူထောင်ကျင့်သုံးနိုင်ဖို့  တရားဥပဒေ စိုးမိုးရေးမှာ အဓိကကျသည်။ ပါးစပ်က ဒီမို ကရေစီပြောပြီး  လက်တွေ့အားဖြင့် ပြဋ္ဌာန်းထားသည့်  တရားဥပဒေ၊  စည်းမျဉ်းစည်းကမ်း များကိုရ သည့်နည်းဖြင့်  ဖီဆန်ပြနေသူများသည် ဒီမိုကရေစီစနစ်၏  ရန်သူစစ်စစ် ပင်ဖြစ်သည်။ ''အမိန့်အာဏာဟူသမျှ ဖီဆန်ကြ'' ဟူသော စကားအဆိပ်သည် ဒီမိုကရေစီ (Democracy) စနစ်ထက် မင်းမဲ့စရိုက် (Anarchy) ကိုသာ ဦးတည်စေနိုင် ကြောင်း သတိချပ်စေလိုပါသည်။ ဒေသ၏ကောင်းရာ ကောင်းကျိုးအဆိုပြုချက်များအား မျက်ကွယ်ပြုကာ နိုင်ငံရေးလက်စားချေရုံ သက်သက်ဖြင့် လွှတ်တော်ထိုင်ခုံ တွင်ထိုင်နေခြင်းသည်  ပြည်သူတို့ အတွက် နစ်နာမှုကိုသာ ဖြစ်ပေါ်စေပါသည်။ ဥပဒေပြုသူ (Lawmaker)များကို မရွေးမိဘဲ    ဥပဒေချိုးဖောက်သူ (Lawbreaker)  ကိုယ်စားလှယ်လောင်းများကို    မရွေးချယ်မိစေရေး ဆောင်ရွက်ရမည်မှာ   ကျွန်တော်တို့ အားလုံး၏ တာဝန် ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်။

ဇော်မင်းထွန်း(ရေနံချောင်း)၊ နွေကံ့ကော်(မြို့လှ)