ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၁၉)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ပြောကြားသည့် မိန့်ခွန်း

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၁၉)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ပြောကြားသည့် မိန့်ခွန်း

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ်လ ၁၇ ရက်)

ကျွန်မတို့    ဒီအစည်းအဝေးကို တက်ရောက်လာတဲ့ ဧည့်သည်တော်များ အားလုံး ကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။ ကျန်းမာချမ်းသာပါစေကြောင်း မေတ္တာပို့သပါတယ်။

ကျွန်မတို့အစိုးရကို ပြည်သူလူထုက နိုင်ငံတော်ရဲ့တာဝန်ကို ယုံကြည်စွာ အပ်နှင်းလိုက်ချိန်ကစပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေး သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်မတို့  UPDJC အဖွဲ့ဝင်တွေဟာ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်း တိုင်ပင်ပြီးတော့ ကျွန်မတို့ရဲ့ နိုင်ငံရေးပြဿနာတွေကို အဖြေရှာပေးနိုင်ဖို့ အတွက် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (Framework  for  Political  Dialogue)ကို ပြင်ဆင်ရေးဆွဲပြီး   နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်ကို ကျင်းပခဲ့ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) က   ပြင်ဆင်၊  ပြောင်းလဲ၊ ဖြည့်စွက်လို့မရနိုင်ပေမယ့်   NCA  အရ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးအတွက် ရေးဆွဲထားတဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိုတော့ ပြောင်းလွယ်၊    ပြင်လွယ်ရှိတာနဲ့အညီ လက်တွေ့ အခြေအနေတွေကို အခြေခံပြီး ပြင်ဆင်မှုတွေပြုလုပ် ခဲ့ကြရတာပဲဖြစ်ပါတယ်။

ဒီကနေ့ အစည်းအဝေးမှာ   ပထမဆုံး ပြောကြားလိုတဲ့ အချက်ကတော့ ကျွန်မတို့ UPDJCရဲ့ အခန်းကဏ္ဍပဲဖြစ်ပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို ဦးဆောင်ကြီးကြပ် လမ်းညွှန်ဖို့ တာဝန်ယူခဲ့ရတဲ့ ကျွန်မတို့ရဲ့ UPDJC ဟာ    သမိုင်းနဲ့ယှဉ်ပြီး ကြီးလေးတဲ့ တာဝန်ကြီးတွေကို ထမ်းဆောင်နေကြရတာဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကို အဓိက တာဝန်ယူရတယ် ဆိုပေမယ့်

နိုင်ငံရေးပြဿနာတွေနဲ့အတူ ဖြစ်ပွားလာခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနဲ့အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကိုလည်း ထည့်သွင်းစဉ်းစားရတာ ဖြစ်ပါတယ်။

UPDJC က    တာဝန်ယူရတဲ့   နိုင်ငံရေး ဆွေးနွေးပွဲတွေ အောင်မြင်ရေးဟာ UPDJC မှာပါဝင်နေတဲ့    အစုအဖွဲ့ခေါင်းဆောင် တွေ၊ ကိုယ်စားလှယ်တွေပေါ်မှာ အများကြီးမူတည်နေပါတယ်။ စေ့စပ်ညှိနှိုင်းရတဲ့ နိုင်ငံရေးစားပွဲဝိုင်းကို ရောက်လာရင် စေ့စပ်ညှိနှိုင်းမှုတွေ အမှန်တကယ် လုပ်နိုင်ဖို့က လိုပါတယ်။ ကိုယ့်ရပ်တည်ချက်၊ ကိုယ့်မူဝါဒကိုပဲ    တင်းတင်းမာမာ ဆုပ်ကိုင်ထားပြီး အပေးအယူ၊ အလျှော့အတင်း တစ်စုံတစ်ရာမှ လုပ်ကိုင်နိုင်စွမ်းမရှိဘူးဆိုရင် UPDJC ရဲ့ အနှစ်သာရဟာလည်း အချည်းနှီးပဲဖြစ်နေမှာ သေချာပါတယ်။ မတူညီတဲ့ အစုအဖွဲ့တွေကို ကိုယ်စားပြုကြရသူတွေ ဖြစ်ကြတဲ့အတွက် မတူညီတဲ့ သဘောထားတွေ၊ ကွဲပြားတဲ့ရှုမြင်ချက်တွေ၊ ခြားနားတဲ့ မျှော်မှန်းချက်တွေ ရှိနေကြတာကတော့ သဘာဝပါပဲ။ ဒါ့ကြောင့်လည်းပဲ နိုင်ငံရေးသဘောထား ကွဲပြားမှုတွေကနေ  လက်နက်ကိုင် ပဋိပက္ခတွေအထိ အဆိုးသံသရာ ရှည်ကြာခဲ့ရတာဖြစ်ပါတယ်။

နှစ်ပေါင်းခုနစ်ဆယ်ကျော် ရှည်ကြာခဲ့တဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းကြရာမှာ စိတ်ရှည်မှု၊ သည်းခံမှု၊ အပြန်အလှန် နားလည်မှုတွေ အရင်းခံပြီး ဆွေးနွေးညှိနှိုင်းနိုင်ကြဖို့ အရေးကြီးပါတယ်။ နှစ်ပေါင်းများစွာ နိုင်ငံရေးသဘောထား ကွဲပြားမှုတွေနဲ့အတူ သံသယတွေ၊ မယုံကြည်နိုင်မှုတွေ၊ နာကျင်မှုတွေ အမြစ်တွယ်နေခဲ့တာတွေကိုလည်း နှလုံးသားနဲ့မျှဝေပြီး နားလည်သိမြင် ခံစားနိုင်ကြဖို့လည်း အရေးကြီးပါတယ်။

အဓိကအချက်ကတော့ နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းကြသူတွေဟာ မိမိတို့ ကိုယ်စားပြုတဲ့ အစုအဖွဲ့တစ်ဖွဲ့တည်းရဲ့ အကျိုးစီးပွားထက် ပြည်ထောင်စုတစ်ခုလုံးရဲ့အကျိုးစီးပွား၊ တိုင်းရင်းသားပြည်သူ အားလုံးရဲ့အကျိုးစီးပွား၊  အနာဂတ် မျိုးဆက်သစ်တွေရဲ့ အကျိုးစီးပွားကို ရှေးရှုနိုင်ကြဖို့လည်း အရေးကြီးပါတယ်။ စေ့စပ်ညှိနှိုင်းကြရာမှာ အပေးအယူ၊ အလျှော့အတင်း ဆောင်ရွက်နိုင်တဲ့ ပျော့ပျောင်းသူတွေဖြစ်ဖို့ လိုအပ်သလိုဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ပန်းတိုင်ကို လျှောက်လှမ်းရာမှာ မဆုတ်မနစ်၊ သတ္တိရှိရှိ ဆောင်ရွက်နိုင်တဲ့ သန္နိဋ္ဌာန်မာကျောသူတွေ ဖြစ်ဖို့လည်း အင်မတန်လိုအပ်ပါတယ်။

ဒုတိယအချက်အနေနဲ့  ပြောကြားလိုတာကတော့   ကျွန်မတို့ပြည်ထောင်စုရဲ့ ပန်းတိုင်ပဲဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်နိုင်မှ ငြိမ်းချမ်းရေးရနိုင်မယ်ဆိုတာကို ကျွန်မတို့အဖွဲ့ချုပ်အနေနဲ့ အရင်ကတည်းက ပြောထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီကနေ့နိုင်ငံရေး မျက်နှာစာမှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတာဟာ အားလုံးလက်ခံတဲ့ ပြည်ထောင်စုရဲ့ ပန်းတိုင်ဖြစ်လာခဲ့ပါပြီ။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆိုတာဟာ    ရေရှည်လျှောက်လှမ်းသွားရမယ့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်သလို ဖက်ဒရယ် တည်ဆောက်ရေး ဆိုတာဟာလည်း ရေရှည်ဖော်ဆောင်သွားရမယ့် လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်ပြီး တည်ဆောက်သွားကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်မတို့ရဲ့ ပြည်ထောင်စု တည်ဆောက်ရေးဟာ ငြိမ်းချမ်းရေး တည်ဆောက်ရေးကို အခြေခံမှ အဆင်ပြေမယ့် ပကတိ အခြေအနေမှန်တွေကလည်း ရှိနေပါသေးတယ်။

ဒီနေရာမှာ ဘယ်လိုဒီမိုကရေစီမျိုး၊ ဘယ်လိုဖက်ဒရယ်မျိုး ဆိုပြီး နမူနာတွေ၊ ဝေါဟာရတွေနဲ့အငြင်းပွားနေကြတာတွေနဲ့ ပတ်သက်ပြီးလည်း   ကျွန်မအနေနဲ့ ထောက်ပြလိုတာ တစ်ခုရှိပါတယ်။ ဝေါဟာရတွေ၊ စကားရပ် အခေါ်အဝေါ်တွေအပေါ်မှာအငြင်းပွားနေတဲ့ အခက်အခဲတွေရဲ့ အရင်းခံဇာစ်မြစ်ဟာ ယုံကြည်မှု တည်ဆောက်ရေးပြဿနာပဲဖြစ်ပါတယ်။    နိုင်ငံရေးအရ ကြုံတွေ့ရတဲ့ ပြဿနာမဟုတ်ဘဲ၊ တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုအရ   ကြုံတွေ့ရတဲ့ ပြဿနာတွေလို့ ဆိုနိုင်ပါတယ်။   နောက်ကြောင်း ပြန်ကြည့်လိုက်ရင်လည်း ဆန့်ကျင်ဘက် အစုအဖွဲ့တွေကြားမှာ နှစ်ပေါင်းခုနစ်ဆယ်ကျော် ဖုံးလွှမ်းပိတ်လှောင်ထားခဲ့ကြတဲ့ သံသယတွေ၊ မယုံကြည်မှုတွေ၊ သဘောထား ကွဲပြားမှုတွေကို လျှော့ချနိုင်ပြီး ယုံကြည်မှု တည်ဆောက်ရေးကို အများကြီး လုပ်ကြရဦးမှာဖြစ်ပါတယ်။ ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် တစ်ဦးနဲ့တစ်ဦး၊ အစုအဖွဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့အကြား နားလည်မှုတည်ဆောက်ရေးကို အလေးထားပြီး ကျွန်မတို့ ဆောင်ရွက်ကြရဦးမှာပါ။ နားလည်မှုတည်ဆောက်ရေး၊ ယုံကြည်မှု တည်ဆောက်ရေး ဆိုတာတွေဟာလည်း အပြောလွယ်သလောက် လက်တွေ့ကျင့်ကြံ အားထုတ်ဖို့လည်း   အင်မတန် ခက်ခဲတယ်ဆိုတာ အားလုံးသိရှိကြပြီး ဖြစ်ပါလိမ့်မယ်။ တစ်ဦးနဲ့တစ်ဦး နားလည်နိုင်ဖို့၊    ယုံကြည်နိုင်ဖို့ဆိုရင် ကာလရှည်ကြာ တည်ဆောက်ခဲ့တဲ့ ခံစားချက်တွေကို မျှဝေပေးနိုင်ဖို့ အထူးပဲအရေးကြီးပါတယ်။ ခံစားချက်တွေကို မျှဝေနားလည်မှုပေးနိုင်မှ ရင်ထဲမှာ အမြစ်တွယ်နေတဲ့ပြဿနာတွေကို အမှန်အတိုင်း၊ အရှိအတိုင်း နားလည်သိမြင်ပြီး သဘောပေါက်လာနိုင်မှာပါ။

တတိယအချက် အနေနဲ့   ပြောကြားလိုတာကတော့    ကျွန်မတို့အားလုံးရဲ့ ပြည်ထောင်စုကြီး ရှေ့ခရီးပဲဖြစ်ပါတယ်။

ကျွန်မတို့နိုင်ငံလို လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့  လက်နက်ကိုင်ပဋိပက္ခ ဆယ်စုနှစ်များစွာ ရှည်ကြာခဲ့တဲ့ နိုင်ငံတစ်နိုင်ငံမှာ ဖြေရှင်းရမယ့် ပြဿနာတွေကလည်း များပြားလှပါတယ်။ များပြားလှတဲ့ နိုင်ငံရေးပြဿနာတွေထဲကနေ ဘယ်အရာက အရေးကြီးဆုံးလဲ၊ ဘယ်ပြဿနာကို ဦးစားပေး ဖြေရှင်းသင့်သလဲဆိုတာကို ကျွန်မတို့ သုံးသပ်ခွဲခြားနိုင်ဖို့ အရေးကြီးပါတယ်။

စိတ်ကူးစိတ်သန်းတွေထဲမှာ မျှော်မှန်းထားတဲ့ ပြည်ထောင်စုကတော့ တကယ့်ကိုစံပြု အနေနဲ့ စံနှုန်းအပြည့် ရှိချင်ရှိနေပါလိမ့်မယ်။

ဒါပေမဲ့ ဒီလိုမျှော်မှန်းချက်တွေ အများကြီး ရှိနေတဲ့အခြေအနေမှာ ပြည်ထောင်စုကို ဘယ်လိုပုံစံမျိုး၊ ဘယ်လိုလမ်းကြောင်းမျိုးနဲ့ တစ်ဆင့်ပြီးတစ်ဆင့် ပုံဖော်ကြမလဲဆိုတဲ့ ချဉ်းကပ်မှုနဲ့ စဉ်းစားချက်ကသာ အလုပ်လည်းဖြစ်၊ လက်တွေ့လည်းကျ၊ မဟာဗျူဟာအရလည်း မှန်ကန်နိုင်မှာဖြစ်ပါတယ်။

နိုင်ငံဖွံ့ဖြိုးရေးနဲ့ နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဖက်ဒရယ် တည်ဆောက်ရေး၊နောက်ဆုံး ပြည်ထောင်စု တိုင်းရင်းသား ပြည်သူအားလုံးရဲ့ အနှစ်နှစ်အလလ မျှော်လင့်ခဲ့ကြတဲ့ ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးအတွက် စတင်လျှောက်လှမ်းနိုင်မယ့်လုပ်ငန်းစဉ် အဆင့်ဆင့်ကို နည်းလမ်းရှာပြီး ပုံဖော်ပေးထားတာကတော့   (၂၁)ရာစုပင်လုံ၊ စတုတ္ထအစည်းအဝေးမှာ ကျွန်မတို့ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ်၊ အစိတ်အပိုင်း(၃)ပဲဖြစ်ပါတယ်။ ဒီစာချုပ်ဟာ    ကျွန်မတို့နိုင်ငံရဲ့  အနှစ်နှစ်အလလ နိုင်ငံရေးပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မယ့် လုပ်ငန်းစဉ်တစ်ရပ်ကို စတင်ဖန်တီးပေးလိုက်တာပဲဖြစ်ပါတယ်။ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် သမိုင်းဝင်မယ့် ပဋိညာဉ်တစ်ရပ်ဖြစ်လာတော့မယ့် ဒီစာချုပ်ကို လာမယ့်ညီလာခံမှာ လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ရေးအတွက် ကျွန်မတို့ UPDJC အနေနဲ့ ဆက်လက်ကြိုးပမ်း အားထုတ်ကြရဦးမှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ COVID-19 ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးကာလမှာ ကျင်းပရတဲ့   (၂၁)ရာစုပင်လုံ ညီလာခံ  အောင်မြင်ရေးပဲ ဖြစ်ပါတယ်။ အားလုံးသိကြပြီး ဖြစ်တဲ့အတိုင်း ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းကြရာမှာ ကျွန်မတို့နိုင်ငံအနေနဲ့ ချမ်းသာတဲ့နိုင်ငံ တစ်နိုင်ငံမဟုတ်ပေမယ့်လည်း အကောင်းဆုံး၊ အထိရောက်ဆုံးနဲ့ စနစ်တကျ တုံ့ပြန်ရင်ဆိုင်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါပြီ။

ဒီလိုဖြစ်လာဖို့လည်း လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်း တင်းကျပ်မှုတွေ လုပ်ဆောင်ရသလို ကျွန်မတို့ပြည်သူတစ်ရပ်လုံးကလည်း အသိစိတ်ဓာတ်ရှိရှိ၊ နားလည်မှု အပြည့်အဝနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကပ်ရောဂါရဲ့ အခြေအနေက အမျိုးမျိုးပြောင်းလဲနေသလို၊ နိုင်ငံတကာမှာလည်း ဒုတိယလှိုင်း၊ တတိယလှိုင်းတွေဆက်လက်ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် လုံးဝစိတ်ချရတဲ့ အခြေအနေကို မရောက်သေးပါဘူး။ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးအတွက် မပေါ့မဆ၊ သတိရှိရှိနဲ့ဆက်လက်ပြီး ဆောင်ရွက်နေရတုန်းပဲ ဖြစ်ပါတယ်။

ဒီလိုအချိန်၊ ဒီလိုအခြေအနေမျိုးမှာ (၂၁)ရာစုပင်လုံ ညီလာခံကို ကျင်းပပြုလုပ်ရတာ ဖြစ်တဲ့အတွက် ညီလာခံ ကိုယ်စားလှယ် အချိုးအစား လျှော့ချလိုက်ရတာတွေ၊ ကျန်းမာရေး၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွတ်အောင် လိုက်နာဆောင်ရွက်ရတာတွေ ရှိပါတယ်။ ဒီလိုမျိုး စည်းမျဉ်းသတ်မှတ်ချက်တွေနဲ့ ကန့်သတ်ဆောင်ရွက်ရတဲ့ အတွက် နားလည်မှုပေးကြဖို့ UPDJC အဖွဲ့ဝင်တွေ၊ ညီလာခံ ကိုယ်စားလှယ်တွေ၊   အစုအဖွဲ့ ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုပါတယ်။

ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြလို့လည်း ကျေးဇူးတင်ပါတယ်။ ဒီကနေ့ တက်ရောက်လာကြတဲ့ UPDJC အဖွဲ့ဝင်တွေ အားလုံး ကပ်ရောဂါအပါအဝင် အနာရောဂါအမျိုးမျိုး ကင်းဝေးပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာစွာနဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးမှာ ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း  ဆုမွန်ကောင်း တောင်းရင်းနဲ့   နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။