အနာဂတ်အတွက် သတင်းကောင်း

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၁၈ ရက်)

၂ဝ၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင်စတင်ခဲ့သော ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ကမ္ဘာသူ၊ ကမ္ဘာသားများ ဒုက္ခပင်လယ် ဝေလျက်ရှိသည်မှာ လပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ လူသားတို့ အနေအထိုင်ကျဉ်းကျပ်စွာ နေထိုင်ကြရသည်။ အစားအသောက်လည်းထိုနည်းတူစွာ၊ အသွားအလာလည်းထိုနည်းတူစွာ ကန့်သတ်မှု များနှင့် နေထိုင် လှုပ်ရှားနေကြရသည်။ စိတ်ကျဉ်းကျပ်၊ ကိုယ်ကျဉ်းကျပ်နှင့် အိမ်တွင်းမှာ နေထိုင်ရဖန်များလာ သောအခါ အချို့က စိတ်ဓာတ်ကျဆင်းလာသည်။  ဒီရောဂါဘေးက လျင်မြန်စွာ လွတ်မြောက်ရေးအတွက်  ဆုတောင်းကြ သည်။

မြန်မာပြည်အရပ်ရပ်ရှိ ဆရာတော်၊ သံဃာတော်များသည် မြန်မာပြည် အတွက်သာမက ကမ္ဘာသူ၊ ကမ္ဘာ သားများ ဘေးအပေါင်းရန်အပေါင်း အန္တရာယ်များမှ လွတ်ကင်းစေကြောင်း ဆုတောင်းမေတ္တာပို့သလျက်ရှိသည်။ ဘုရားရှင် လက်ထက်က ဝေသာလီပြည်တွင် ကပ်ရောဂါဘေးကြုံတွေ့သောအခါ ရတနသုတ်ပရိတ်တော်ကို ရွတ်ဖတ် သရဇ္ဈာယ် ပူဇော်ကြသည်။ အဆိုပါပရိတ်တော် အစွမ်းကြောင့်လည်း မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကြောင့်  သေဆုံးမှု နည်းခဲ့သည်။  ဝဋ်ဒုက္ခအပေါင်းမှ  အမြန်ဆုံးလွတ်မြောက်စေချင်သည်မှာ  လူသားတိုင်း၏ စိတ်ဆန္ဒဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ကမ္ဘာ့နိုင်ငံအချို့တွင် COVID-19 ရောဂါ ကာကွယ်ဆေးထုတ်လုပ် အောင်မြင်မှုသတင်းများ ကိုကြား သိရသည်။ လူသားတို့အတွက် သတင်းကောင်းဖြစ်သည်။ စမ်းသပ်အောင်မြင်ခဲ့သည့်  COVID-19 ရောဂါ ကာကွယ်ဆေးကို ပထမအသုတ်အဖြစ် ရုရှားနိုင်ငံက  စတင်ထုတ်လုပ်ဟူသော သတင်း ကောင်းတွေ့ရသည်။ ရုရှားနိုင်ငံသည် လူသားများတွင် နှစ်လနီးပါးကြာစမ်းသပ်ထားသည့် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို ပထမဆုံး အတည်ပြုသည့်နိုင်ငံဖြစ်လာကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က သြဂုတ် ၁၁ ရက်တွင်ပြောသည်။ လက်ရှိ ထုတ်လုပ်နေပြီဖြစ်သည့် အဆိုပါကာကွယ်ဆေးကို  ယခုလကုန်ပိုင်းတွင် ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ကမ္ဘာလုံးက ဗိုင်းရပ်ကာကွယ်ဆေး ထုတ်လုပ်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေစဉ် ယင်းကာကွယ်ဆေးကို အချိန်တိုအတွင်း စမ်းသပ်ကာ ထုတ်လုပ်ခွင့်ပြုခြင်းကြောင့် နိုင်ငံ၏ ဂုဏ်သိက္ခာ ထိခိုက်လာမည်ကို သိပ္ပံ ပညာရှင် အချို့က စိုးရိမ်နေကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးကို လူထောင်ပေါင်းများစွာ ပါဝင်သည့် နောက်ဆုံး အဆင့် စမ်းသပ်မှုမပြီးဆုံးမီ တာဝန်ရှိသူများက ကာကွယ်ဆေးကိုထုတ်လုပ်ခွင့်ပြုခြင်းကြောင့် စိုးရိမ် မှုထွက် ပေါ်လာခြင်းဖြစ်သည်။

ရုရှားသမ္မတဗလာ ဒီမာပူတင်က နိုင်ငံ့ခေါင်းဆောင်ကောင်း ပီသစွာ ရဲရဲဝံ့ဝံ့ ထုတ်လုပ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်မှာ ခိုင်လုံသောအကြောင်းပြချက်ရှိနေသည်။ ၎င်း၏သမီးတစ်ဦး ကိုယ်တိုင် အစမ်းသပ်ခံအဖြစ် ပါဝင်စေပြီး ရလဒ် ကောင်းများ ရရှိထားခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။ ဆေးအမည်ကို Sputnik V ဟု အမည်ပေးထားပြီး လူသားများအသုံးပြုရန် စိတ်ချမှုရှိသည်ဟု သမ္မတကိုယ်တိုင်ပြောကြားထားသည်။ အဆိုပါကာကွယ် ဆေးကို ယခုနှစ်ကုန်နှင့် နောက်နှစ်အစောပိုင်း တို့တွင် တစ်လလျှင်ဆေးအလုံးရေ ငါးသန်းဝန်းကျင်ထုတ်လုပ် သွား မည်ဖြစ်ကြောင်း  ထိုကာကွယ်ဆေးကို ထုတ်လုပ်သည့်  ဂမယ်လီယာ သုတေသနအဖွဲ့က  အစောပိုင်းတွင်  ပြောကြား ထားပေသည်။

လူသားတို့ကောင်းကျိုးပြုလုပ်ရပ်များအတွက် လွန်စွာဝမ်းသာဖွယ်ကောင်းသော သတင်းကောင်းဖြစ်သည်။

COVID-19 ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း စီးပွားရေး၊ လူမှုရေး၊ ပညာရေးများ တိုးတက်မှု နှေးကွေးလျက်ရှိသည်။ သာမန်မျက်စိဖြင့်မမြင်နိုင်သော ကိုရိုနာဗိုင်းရပ်ပိုးကို သူတစ်ပါးမှ မိမိထံသို့ ကူးစက် လာမှာ ကြောက်ရွံ့လျက်ရှိသည်။ မိမိထံမှ သူတစ်ပါးသို့ ကူးစက်သွားမည်ကိုလည်း မိမိတို့က အသိစိတ်ဖြင့် ထိန်းသိမ်း နေထိုင်ကြရပေမည်။ အခြေခံအချက်ဖြစ်သော နှာခေါင်းစည်းတပ်ခြင်း၊ လက်ဆေးခြင်းတို့သည် အမြဲတမ်းသတိဖြင့် ပြုမူနေရမည့် ကိစ္စရပ်ဖြစ်သည်။

နိုင်ငံတချို့တွင် COVID-19 ရောဂါပြန်လည်ဖြစ်ပွားနေသည့် အတွက် ဒုတိယလှိုင်းဟူ၍ပင် ခေါ်ဆိုကြသည်။ လူသားတို့သဘာဝ ပြင်းထန်သော အခြေအနေ တစ်ခုကို ရင်ဆိုင်ပြီးသွားလျှင် အခြေအနေလည်း အေးဆေး ဖြစ်သွား သောအခါ စိတ်လည်းအေးဆေးစွာနေတတ်ကြသည်။ လူတိုင်းလိုက်နာလုပ်ဆောင်သင့်သော လက်ဆေး ခြင်းမျိုး၊ နှာခေါင်းစည်းစည်းခြင်းမျိုးကို ပေါ့လျော့စွာပြုမူတတ်သည်။ ဆပ်ပြာနှင့်ရေကိုအသုံးပြုပြီး စက္ကန့်၂ဝ  ကြာအောင် လက်ဆေးဖို့ လိုအပ်ရခြင်းမှာ ကိုရိုနာဗိုင်းရပ်ပိုး ပျက်စီးသွားပြီး အပိုင်းပိုင်းဖြစ်သွားစေရန် အတွက်ဖြစ်သည်။ ဗိုင်းရပ်ပိုးသည် လေထဲမှ တစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ပေရာ နှာခေါင်းစည်းတပ်ထားခြင်းဖြင့် ကာကွယ်နိုင်ပေသည်။ လူတစ်ဦးနှင့် တစ်ဦး ၆ ပေကွာနေထိုင်ခိုင်းခြင်းမှာလည်း ရောဂါကာကွယ်ရေးအတွက် ပင်ဖြစ်ပေသည်။

ယခုအခါ မိမိတို့၏ မိတ်ကောင်းဆွေကောင်း နိုင်ငံဖြစ်သော ရုရှားနိုင်ငံမှ COVID-19 ရောဂါကာကွယ် ဆေး အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဟူသော သတင်းသည် နိုင်ငံအတွင်းကြုံတွေ့နေရသော အခက်အခဲများ ပြေလည် ရေးအတွက် အားတက်ဖွယ်ဖြစ်ပေသည်။ COVID-19 ရောဂါကြိုတင်ကာကွယ်ဆေး လုံလောက်စွာ ထုတ်လုပ်နိုင်ပြီ ဆိုပါက မကြာမီကာလ အပိုင်းအခြားတွင် ကမ္ဘာ့လူသား တို့သည် ပိုနေမြဲကျားနေမြဲ လှုပ်ရှားသွားလာ နေထိုင်နိုင် တော့ မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။     ။