နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ကချင်ပြည်နယ်အတွင်းရှိ မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်  သြဂုတ်  ၁၈

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်သည် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်လင်းအောင်၊ ဝန်ကြီးဌာနနှင့် ဒေသမှ တာဝန်ရှိသူများ လိုက်ပါလျက် သြဂုတ် ၁၄ ရက်မှ ၁၆ ရက်အထိ ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မဂွေဇ-ခေါင်လန်ဖူးကားလမ်း(၆၅/၄)မိုင်၏ မေခမြစ်(ရီဒမ်း)အရှေ့ဘက်ခြမ်းလမ်း ဆက်လက်ဖောက်လုပ်နေမှု အခြေအနေများ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် သြဂုတ် ၁၄ ရက်တွင် ပူတာအိုမှတစ်ဆင့် မဂွေဇ-ခေါင်လန်ဖူး(၆၅/၄)မိုင် လမ်းဖောက်လုပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်နှင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တို့တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် မြေလမ်း၊ ကျောက်လမ်း၊ တံတားများ၊ Box Culvert များ၏ ကောင်းမွန်မှု အခြေအနေများ၊ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသည့် တံတားလေးစင်းတည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် မေခမြစ်ကူး မူလကြိုးတံတားအဟောင်းကို(၃/၄)တန်ယာဉ်ငယ်များ ယာယီဖြတ်သန်း အသုံးပြုနိုင်ရေးအတွက်    တံတားကြံ့ခိုင်မှု၊ ပြုပြင်ထိန်းသိမ်းထားမှု အခြေအနေများကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး  လိုအပ်သည်များ   မှာကြားဖြည့်ဆည်း ပံ့ပိုးပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် သြဂုတ် ၁၅ ရက်တွင် မဂွေဇ-ခေါင်လန်ဖူးကားလမ်း (၆၅/၄)မိုင်အနက် ဖောက်လုပ်ပြီးစီးခဲ့သည့် မေခမြစ်(ရီဒမ်း)အရှေ့ဘက်ခြမ်းမိုင်တိုင်(၄၇/၇)မိုင် လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့ပြီး ကျောက်တောင်များ မိုင်းခွဲရန်ပြင်ဆင်နေမှု၊ ယန္တရားများဖြင့် လမ်းဆက်လက် ဖောက်လုပ်နေမှု အခြေအနေများကို ခြေကျင်ခရီးဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးပြီး လမ်းလုပ်ငန်း ဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှစစ်သည်များ၊ ဒေသခံဌာနေ လုပ်သားများအား လမ်းဖောက်လုပ်ခြင်း လုပ်ငန်းနှင့် စပ်လျဉ်း၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေး အတွက် ဝီရိယစိုက်ထုတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ယခုလိုကြမ်းတမ်းသည့် မိုးရာသီကာလ၌ ခက်ခဲသည့် မြေပြင်အနေအထားတွင် လုပ်ငန်းဆောင်ရွက်နေကြသူများကို ဂုဏ်ပြု မှတ်တမ်းတင်ကြောင်း မှာကြားခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သြဂုတ် ၁၆ ရက်တွင် ဇီဝဒမ်းလမ်းလုပ်ငန်း ရှင်းလင်း ဆောင်သို့ရောက်ရှိရာ လမ်းလုပ်ငန်းပြီးစီးမှုနှင့် ရှေ့ဆက်လက် လမ်းဖောက်လုပ်သွားမည့် အစီအမံများအား အင်ဂျင်နီယာမှူး ကြီး ဦးခင်မောင်လတ်နှင့် လမ်းအပိုင်းလိုက် တာဝန်ယူဆောင်ရွက်နေကြသည့် တာဝန်ခံ အင်ဂျင်နီယာများ၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တာဝန်ခံအရာရှိများက အသေးစိတ်ရှင်းလင်း တင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းများ အောင်မြင်ချောမွေ့စွာ ဆောင် ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးပြီး လမ်းစီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေသည့် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များနှင့် ဒေသခံဌာနေလုပ်သားများကိုထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး  ပူတာအိုသို့ မော်တော်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာသည်။

မဂွေဇ-ခေါင်လန်ဖူးကားလမ်း(၆၅/၄)မိုင်အား နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်၊ တပ်မတော်၏ ထောက်ပံ့ပူးပေါင်း ဆောင်ရွက်မှု၊ ဒေသခံပြည်သူများနှင့် လက်တွဲ၍ နယ်စပ်ရေးရာ ဝန်ကြီးဌာနက အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဟန်ချက်ညီညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကြောင့် ပွင့်လင်းရာသီတွင် ပူတာအို-မဂွေဇ-ရီဒမ်း (မေခမြစ်ကူးကြိုးတံတား) အထိ မော်တော်ယာဉ်များဖြင့် လည်းကောင်း၊ ရီဒမ်းမှခေါင်လန်ဖူးအထိ ဆိုင်ကယ်များဖြင့် လည်းကောင်း နေ့ချင်းပေါက် သွားလာနိုင်ပြီဖြစ်ပြီး မကြာမီကာလအတွင်း ခေါင်လန်ဖူးမြို့အထိ ကားလမ်းပေါက်အောင် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆက်လက်ဖောက်လုပ်လျက်ရှိသည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခရီးစဉ် အတွင်း ပူတာအိုမြို့နယ်ရှိ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းနှင့် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများသို့ ရောက်ရှိပြီး ကျောင်းအုပ်များ၊ နည်းပြများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သင်တန်းသူများအားတွေ့ဆုံ၍ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပြီး ထောက်ပံ့ငွေများပေးအပ်ကာ သင်တန်းကျောင်းဝင်းအတွင်းရှိ  ကျောင်းသားအိပ်ဆောင် များ၊စားရိပ်သာများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ်  ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။