ရဲသော်မသေ သေသော်ငရဲမလား

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၁၉ ရက်)

တပ်မတော်သားတို့သည် နေ့စဉ်သစ္စာ ဓိဋ္ဌာန်လေးချက်ကို ရွတ်ဆိုကြရသည်။ ထိုသစ္စာဓိဋ္ဌာန်လေးချက် အတိုင်း တိကျစွာ လိုက်နာ၍ တာဝန်ကိုကျေပွန်စွာထမ်းဆောင်လျက်ရှိကြသည်။ နိုင်ငံတော်တွင် ပေါ်ပေါက်လာသော အဖျက်ရန် မှန်သမျှကို စွန့်လွှတ်စွန့်စားမှုနှင့် ရဲဝံ့ပြောင်မြောက်စွာ တိုက်ဖျက်လျက်ရှိသည်။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ် ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက် မည်ဆို သည့်အတိုင်း သဘာဝဘေး၊ ကပ်ရောဂါဘေးတို့တွင် စွမ်းအားရှိသမျှ ဆောင်ရွက်ပေးလျက်ရှိသည်။

လူသားတိုင်းတွင် တန်ဖိုးအထားဆုံးသောအရာမှာ မိမိ၏အသက်ရှင်သန်ရေးဖြစ်သည်။ တပ်မတော်သား တို့သည် အသက်ကို ပဓာနမထားဘဲ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေကြသူများဖြစ်သည်။

တပ်မတော်သားများသည် ပြည်သူလူထုအတွက် အများကောင်းကျိုးသယ်ပိုးဆောင်ရွက်ခြင်းဖြစ်၍   လူတိုင်းသည် တစ်သက်တွင် တစ်ခါသာ သေရမြဲဖြစ်ပေရာ ရဲစွမ်းသတ္တိရှိသူအတွက် လူသေသော်မှ နာမည် သေမည်မဟုတ်ပါ။ ရဲသော်မသေ သေသော်ငရဲမလား ဟူသောစကား၏အခြေခံအကြောင်းတရားကို အလျဉ်းသင့်သဖြင့်ဖော်ပြလိုပေ သေးသည်။  ရှေးအခါက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးတွင် ပဉ္စာဝုဓ အမည်ရှိသောသားတစ်ပါးရှိသည်။ အရွယ်ရောက်သော အခါ တက္ကသိုလ်ပြည်၌ ပညာသင်စေသည်။

အတတ်မျိုးစုံတတ်မြောက်အောင်သင်ပြီးလျှင် ဆရာပေးလိုက်သော လေး၊ မြား၊ တောင့်၊ သန်လျက်၊ ဆောက်ပုတ်  ဟူသောလက်နက်ငါးပါးကိုယူ၍ တက္ကသိုလ်ပြည်မှ ဗာရာဏသီပြည်သို့ပြန်ခဲ့သည်။

လမ်းခရီးအကြား၌ သိလေသလောမ ဘီလူးစောင့်သော တောအုပ်သို့ရောက်ရှိသည်။ သိလေသလောမ ဟူသော အမည်မှာ စေးထန်းသော အမွေးရှိပြီး ထိုအမွေးဖြင့်ငြိစေ၍ ဖမ်းစားတတ်သောကြောင့် ထိုအမည် တွင်ခြင်းဖြစ်သည်။ ထိုတောအုပ်သို့ မင်းသားရောက်လေသော် အခြားသူတို့မဝင်ရန်တားသော်လည်း ပဉ္စာဝုဓ မင်းသားသည် မကြောက်မရွံ့ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်သော အသံကိုကြုံးဝါးလျက် ထိုတောအုပ်သို့ဝင်လေသည်။

ထိုတောအုပ်လယ်သို့ရောက်သော် ဘီလူးသည် ကိုယ်ထင်ပြ၍ ''အဘယ်သို့သွားအံ့နည်း၊ ငါ့အစာတကား၊ ရပ်လေ''ဟုဆိုသည်ကို မင်းသားလည်း ကြုံးဝါးလျက် ဆိပ်လူးမြားဖြင့် ပစ်သော် ထိုမြားသည် ဘီလူး၏အမွေး တို့၌သာကပ်ငြိ၍  မြားငါးဆယ်တိုင်အောင် ကုန်လေသည်။  ထိုမြားအားလုံးကို ခါချပြီးလျှင် မင်းသားထံ  ဘီလူး ချဉ်းကပ်သည်။ မင်းသားလည်းကြိမ်းမောင်း၍ သန်လျက်ဖြင့် ခုတ်ပြန်သည်။ သုံးဆယ့်သုံးသစ်အလျား ရှိသော သန်လျက်သည် အမွေးသို့သာ ကပ်ငြိပြန်လေသည်။

ထို့နောက် လေးဖြင့်လည်းကောင်း၊ တောင့်ဖြင့်လည်းကောင်း၊ ဆောက်ပုတ်ဖြင့်လည်းကောင်း အဆင့်ဆင့် ရိုက်ပြန် သည်တွင် ယခင်နည်းပင်ကပ်ငြိပြန်လေသည်။ ပဉ္စာဝုဓမင်းသားလည်း လက်နက်ငါးပါးလုံးပင် ကပ်ငြိ သောအဖြစ်ကို သိ၍ ''ငါ့ကို ပဉ္စာဝုဓမင်းသားဟု မကြားဖူးလော၊ လက်နက်ငါးပါးကို အားကိုး၍ ဤတောသို့  ငါဝင် သည်မဟုတ်၊ ငါ့ကိုယ်ငါသာ အားကိုး၍ ငါဝင်သည်။  နင့်ကိုမှုန့်မှုန့် ညက်ညက်ကြေစေအံ့'' ဟုကြုံးဝါး၍  လက်ယာ လက်ဖြင့် သတ်သည်တွင် ကပ်ငြိမြဲကပ်ငြိပြန်လေသည်။ လက်ဝဲလက်၊ လက်ယာခြေ၊ လက်ဝဲခြေ၊  ဦးခေါင်းတို့ အသီးသီးရိုက်သတ်ပုတ်ခတ်သည်တွင်လည်း ကပ်ငြိမြဲ ကပ်ငြိပြန်လေသည်။

လက်နက်ငါးပါးနှင့် မင်းသား၏ကိုယ်သည် ဘီလူးနှင့် ကပ်လျက်ရှိနေသော်လည်း မင်းသားကားကြောက်ရွံ့ ခြင်းမရှိသော အခါ ဘီလူးက ''အဘယ်ကြောင့် သင်မကြောက်သနည်း''မေးလာသည်။ ''လူဆိုတာ တစ်ဘဝမှာ တစ်ခါသာသေရမည်။ ငါမကြောက်သည်က ငါ့ဝမ်းထဲ၌ဝရဇိန်လက်နက်ရှိသည်။   ငါ့ကိုနင်စားသော်  ထိုလက်နက် မကြေနိုင်ဘဲ နင့်အူများ အပိုင်းပိုင်းပြတ်၍ နင်သေလတ္တံ့။ နှစ်ဦးစလုံးပင်ပျက်စီး ရအံ့သောကြောင့် ငါမ ကြောက်ခြင်းဖြစ်သည်''ဟူ၍ ပြန်ပြောလိုက်သည်။ မင်းသား၏ ဆိုလိုရင်းမှာ မိမိကိုယ်တွင်း၌ ပညာကို ရည်ရွယ်၍ ဝရဇိန် လက်နက်ဟုဆိုခြင်းဖြစ်သည်။ နောက်ဆုံးတွင် ဘီလူးသည် မင်းသားကိုရန်မပြုတော့ဘဲ လွှတ်လိုက်လေ သည်။

ဤသို့လျှင် ပဉ္စာဝုဓမင်းသားသည် ရဲရင့်တည်ကြည်လျက် လုံ့လဝီရိယပြုသဖြင့် ကြမ်းကြုတ်ခက်ထန် စောင်မာန်ကြီး သော လူသားစားဘီလူးကိုပင် အောင်မြင်၍ ဗာရာဏသီမင်းအဖြစ်သို့ ရောက်ဖူးသည်။ ပဉ္စာဝုဓ မင်းသားကဲ့သို့ မတွန့်တိုသောစိတ်နှလုံး၊ လုံ့လဝီရိယရှိသောသူသည် လောကီစည်းစိမ်သာမက လောကုတ္တရာ စည်းစိမ်ကို ရနိုင်လေသည်။ ဤဇာတ်ကိုထောက်၍ ''ရဲသော်မသေ၊ သေသော်ငရဲမလား''ဟု အစဉ်ဆိုရိုး တွင်နေခြင်း ဖြစ်ပါကြောင်း မှတ်သားဖွယ် ရေးသားလိုက်ရပေသည်။   ။

။။။။။။။။။။။။