ကမ္ဘာ တည်သရွေ့ လိုအပ်နေမည့် အရာ

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၂ဝ ရက်)

လူသား တစ်ဦးတွင် အတွေးအခေါ်နှင့်စဉ်းစား ဆုံးဖြတ်တတ်သော ဆင်ခြင်ဉာဏ်သည် လွန်စွာအရေးကြီး ပါသည်။ အတွေးအခေါ်ကလည်းလွဲမှား၊ ဆင်ခြင်ဆုံးဖြတ်ဉာဏ်ကလည်း နတ္ထိဖြစ်နေသောအခါ ရှေးလူကြီး များပြော ဆိုနေသော ဆန်ကုန်မြေလေးဟူသော ဝေါဟာရကိုပင် သုံးစွဲရပေမည်။ နိုင်ငံအတွင်း နေထိုင်သော ပြည်သူပြည်သား တစ်ဦးတစ်ယောက် အနေဖြင့် မိမိနေထိုင်သော နိုင်ငံတော် တိုးတက်သာယာဝပြောရေးအတွက် လုပ်ဆောင်ရန် မိမိ တစ်ဦးချင်းမှာလည်း တာဝန်ရှိပေသည်ဟူသောအသိရှိသင့်သည်။ ဒါတို့ တိုင်းတို့ပြည် တို့ကာကွယ်မည် ဟူသော စိတ်ဓာတ်ရှိရပေမည်။

တပ်မတော်ကနိုင်ငံတော်၏တာဝန်များကို ဦးဆောင်ထမ်းရွက်ခဲ့စဉ်အတွင်း ဒို့တာဝန်အရေးသုံးပါး ဟူသောစကား ရပ်ကို ချမှတ်ပေးခဲ့သည်။ ဒို့တာဝန် အရေးသုံးပါးသည် တပ်မတော်သားတို့၏ အမျိုးသားနိုင်ငံရေးအဖြစ်လည်း ခံယူလျက်ရှိသည်။ မြင်ပါများတော့ရိုးနေသလိုရှိလှသော်လည်း ဒို့တာဝန်အရေးသုံးပါးဟူသော စကားရပ်ကို ဆန်းစစ်ကြည့် လျှင် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သော မြန်မာနိုင်ငံအတွက်မရှိမဖြစ် ကျင့်သုံးရမည့် မူဝါဒဖြစ်သည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး ဟူသော အရေးသုံးပါးစကားရပ်တွင် နိုင်ငံတော်ပျက်စီးရာ ပျက်စီးကြောင်းတစ်ကြောင်းတစ်ပါဒမှ ပါဝင်ခြင်း မရှိပေ။ ပြည်ထောင်စုပြိုကွဲ သွားသဖြင့် အခက်မျိုးစုံကြုံနေရသော နိုင်ငံငယ်လေးများကို ကမ္ဘာ့သတင်း စာမျက်နှာများတွင်တွေ့မြင်နေကြရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမရှိခြင်းကြောင့် နိုင်ငံတစ်ခုအတွင်း မှာပင် လူမျိုးစုအချင်းချင်း စစ်ခင်းနေကြသော အနိဋ္ဌာရုံများကလည်း ဒုနဲ့ဒေးပင်ဖြစ်သည်။

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော စကားရပ်ကို ရှင်းရှင်းလင်းလင်းဖွင့်ဆိုရလျှင် သူ့ကျွန် ဘဝမကျ ရောက်ရေး ပင်ဖြစ်သည်။ ခေတ်သစ်ကမ္ဘာကြီးတွင် လက်နက်ကိုင် တိုက်ခိုက်ပြီး ကျွန်ပြုခြင်းထက် အခြားသော နည်းလမ်းပေါင်းစုံ သုံးလျက် သြဇာခံအဖြစ် ဆောင်ရွက်နေခြင်းက ပိုမိုအောင်မြင်လျက်ရှိသည်။

အပြောအဆိုမှား အပြုအမူမှားလျှင် မိမိတို့နိုင်ငံသည် သူတစ်ပါးသြဇာခံနိုင်ငံဖြစ်သွားနိုင်သည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) အခန်း(၁)နိုင်ငံတော်အခြေခံမူများ၊ ပုဒ်မ ၆။  နိုင်ငံတော် သည် (က)ပြည်ထောင်စုမပြိုကွဲရေး၊ (ခ)တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ (ဂ)အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူ၍ ဖော်ပြထားသည်။

ထို့ပြင် ပုဒ်မ ၂ဝ(င) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်။ ပုဒ်မ ၂ဝ(စ) တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိသည် စသည်ဖြင့် ပြဋ္ဌာန်းထားသည်။ ဆိုလိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)ဖြင့် ပေါ်ပေါက်လာသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများပျက်စီးခြင်းမှ ကာကွယ်ရန်၊ စောင့် ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိကြောင်း အတိအလင်းပြဋ္ဌာန်းခြင်းဖြစ်သည်။

ထို့ကြောင့် အမျိုးသားနိုင်ငံရေးဖြစ်သော ဒို့တာဝန်အရေးသုံးပါးစကားရပ်နှင့် ပတ်သက်၍ ဖျက်လိုဖျက်ဆီး ပြောဆို ပြုမူ လုပ်ဆောင်နေသူများ အနေဖြင့် သတိထားဆင်ခြင်သင့်သည်။ တပ်မတော်အစိုးရ လက်ထက်က ဖော်ဆောင်ခဲ့ သော စကားရပ်မို့ ပယ်ဖျက်သင့်သည်ဟူသော အတွေးအခေါ်သည် လွန်စွာဉာဏ်ရည်နိမ့်ပါးသူ ဖြစ်ပေသည်။ ဒို့တာဝန်အရေးသုံးပါးသည် ပထမမြန်မာနိုင်ငံတော်ကို စုစည်းတည်ထောင်ခဲ့သော အနော်ရထာ၊ ဒုတိယ မြန်မာနိုင်ငံတော်ကို စုစည်းတည်ထောင်ခဲ့သော ဘုရင့်နောင်နှင့် တတိယမြန်မာနိုင်ငံတော်ကိုစုစည်း တည်ထောင်ခဲ့သော အလောင်းမင်းတရားတို့ ကျင့်သုံးခဲ့သော နိုင်ငံရေးဖြစ်ကြောင်း သမိုင်းကိုလေ့လာသူတိုင်း သိရှိသော အကြောင်း အချက်များဖြစ်သည်။

မြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိကြသော ရဟန်းရှင်လူပြည်သူအများစုသည် မိမိတို့နေထိုင်သော နိုင်ငံကြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်နေသည်ကိုသာ တွေ့မြင်လိုကြသည်။ စည်းလုံးညီညွတ်ခြင်းဖြင့် နိုင်ငံ တော်ကို တည်ဆောက်လိုကြသည်။ အလုပ်အကိုင် အခွင့်အလမ်းများပေါများပြီး အခြားသောပြည်ပ နိုင်ငံများ ကပင် မိမိနိုင်ငံအတွင်းသို့ လာရောက်အလုပ်လုပ်ကြသည်မျိုးဖြစ်စေချင်ကြသည်။ တိုင်းရင်းသား အချင်းချင်း ချစ်ကြည် ရိုင်းပင်းကာ အေးအတူပူအမျှ ငြိမ်းငြိမ်းချမ်းချမ်း နေလိုကြသည်။ သြဂုတ် ၁၉ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ကျင်းပပြီး ငြိမ်းချမ်းရေးကို အောင်မြင်သည် အထိ အကောင်အထည်ဖော် လျက်ရှိပေရာ မြန်မာတို့အတွက် ဒို့တာဝန် အရေးသုံးပါးသည် ကမ္ဘာတည်သရွေ့ လိုအပ် နေမည် သာဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။   ။