ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ကျင်းပ

နေပြည်တော် သြဂုတ် ၂ဝ

အကြိမ်(၂ဝ)မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC)အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1)ပတ္တမြား ခန်းမ၌ ကျင်းပခဲ့ပြီး   အစည်းအဝေးတွင်  ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆိုရန်   သဘော တူညီ၍ အတည်ပြုချက်ရရှိခဲ့ကြောင်း သိရသည်။

အစည်းအဝေးအပြီး   မွန်းလွဲပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC)အတွင်း ရေးမှူး အဖွဲ့ဝင်များ ဖြစ်ကြသည့် တာလှဖေ၊ ဦးဇော်ဌေးနှင့် နိုင်အောင် မငေးတို့က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-  (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး၌  ချုပ်ဆိုသွားမည့် အပိုင်းသုံးပိုင်းပါဝင်သည့်  ပြည်ထောင်စု သဘောတူ စာချုပ်အစိတ်အပိုင်း (၃)ချုပ်ဆို မည့်ပုံစံနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့သည်။

ပြည်ထောင်စု သဘောတူစာချုပ်အပိုင်း-(၃) ချုပ်ဆိုမည့်ပုံစံနှင့် ပတ်သက်၍ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်   ဦးဇော် ဌေးက  ''ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) မှာချုပ်ဆိုမယ့်အချက်အလက် တွေကို ညီလာခံ ပထမနေ့မှာ တင်သွင်းခဲ့ပြီး ဖြစ်ပါတယ်။   ညီလာခံမှာတင်သွင်းခဲ့တဲ့ အဆိုပြုချက်တွေကို   ဒီကနေ့ (UPDJC)အစည်းအဝေးက  အတည်ပြုတာဖြစ်ပါတယ်။ အတည်ပြုပြီးရင် မနက်ဖြန်မှာ ပြည်ထောင်စု သဘောတူ စာချုပ် အပိုင်း-(၃)မှာ ထည့်သွင်း ချုပ်ဆိုမှာဖြစ်ပါတယ်။  အခုက တော့မနက်ဖန်ညီလာခံမှာ လက်မှတ်ရေးထိုး အတည်ပြုမယ့် အနေအထားကိုရောက်ရှိသွားပါပြီ''ဟုပြောသည်။

ချုပ်ဆိုသွားမည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)တွင် အပိုင်း(၁)တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (National Ceasefire Agreement-NCA) အကောင်အထည် ဖော်မှုဆိုင်ရာ သဘောတူညီချက်၊  အပိုင်း (၂) ၂ဝ၂ဝအလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင် အထည် ဖော်မှုများ၊ အပိုင်း(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက် ရေး ဆိုင်ရာ လမ်းညွှန်အခြေခံ မူများပါဝင်မည်ဖြစ်ကြောင်း  သတင်းစာရှင်းလင်းပွဲမှ သိရသည်။

UPDJC   အတွင်းရေးမှူးအဖွဲ့ဝင် နိုင်အောင်မငေးက   ''မနက်ဖြန်အတွက် အဆိုပြုချက် (၃) ချက်မှာဆိုရင် အပိုင်း တစ် မှာ NCA  အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်ကို အဆိုပြုမယ်။ ထောက်ခံကြမယ်။  အပိုင်းနှစ်မှာ ၂ဝ၂ဝ ပြည့်နှစ်အလွန်အဆင့်လိုက်လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုကို အဆိုပြု မယ်။ ထောက်ခံကြမယ်။ အပိုင်းသုံးမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူတွေကို အဆိုပြုမယ်။ ထောက်ခံမယ်။ ဒီသုံးခုကို မနက်ဖန် အစီ အစဉ်မှာ ထည့်သွင်း သွားပါမယ်''ဟုပြောသည်။

ပြည်ထောင်စု သဘောတူ စာချုပ်အစိတ် အပိုင်း (၃)ချုပ်ဆိုရာတွင်  အခမ်းအနား အစီအစဉ်(၁၁)ရပ်နှင့် ညီလာခံ ကို ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

အစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုး ထားခြင်းမရှိသေးသည့်   တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင် လာနိုင်ရေး အစိုးရဆောင် ရွက်နေမှုများနှင့် ပတ်သက်သည့် မေးမြန်းမှု အပေါ် ဦးဇော်ဌေးက ''နှစ်ဖက်စလုံးက တွေ့ဆုံဖို့ညှိနေတာ ရှိတယ်။ နောက်ဆုံးလာတဲ့  KIA+3 လေးဖွဲ့ရဲ့ Position နဲ့ သူတို့ရဲ့ သဘောထားကို   ကျွန်တော်တို့ဘက်ကို တင်သွင်းလာတဲ့အခါမှာ ကျွန်တော်တို့ဘက် မှာလည်း အစိုးရ၊ တပ်မတော်၊ လွှတ်တော် ပြန်ထိုင်ဖို့ လိုတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့စီစဉ်နေတယ်။ အထူးသဖြင့် ဒီအဖွဲ့ တွေထဲမှာ ထူးခြားချက်တွေ ပါနေတဲ့အတွက် ညီလာခံကို ဖိတ်ကြားတာက အစ အကန့်အသတ်တွေ လုပ်ရတဲ့ အနေအထား လေးတွေရှိလာတယ်။ ဒါကြောင့် ဒီလေးဖွဲ့နဲ့ ဆွေးနွေးဖို့က ဘယ်ပုံဘယ်နည်းသွားမယ် ဆိုတာကို   အထူးသဖြင့်   တပ်မတော်နဲ့ အစိုးရကြားမှာ  ပြန်ညှိရမယ့် သဘောရှိပါတယ်။ အဲဒါတွ ေပြီးသွားရင် သူတို့ကို တရားဝင် အကြောင်းပြန်ပြီးတော့  ဆောင်ရွက် သွားမှာဖြစ်တယ်။

''နောက်တစ်ချက်က MoU  ညှိနှိုင်းနေတဲ့ အနေအထားလေးတွေ ရှိတယ်။ ဒီအပိုင်း မှလည်း တစ်ခါတလေ ကျတော့EAO တွေ ဘက်မှာလည်း နီးကပ်လာတဲ့ ရွေးကောက်ပွဲ အနေအထား၊ ရွေးကောက်ပွဲ အလွန်အခြေအနေ စသဖြင့် တွက်ချက်နေတဲ့သဘော လည်း  ရှိနိုင်ပါတယ်။  ဒါတွေကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တွ ေဖြစ်ပါ တယ်။ ဒီကြားမှာတော့ တွေ့ဆုံဖို့က ကိုဗစ်- ၁၉ လက်ရှိ အခြေအနေ၊ အခုဆိုရင် ရခိုင် ပြည်နယ်မှာ   ကူးစက်မှု အနေအထားက သတိတော်တော် ထားရမယ့် အနေအထား လေးတွေဖြစ်လာတယ်။ ဒါကြောင့် ကျန်းမာရေးနှင့်   အားကစား ဝန်ကြီးဌာနကလည်း Second Wave ဖြစ်လာမှာစိုးတဲ့အတွက် ညွှန်ကြားချက်တွေ လည်း ထပ်ပြီး ထွက်ထားတယ်။ ကိုဗစ်-၁၉ ကြောင့်  လက်ရှိအနေ အထားအရ ခရီးသွားလာရတာ အခက်အခဲ ရှိတယ်။ ဥပမာ-တရုတ်နိုင်ငံမှာ သွားတွေ့ရ မယ်ဆိုပါစို့၊  တရုတ်မှာလည်း  သူ့နိုင်ငံရဲ့ စည်းမျဉ်း စည်းကမ်းအရ   Quarantine စည်းကမ်းတွေရှိမယ်။ အလားတူ အဲဒီက ပြန်လာရင်လည်း ဒီမှာပြန်ပြီး Quarantine ဝင်ရမှာဆိုတဲ့ စည်းကမ်းတွေရှိတယ်။ နံပါတ် (၃)ညှိနှိုင်းနေတဲ့ ကိစ္စတွေမှာ အစိုးရပိုင်းမှာလည်း တပ်မတော် နဲ့ အကြေ အလည် ပြန်ညှိ ရမယ့်အပိုင်းတွေရှိတယ်။ အဲဒီအချက် သုံးချက်ကြောင့် လောလောဆယ်ဖြစ် နိုင်ဖို့ ခက်မယ်'' ဟု ဖြေကြား သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အစိုးရ၏ ပါဝင်မှုအခန်းကဏ္ဍနှင့် ပတ်သက်၍ UPDJC  အတွင်းရေးမှူး အဖွဲ့ဝင်    တာ လှဖေက ''ကျွန်တော် နားလည်သလောက် ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ့ UPDJC အခန်း  ကဏ္ဍ၊  JICM အခန်း ကဏ္ဍ၊ JMC အခန်း ကဏ္ဍ၊ နောက် NRPC  နဲ့ PC  ပေါ့။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်က အနားတစ်နား၊ တိုင်းရင်းသား လက်နက်ကိုင် EAO   တွေက  တစ်နား၊  ကျွန်တော်တို့နိုင်ငံရေး ပါတီက တစ်နားဆို ပေမယ့် အစိုးရ ရဲ့ အခန်းကဏ္ဍ ကတော့ ခေါင်းတွဲပါပဲ။ နိုင်ငံတကာနဲ့ ချိတ်ဆက်ရာမှာ လည်းကောင်း၊   ပြည်ထောင်စု အဆင့် အခမ်းအနားတွေ ကျင်းပရာမှာလည်းကောင်း အစိုးရရဲ့ ပါဝင်အားစိုက်မှု မပါရင်  မလွယ်ကူတဲ့ အနေ အထားမှာ ရှိပါတယ်။

ဒါကြောင့် ကျွန်တော်တို့ တန်းတူရည်တူ ညှိနှိုင်း ဆွေးနွေးနေပေမယ့် အကောင်အထည်ဖော်တဲ့ နေရာမှာတော့ အစိုးရက ဦးဆောင် တဲ့အခန်း ကဏ္ဍမှာ ရှိတယ်လို့ မြင်ပါတယ်။ ကျွန်တော်တစ်ဦးတည်းရဲ့ သဘောထားပါ'' ဟု ဖြေကြားသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဦးဇော်ဌေးက ''ကျွန်တော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ် (Peace Process) က ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ် (Local Process) ပါ။ ဒါကြောင့် နိုင်ငံတကာက ဝင်ပြီးတော့ ဦးဆောင်ပေးတာ တို့၊ ညှိနှိုင်းပေးတာတို့ မရှိဘူး။ ဒါကြောင့် အစိုးရက ဦးဆောင်ရ တယ်။ ဘယ်အချိန်မှာ ဖြစ်ဖြစ် ရှိနေတဲ့အစိုးရ က ဦးဆောင်ရတယ်။  NCA လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေနဲ့ ညှိနှိုင်းတာလည်း အစိုးရပဲ။ NCA လက်မှတ် ထိုးထားပြီးသား အဖွဲ့တွေနဲ့ ညှိနှိုင်းလည်း အစိုးရကပဲ ဦးဆောင်ရတယ်။ နိုင်ငံရေးဆွေးနွေးရေး အပိုင်းတွေ၊ အပစ် အခတ် ရပ်စဲရေး (Ceasefire)  အပိုင်းတွေဆိုလည်း  အစိုးရကပဲ ဦးဆောင်ရတာပဲ။ ''သို့သော် ကျွန်တော်တို့မှာ ထူးခြားချက် ရှိတယ်။ EAO တွေထဲမှာလည်း NCA ထိုးပြီးသား (၁ဝ) ဖွဲ့ရှိတယ်။ (၁ဝ) ဖွဲ့လုံးက သဘော တစ်ခု တည်း မဟုတ်ဘူး။ သူ့အထဲ မှာ ဘုံသဘော တူညီချက်ရအောင် ညှိရတယ်။ အလားတူ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီ (၂၁)ပါတီမှာလည်း ပါတီ အလိုက်   မူဝါဒတွေမတူဘူး။   အဲ့ဒါကို UPDJC စားပွဲဝိုင်းကို ရောက်လာ ရင်ပြန်ပြီး ညှိရတယ်။ ဘုံရပ်တည်ချက်ရှာရတယ်။ အဲဒီလိုပဲ ကျွန်တော်တို့ အစိုးရ အစုအဖွဲ့ထဲမှာလည်း  အစိုးရ၊ လွှတ်တော်၊  တပ်မတော်ရှိတယ်။ ဘယ်လိုပုံပြန် ခွဲရလဲဆိုတော့ အစိုးရ၊  လွှတ်တော်၊  တပ်မတော်ပြန်ညှိရတယ်။

အစိုးရကလည်း အစိုးရသဘောထား၊ လွှတ် တော်ကလည်း  လွှတ်တော် သဘောထား၊ အလားတူ တပ်မတော် ကလည်း တပ်မတော် သဘောထား ရှိတယ်။ အဲဒီသဘောထားတွေ ပေါ်မှာ တူအောင်ညှိပြီးမှ EAO နဲ့ စားပွဲ ဝိုင်း၊ နိုင်ငံရေးပါတီတွေနဲ့ စားပွဲဝိုင်းအဲဒီလို ညှိရတယ်။  ကျွန်တော်တို့ထဲမှာအဲ့ဒီလို  ညှိထားပေမယ့်   မပါတဲ့ အကြောင်း အရာ ကိစ္စရပ်တွေပါလာရင် တပ်မတော်နဲ့ ပြန်ပြီးညှိရတာရှိတယ်။  ကျန်တဲ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တော်တော် များများမှာက အစိုးရပိုင်းမှာ ဒီလိုမျိုးအစုအဖွဲ့ သုံးဖွဲ့နဲ့ သွားတာမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့  မူဘောင်တွေ ရေးဆွဲတဲ့အခါမှာ အစိုးရ၊   လွှတ်တော်က အစုအဖွဲ့တစ်ဖွဲ့၊ တပ်မတော်က အစုအဖွဲ့တစ်ဖွဲ့ပါ။ ဒီလိုမျိုး တပ်မတော်နဲ့ EAO က ချိန်ညှိတဲ့ သဘောရှိတယ်။  ဒီလိုပဲ ညှိနှိုင်းပြီး သွားရမယ်လို့မြင်ပါတယ်''  ဟုပြောသည်။

အစိုးရအနေဖြင့် တပ်မတော်၏ သြဂုတ် ၃၁ ရက်အထိ အပစ်အခတ် ရပ်စဲမှုကြေညာ ထားသည့်အပေါ် သက်တမ်း ထပ်တိုးပေးရန်  တောင်းဆိုဖို့ရှိ၊ မရှိ မေးခွန်းနှင့်ပတ်သက်၍ ဦးဇော်ဌေးက ''ကိုဗစ်-၁၉ ဖြစ်တဲ့အချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တစ်ကမ္ဘာလုံးကို  အပစ်ရပ်ဖို့ တောင်းဆိုချက်ရှိတယ်။ ပန်ကြားတယ်။ အဲဒီမှာ ပဋိပက္ခဖြစ် နေတဲ့နိုင်ငံတွေက တုံ့ပြန်ကြတယ်။ တချို့က  နိုင်ငံအဆင့်ကြေညာတယ်။ တချို့က ရက်အကန့် အသတ်နဲ့ ကြေညာတယ်။ တချို့က  ဒေသ အကန့်အသတ်နဲ့  ကြေညာတယ်။ လုံခြုံရေးကောင်စီမှာ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံငါးနိုင်ငံက  ဆွေးနွေးတော့ ခြွင်းချက် အနေနဲ့ အကြမ်းဖက်အဖွဲ့အဖြစ်ကြေညာ ထားတဲ့ အဖွဲ့တွေက လွဲလို့ ကျန်တာတွေမှာ  အပစ်အခတ်ရပ်စဲဖို့ ကြေညာပေးတယ်။    

တပ်မတော်ရဲ့ကြေညာချက်မှာ   အဲဒီလို အလားတူကလွဲလို့ ကျန်တာတွေမှာ အပစ်ရပ်ဖို့ကြေညာထားတယ်။    ဒါကလည်း  တပ်မတော်နဲ့အစိုးရ ညှိနှိုင်းကြေညာထား တာဖြစ်တယ်။ အပစ်ရပ်သက်တမ်းကို  ဘယ်ကာလ အထိ လဲ ဆိုတော့  ကိုဗစ်-၁၉ ဖြစ်ပွားမှုကမ္ဘာ့အခြေအနေကို ပြန်ကြည့် ရပါမယ်'' ဟုပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး၌ အပိုင်းသုံးပိုင်း ပါဝင်သည့် ပြည်ထောင်စု သဘောတူ စာချုပ်အစိတ်အပိုင်း(၃)ချုပ်ဆိုရာတွင် အစိုးရအစုအဖွဲ့တွင် အစိုးရကိုယ်စားလှယ် အနေဖြင့့် UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့တွင် ဒေါက်တာ မေဝင်းမြင့်၊ တပ်မတော်အစုအဖွဲ့တွင်  ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ EAO အစုအဖွဲ့တွင် ဒေါက်တာ လျန်မှုန်း ဆာခေါင်းနှင့် နိုင်ငံရေး ပါတီ အစုအဖွဲ့တွင်  ဦးသုဝေတို့ ပါဝင် လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်း  ယနေ့ပြုလုပ် သည့်  သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် ရရှိလာမည့် သတင်းစကားအဖြစ် NCA-SEAO အစုအဖွဲ့၏ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် နိုင်အောင်မငေးက ''ကျွန်တော်တို့ ရဲ့ ငြိမ်းချမ်းရေး ညီလာခံက နှစ်နှစ်ကြာတုံ့ ဆိုင်းမှုဖြစ်ခဲ့ပါတယ်။ (၈)ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်အရ အကောင် အထည်ဖော်မှု အသစ်တစ်ရပ် ကျွန်တော်တို့ လုပ်ခဲ့တယ်။ အခုအစိတ် အပိုင်း တစ်၊ နှစ်၊ သုံးခုပါဝင်တဲ့   ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း(၃)မှာ  အစိတ်အပိုင်းသုံးက  နည်းနည်း ထူးခြားတယ်။   ထူးခြားတာက  ကျွန်တော်တို့ နိုင်ငံရဲ့ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ပြုလုပ်မယ့် အစိတ် အပိုင်း တစ်ခုဖြစ်လာတယ်။ ၂ဝ၂ဝ အလွန် အဆင့် လိုက်အကောင်အထည်ဖော်မှုနဲ့  အဆင့် လိုက်လုပ်ငန်းစဉ် ချမှတ်ထားတဲ့ (၈)ချက်ရှိ တယ်။ ဒီ(၈)ချက် အပေါ်မှာလည်း ဆွေးနွေး ဖို့အတွက် ခေါင်းစဉ်တွေရယ်၊ နောက်ဆက် လက်ဆွေးနွေးဖို့အတွက်လည်း မူအားဖြင့်  သဘောတူညီမှုရှိကြတယ်။ နောက်တစ်ခုက   ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပြည်နယ် အခြေခံ ဥပဒေကို ပြေပြေလည် လည်ဖြစ်အောင် ဆက်လက်ဆွေးနွေးနိုင်ဖို့  လမ်းဖွင့်ပေး တယ်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့ အခါမှာ လမ်းညွှန်အခြေခံ မူတွေ တိတိကျကျရထားတယ်။ ဆက်လက် ဆွေးနွေးဖို့   ခေါင်းစဉ် မှာလည်း  ကျန်တဲ့ အဖွဲ့တွေပါဝင်ဖို့  လမ်းစ ရသွားပါတယ်''ဟု ပြောကြားသည်။

နိုင်ငံရေးပါတီများအစုအဖွဲ့၏ UPDJC အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင် တာလှဖေက ''ပြည်ထောင်စုသဘောတူ စာချုပ် အစိတ် အပိုင်း(၁)၊ အစိတ်အပိုင်း(၂)မှာ (၅၁)ချက် သော ပြည်ထောင်စုသဘောတူ စာချုပ်ရ ထားတယ်။ စုထားတဲ့ သဘောဖြစ်ပြီး အခု ညီလာခံမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ဟာ သက်ဝင် လှုပ်ရှားနိုင်အောင် ဆောင်ရွက် လိုက်တာပါ။ ပြည်ထောင်စုသဘောတူ စာချုပ်ကို အကောင်အထည်ဖော် သွားမယ် ဆိုတဲ့ ကတိကဝတ်တွေ ဒီအထဲမှာ အကုန် ပါပါတယ်။ ပိုထူးခြားတာက၂ဝ၂ဝ အလွန်မှာ ဘယ်အစိုးရ တက်တက် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အကောင်အထည်ဖော်သွားမယ် ဆိုတဲ့ ကတိက ဝတ်ရတယ်။ ရပ်ဆိုင်း မသွားဘူး။ တရွေ့ရွေ့ လှုပ်ရှားသက်ဝင်နေတယ် ဆိုတဲ့အကြောင်း ပြည်သူကို သတင်းစကား ပါးချင်ပါတယ်''ဟု ဖြေကြား သည်။

အစိုးရအစုအဖွဲ့ UPDJC အတွင်းရေး မှူးအဖွဲ့ဝင် ဦးဇော်ဌေးက ''အချို့နိုင်ငံတွေက  အပစ်ရပ် (Ceasefire) ပြီးရင် DDR၊ SSR သွားတယ်။ ကျွန်တော်တို့က ပဏာမ အပစ်ရပ်လိုက်တယ်။ အပစ်ရပ်ပြီး နိုင်ငံရေး ကိုသွားမယ်ဆိုတဲ့ သဘော။ NCA သဘောက တစ်ဖက်က အပစ်ရပ်လိုက်တာကို ထိန်းမယ်။ နိုင်ငံရေး ဆွေးနွေးမယ်။ နောက် ဆုံးကျရင် ဖက်ဒရယ် ပြည်ထောင်စုပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ပါ့မယ်လို့ ကတိကဝတ်ပေးတာ  NCA စာချုပ် မှာပဲ ရှိတယ်။  ဘယ်မှာမှ မရှိဘူး။ ကျန်တဲ့လမ်း ကြောင်းတွေ ရှိနိုင်ပေမယ့် တပ်မတော်က ကတိကဝတ် ပေးထား တာက NCA သဘော တူစာချုပ် ၂၂(ဃ)မှာပါတယ်။ အခု ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း- ၃ မှာပါမယ့် ၂ဝ၂ဝ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်တွေနဲ့ အဆင့်လိုက် အကောင် အထည်ဖော်မှု ဆိုတာ ဒီအရာကို ပြောတာ ဖြစ်ပါတယ်။

အဆင့်လိုက် လုပ်ငန်းစဉ်များနဲ့  အဆင့် လိုက်အကောင်အထည်ဖော်မှုက အရေးကြီးသလို အပိုင်းတစ်ဖြစ်တဲ့ NCA အကောင် အထည်ဖော်မှုဆိုင်ရာ မူဘောင် သဘောတူညီ ချက်ကလည်း အရေးကြီးပါတယ်။ NCA မှာ အားနည်း ချက် တွေရှိ ကောင်းရှိပေမယ့်  အခုရှိနေတဲ့ အားနည်းချက်တွေ မဖြစ်ပွားအောင်ဖြေရှင်းဖို့  သဘောတူညီချက်တွေ ယူလိုက် တယ်။ အဲ့ဒီအပိုင်းမှာ ရလဒ်ကောင်း ရခဲ့တယ်။

''နိုင်ငံရေးပိုင်းဆိုလည်း   အဆင့်လိုက် သွားမယ်။  အဆင့်သုံးဆင့်နဲ့  သွားမယ်။ ဒါက နောက်ဘယ်အစိုးရ တက်တက် ဒီပုံစံ သွားမယ်ဆိုပြီး လုပ်လိုက်တာဖြစ်တယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီကူးပြောင်းရေး၊ ဖက်ဒရယ် တည်ဆောက်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေ အားလုံးနဲ့ အကျုံးဝင်တဲ့ ၂ဝ၂ဝအလွန် အဆင့်လိုက် လုပ်ငန်း စဉ်များနဲ့ အဆင့်လိုက် အကောင် အထည်ဖော်မှုရတဲ့ အတွက် ဒါဟာ ကြီးမားတဲ့ အောင်မြင်မှုပါ။ ပြောရရင် ဒီညီလာခံ ပြီးသွားရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ကောင်းမွန်တဲ့ အနေအထား တစ်ခုရောက် လာမယ်လို့ သတင်းစကားပါး ချင်ပါတယ်'' ဟု ဖြေကြားခဲ့သည်။         

ရဲခေါင်ညွန့်