တိုင်းရင်းသားချင်း ချစ်ကြည် စည်းလုံးကြမည်

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၂၁ ရက်)

မြန်မာနိုင်ငံဟူသောနယ်နိမိတ်အပိုင်းအခြားတစ်ခုဖြစ်အောင် စုစည်းတည်ထောင်ခဲ့ကြသော ဟိုးရှေးရှေး တုန်းက လူကြီး များကြောင့် ယနေ့ကမ္ဘာ့အလယ်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အဖြစ် ရပ်တည်နေနိုင်လျက် ရှိသည်။ သူတို့တွေသတ်မှတ်ခဲ့သောအမည်သည် ယနေ့တိုင်တည်တံ့ခိုင်မြဲနေသည်။ မြန်မာဟုဆိုလိုက်သည် နှင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဟူ၍ အခိုင်အမာမှတ်တမ်းပြုနိုင်ပြီဖြစ်သော  ပြည်ထောင်စု တိုင်းရင်းသားများ အားလုံးကို ဆိုလိုခြင်းဖြစ်သည်။ အစောဆုံးမြန်မာစာဟု ခေါ်ရမည့် ပုဂံခေတ် ကျောက်စာ များတွင် တိုင်းရင်းသား လူမျိုးအမည်များကို စတင်တွေ့ရသည်။ တိုင်းရင်းသားလူမျိုးတစ်မျိုးချင်း ဝိသေသပြုစရာ အကြောင်းများကိုလည်း မြန်မာစာပေများတွင် တွေ့ရသည်။

အင်းဝခေတ်သမိုင်းဖြစ်ရပ်များတွင် အင်းဝဘုရင် မင်းခေါင်နှင့် ဟံသာဝတီဘုရင် ရာဇာဓိရာဇ်တို့ အားပြိုင် ကြသည့် အကြောင်းများတွေ့ရသည်။ ထိုမင်းနှစ်ပါးသည် တစ်သက်လုံးအင်အား ပြိုင်နေကြသော်လည်း ဗမာ နှင့်မွန်ဟူ သည့် ကျဉ်းမြောင်းသောလူမျိုးရေး စိတ်ဓာတ်ဖြင့် အင်အားပြိုင်ခြင်း မဟုတ်ပါ။ ပဒေသရာဇ်မင်းချင်း အင်အား ပြိုင်ခြင်းသာဖြစ်သည်။ ထိုမင်းနှစ်ပါးသည် တစ်ဦးနှင့်တစ်ဦး ညီတော်၊ နောင်တော်ဟု ချစ်ကြည်စွာ ခေါ်ကြသည်။ စစ်နားချိန်တွင် မြသိတင်(ပြည်ရွှေဆံတော်)ဘုရားရင်ပြင်တွင်တွေ့ဆုံကာ တရားဓမ္မစကားများ အကြည်အသာ ပြောဟော ကြသည်။ ထိုမင်းနှစ်ပါးသည် အမျိုးလည်း တော်ကြသည်။ မင်းခေါင်နတ်ရွာစံသောအခါ ရာဇာ ဓိရာဇ်သည် အလွန်ပင် ဝမ်းနည်းကြေကွဲသည်။

အလွန်ချစ်စရာ ကောင်းသောသမိုင်း တစ်ကွက်မှာ အင်းဝကိုပြည်ပရန် လာဝိုင်းစဉ် ရာဇာဓိရာဇ်၏သမက် သမိန် ဗရမ်းက ပြည်ပသူရဲကောင်း ဂါမဏိကို စီးချင်းထိုး၍ အနိုင်ယူကာ အင်းဝကို ကာကွယ်ခြင်းဖြစ်သည်။

အရေးကြုံသောအခါ ပြည်ထောင်စုသားချင်းလက်ချင်းတွဲ၍ ပြည်ပရန်ကို တွန်းလှန်ခဲ့ခြင်းသည် တိုင်းရင်းသား စည်းလုံး ညီညွတ်ခြင်း၏ ပြကွက်တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ ကျူးကျော်တိုက်ခိုက်သော စစ်ပွဲသုံးကြိမ်စလုံးတွင် ပြည်ထောင်စု တိုင်းရင်းသား အားလုံးက နယ်ချဲ့ကို ရွပ်ရွပ်ချွံချွံ ပြန်လည်တိုက်ခိုက်သည့်ဖြစ်ရပ်များမှာ ပြည်ထောင်စု တိုင်းရင်းသား ချစ်ကြည် စည်းလုံးခြင်းကိုပြလိုက်ခြင်းဖြစ်သည်။ ဝက်ထီးကန်တိုက်ပွဲတွင် ရှမ်းအမျိုးသား တစ်သောင်းကျော်ပါဝင် တိုက်ခိုက်ကြ သည်။ အသက်စွန့်၍ တိုက်ခိုက်သွားသော ရှမ်းအမျိုးသမီးသုံးယောက် အကြောင်းမှာ အစဉ်အဆက် ပြောစမှတ်တွင် ခဲ့သည်။ ဒုတိယ အင်္ဂလိပ်- မြန်မာစစ်ပွဲတွင် ဂေခိုအမျိုးသားခေါင်းဆောင် စော်ဘွားကြီး အိုင်သ ထောင်နှင့် တိုင်းရင်းသားများ၊ ဗိုလ်မြတ်ထွန်း၊ ဗိုလ်ခေါင်းကြီးတို့နှင့်အတူ ပါဝင်တိုက်ခိုက်သော မွန်၊ ကရင်၊ ဗမာအင်အားစုများ၊ ပလက်ဝ ချင်းတိုင်းရင်းသားများ၏ နယ်ချဲ့ ဆန့်ကျင်ရေးတိုက်ပွဲများမှာ ထင်ရှားလှသည်။

အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲတွင် မြင်စိုင်းမင်းသား၊ မိုင်းပွန်စော်ဘွား၊ လင်းပင်မင်းသား၊ ရှမ်းစော်ဘွား များနှင့် ရှမ်းအမျိုးသားများ၊ ကယားစော်ဘွားများနှင့် ကယားအမျိုးသားများ၊ ကချင်ခေါင်းဆောင် ဖုံကန်ဒူဝါနှင့် ကချင် အမျိုးသားများ၊ ရှမ်းခေါင်းဆောင် ထွက်လူခေါင်းဆောင်သော ရှမ်းနှင့်ကယားအမျိုးသားများ၊ အရှေ့ ကယားနယ် ခေါင်းဆောင် စော်ဘွားကြီးစောလဖော်နှင့်ကယားအမျိုးသားများ၊ ချင်းခေါင်းဆောင် ကြွမ်ဘိခ်၊  ရွှေချိုးဖြူမင်း သားနှင့် ချင်းအမျိုးသားများ၊ ရခိုင်ဒေသမှ ဗိုလ်မောင်ပိုင်၊ ဗိုလ်ငတာတို့ဦးဆောင်သည့် ရခိုင် အမျိုးသားများ စသည်ဖြင့် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲဝင် တိုင်းရင်းသားသူရဲကောင်းများစွာတို့သည် အသက် ပေါင်းများစွာ စတေးကာ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြသည်မှာ အထင်အရှားပင်ဖြစ်သည်။

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတစ်လျှောက်တွင်လည်း တိုင်းရင်းသား အားလုံးစည်းလုံးညီညွတ်စွာ တိုက်ပွဲ ဝင်ခဲ့ကြောင်း ပင်လုံညီလာခံနှင့်ပင်လုံစာချုပ်တို့က  ထင်ရှားသောသက်သေများပင်ဖြစ်သည်။ လွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အဖြစ်ရောက်ရှိသည်မှ မျက်မှောက် ကာလအထိ ပြည်ထောင်စု တိုင်းရင်းသားများ လူမျိုးတစ်မျိုးနှင့်တစ်မျိုး အပြန်အလှန်နားလည်မှု၊ လေးစား ချစ်ကြည်မှုတို့ကို ခိုင်မာသည် ထက်ခိုင်မာအောင် ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။

ယနေ့အချိန်အခါတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၌ ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးလျက်ရှိသည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးသည် အထူး လိုအပ်လျက် ရှိသည်။ ယခုအခါ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပလျက်ရှိရာ တိုင်းရင်းသားအားလုံးက လူမျိုးစွဲ၊ ဒေသစွဲ၊ အယူဝါဒစွဲ စသည်များကိုဦးစားမပေးဘဲ တိုင်းရင်းသားအားလုံးညီရင်းအစ်ကိုစိတ်ဓာတ်ဖြင့် ထာဝရငြိမ်းချမ်းရေးကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင် ပါစေ ကြောင်း မြဝတီက ဆုမွန်ကောင်း တောင်းအပ်ပါသည်။     ။