(COVID-19) ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု ပိုမိုများပြားလာသည့် ရခိုင် ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် ဆေးအထောက်အကူပစ္စည်းများပေးပို့လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၂၁
    
ရခိုင်ပြည်နယ်အတွင်းCoronavirus Disease 2019(COVID-19)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုများ ပိုမိုများပြားလာပြီး သြဂုတ် ၂၀ ရက် နံနက်ပိုင်းအထိ အတည်ပြုလူနာစုစုပေါင်း ၂၂ ဦး တွေ့ရှိရသဖြင့် ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် နေထိုင်သည့် ပြည်သူများ အနေဖြင့် နေအိမ်တွင်နေထိုင်ရေး  (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သြဂုတ် ၂၀ ရက် ညပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သြဂုတ် ၂၀ ရက် ညပိုင်းနှင့် ယနေ့နံနက်ပိုင်း ထုတ်ပြန်ချက်များအရ  (COVID-19) ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စစ်တွေမြို့နယ်တွင် ၁၂ ဦးနှင့် မြောက်ဦး မြို့နယ်တွင် ၁ ဦး၊ စုစုပေါင်း ၁၃ ဦး ထပ်မံတွေ့ရှိရကြောင်း သိရှိရသည်။
    
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း (COVID-19)  ရောဂါတွေ့ရှိရမှုအခြေအနေ များသည် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးသယ်ဆောင်သူများမှတစ်ဆင့် ပြည်သူများ အကြား တိတ်တဆိတ်ရောဂါပြန့်နှံ့မှုဖြစ်ပွားပြီး ထိန်းချုပ်ရန်ခက်ခဲသော ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအဖြစ် ပေါ်ပေါက်လာနိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ ရောဂါဖြစ်ပွားမှု ဒုတိယလှိုင်းအန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် တပ်မတော်က လှူဒါန်းသော ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအထောက် အကူပြုဆေးပစ္စည်းများကို ယနေ့ညနေပိုင်းတွင် တပ်မတော်လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သည်။ 
    
ထိုသို့ပို့ဆောင်ရာတွင်  Surgical Mask ၆၀၀၀၀၀ ခု၊ Personal Protective Equipment (PPE)  ဝတ်စုံ ၂၅၀၀ စုံ၊ N95 Mask  ၂၅၀၀ ခု၊  Goggles ၂၅၀၀ ခု၊ Examination Glove  ၄၀၀၀ ခု၊ Surgical Glove  ၃၀၀၀ ခု၊ Face  Shield  ၂၀၀ ခု၊ Hand Gel  ၇၀၀ ဘူး၊Hand Sanitizer  ၂၀၀ ဘူး၊ Non Contact Infrared Thermometer   ၄၀ ခု၊ Bleaching Powder ၁၀ ပုံး၊ Sodium  Hypochloride (15 L) ၁၀ ပုံး၊ ဆေးဖျန်းပုံး ၅ ပုံး၊ OT Gown   ၂၀၀၀ စုံ၊ OT Cap ၂၀၀၀ စုံ၊ Biosafety Cabinet Unit   ၁ လုံးနှင့် Test Kit  ၂၀၀ ချောင်းတို့ကို နေပြည်တော်လေဆိပ်မှတစ်ဆင့် တပ်မတော် လေယာဉ်ဖြင့် စစ်တွေမြို့သို့ ပို့ဆောင်ခဲ့သည်။ ၎င်းပစ္စည်းများကို စစ်တွေတပ်နယ်မှ ဗိုလ်မှူးကြီး သက်နိုင်ဦးနှင့် တာဝန်ရှိသူများက စစ်တွေလေဆိပ်၌ လွှဲပြောင်းလက်ခံရ ယူသည်။ထို့နောက် စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်၍ စစ်တွေမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်က ပေးပို့လှူဒါန်းသော Surgical Mask ၅၀၀၀၀၀ ခု၊Personal Protective Equipment (PPE)   ဝတ်စုံ ၁၀၀၀ စုံ၊ N95 Mask ၁၀၀၀ ခု၊ Goggles  ၁၀၀၀ ခု၊ Examination Glove  ၁၀၀၀ ခု၊ Face  Shield  ၁၀၀ ခု၊ Hand Gel ၂၀၀ ဘူး၊ Non Contact Infrared  Thermometer  ၂၀ ခုတို့ကို ပေးအပ်လှူဒါန်းရာ စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။ တပ်မတော်အနေဖြင့် စစ်တွေမြို့နယ်အတွင်း (COVID-19)  ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
    
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီး၌လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ဆေးအဖွဲ့များက သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ အခြားဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ တိုက်ပွဲရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများကို COVID-19 ရောဂါနှင့် ပတ်သက်၍လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊  စနစ်တကျလက်ဆေးနည်းနှင့် Face Mask  အသုံးပြုနည်း တို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်းများကို နေ့စဉ် အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။ 
    
ထို့ပြင် တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်း COVID-19  ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန်အတွက် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင် သော အထူးကုဆေးအဖွဲ့ဖြင့်  စစ်တွေ၊ အမ်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း စသည့် မြို့များရှိ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနများသို့ သွားရောက်၍ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုဆေး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခြင်း၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၌ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောက်ရွက်ခြင်း၊ ပညာပေး ဆွေးနွေးမှုများ ပြုလုပ်ခြင်းတို့ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၉ ရက်မှ ဇွန်လ ၄ ရက်အထိ ဆောင်ရွက်ပေးခဲ့သည်။
    
 တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်အတွင်းနှင့် နိုင်ငံအဝန်း၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။