စည်းလုံး ညီညွတ်ရေးနှင့် ချစ်ကြည် လေးစားရေး

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများသည် ငါတို့ အားလုံးသည် မြန်မာဖြစ်သည်ဟူသော စိတ်ဓာတ်ထားနိုင်ရန် လိုအပ်ပေသည်။ ခရစ်နှစ် ၁၈၈၅ ခုနှစ် တွင်မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး ဆုံးရှုံးပြီးနောက် နယ်ချဲ့အစိုးရသည် မြန်မာနိုင်ငံအတွင်း သွေးခွဲ အုပ်ချုပ်ရေးစနစ်ကျင့်သုံးခဲ့သည်။ အလောင်းမင်းတရား တည်ထောင်ခဲ့သော တတိယ မြန်မာနိုင်ငံ တော်၏ တစည်းတလုံးတည်းရှိသော စိတ်ဓာတ်ကိုခွဲခြားခဲ့သည်။ တစ်မြေတည်းနေ တိုင်းရင်းသား အချင်းချင်း တောင်တန်းနှင့်ပြည်မဟူ၍ ကွဲပြားခြင်းနှင့်အတူ စိတ်ဓာတ်များလည်း ကွဲပြားစေခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်၍ လွတ်လပ်ရေး တောင်းဆိုသည့်အခါ တောင်တန်းပြည်မ တစ်သား တည်း လွတ်လပ်ရေးရယူနိုင်ရေးကို ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ တွင် ပင်လုံစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိခဲ့ပြီး ပါလီမန် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့သည်။

၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်တွင်   ယခင်ကရှိခဲ့သော  စော်ဘွားများအား ထိုက်တန်သော အကျိုးခံစားခွင့် ပေးအပ်ကာ စော်ဘွားများကို အနားပေးခဲ့သည်။ နယ်ချဲ့တို့၏ ဆိုးမွေများကို ပယ်ဖျက် နိုင်သမျှ ပပျောက်အောင် လုပ်ဆောင်နေသော်လည်း နယ်ချဲ့ပယောဂကြောင့် ပေါ်ပေါက်လာသော လက်နက်ကိုင် ပဋိပက္ခမှာ ပပျောက်သွားခြင်း မရှိသေးပါ။

ခေတ်အဆက်ဆက် ကြိုးပမ်းလျက်ရှိသော ငြိမ်းချမ်းရေးကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်လျက်ရှိပါသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ပထမပိုဒ်တွင် ''ဒီမိုကရေစီနှင့် ဖက်ဒရယ်တို့ကို အခြေခံသည့် ပြည်ထောင်စုစနစ်''ကို တည်ဆောက် ရမည်ဟူ၍ သဘောတူညီထားသည်။ ထိုသို့တည်ဆောက်ဖို့ အခြေခံ လိုအပ်ချက်မှာ ပြည်တွင်းငြိမ်းချမ်း ရေးပင်ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် တပ်မတော် အနေဖြင့်လည်း တက်ကြွစွာ ပါဝင်လျက်ရှိသည်။ သို့သော် ယနေ့အထိ ငြိမ်းချမ်းရေး အောင်မြင်မှု မရှိသေးသည်များကို ပြန်လည်ဆန်းစစ် ကြည့်သင့် သည်။ ပြန်လည်လေ့လာ ဆန်းစစ်ကြည့်လျှင် မဟုတ်မမှန်သော သတင်းအမှားနှင့် လုပ်ကြံဖန်တီး ထားသောသမိုင်း အမှားများကြောင့်လည်း ဖြစ်သည်။ ထိုအချက်နှင့်ပတ်သက်၍ သြဂုတ် ၁၉ ရက် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ''ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခတွေ ဟာ တပ်မတော်ကြောင့်ပဲ ဖြစ်ပွားသယောင် သမိုင်းကို လုပ်ကြံဖန်တီးနေတာကိုလည်း ကျွန်တော်တို့ တွေ့ရပါတယ်။  အချို့နိုင်ငံရေးပါတီများနဲ့လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဗကပရဲ့ ၁၉၅၅  ခုနှစ် လမ်းစဉ်အတိုင်းပဲ ဖဆပလအစိုးရဆိုတဲ့ စကားရပ်နေရာမှာ တပ်မတော်ကို အစားထိုးပြီး လုပ်ကြံ ဖန်တီးထားတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဟာ တပ်မတော်ရယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO)တွေနဲ့သာ သက်ဆိုင်ပြီး နိုင်ငံတော်ရဲ့ တာဝန် အရပ်ရပ်ကို တာဝန်ယူထားရတဲ့ အစိုးရနဲ့ မသက်ဆိုင်ဘူးဆိုတဲ့ အယူအဆ၊ အစိုးရက ကြားနေ သို့မဟုတ် ဒိုင်သဖွယ် ဆောင်ရွက်ပေးမယ်ဆိုတဲ့ အယူအဆတွေ၊ အပြောအဆို တွေကိုလည်း ကျွန်တော် တို့ကြားသိနေရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ နိုင်ငံတော်ကို ဆန့်ကျင်နေတာ ဖြစ်ပါ တယ်။ တက်လာတဲ့ အစိုးရတွေကို ဆန့်ကျင်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်နဲ့ အစိုးရတိုင်း ကို တပ်မတော်က ကာကွယ်နေပေးတယ်ဆိုတာ ဖြစ်စဉ်ဖြစ်ရပ်များအပေါ် ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာ ကြည့်ရင် တွေ့နိုင်ပါတယ်''ဟူ၍ နှုတ်ခွန်းဆက် အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုကြီးကို အမှန်တကယ် ငြိမ်းချမ်းစေချင်သည် ဆိုပါကငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်သည့်အခါမှာ မရိုးသားမှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အခြားလုပ်ငန်းစဉ်များနှင့် တွဲဆက် ထားလိုမှုနှင့် တိကျပြတ်သားသော အခြေခံမူအပေါ်မှာ ခိုင်မြဲစွာ ရပ်တည်နိုင်မှု အားနည်းခြင်းတို့ ပြုပြင် သင့်ကြောင်းကိုလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထောက်ပြပြောဆိုခဲ့သည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)ပုဒ်မ ၂၂ တွင် နိုင်ငံတော်သည် (က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင် ရွက်မည်။ (ခ)တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်း ကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်။ (ဂ)တိုးတက်ဖွံ့ဖြိုးမှု နည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင် သော လူမှုစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည်ဟူ၍ သတ်မှတ်ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

ထို့ကြောင့် ''တိုင်းရင်းသားအခွင့်အရေး'' ''လူနည်းစုအခွင့်အရေး''ဆိုသော အားငယ်သောစိတ်၊ သံသယ စိတ်များဝင်ပြီး တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုကို ထိခိုက်စေသောစိတ်၊ သွေးကွဲမှုကိုအားပေးပြီး စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေသောစိတ်၊ အပြောအဆို အသုံးအနှုန်းများကို ရှောင်ကြဉ်ပြီး အနာ ဂတ်မျိုးဆက်သစ် လူငယ်မောင်မယ်များအတွက် ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေ ကြိုးပမ်း တည် ဆောက်ပေးကြပါရန် ရေးသားတင်ပြလိုက်ရပေသည်။