ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ စတုတ္ထ အစည်းအဝေး အောင်မြင်စွာ ကျင်းပ ပြီးစီး

နေပြည်တော် သြဂုတ် ၂၁

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေး ညီလာခံ တတိယနေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၂)၌ ကျင်းပရာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ကျေးဇူးတင်စကား ပြောကြားသည်။

ညီလာခံသို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယ ဥက္ကဋ္ဌများ၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိ သူများ၊ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ နာယက၊ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ NCA-S EAO အစုအဖွဲ့မှ ညီလာခံကိုယ် စားလှယ်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ညီလာခံ တတိယနေ့ အစည်းအဝေးတွင် ဦးဆောင် သဘာပတိအဖြစ် နိုင်ဟံသာက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးထွန်းထွန်းဦး၊ ခွန်မောင်သောင်းနှင့် ဒေါ်ရင်ရင်မေတို့က ဆောင်ရွက်ကြသည်။ အစည်းအဝေးတွင် ဦးဆောင်သဘာပတိ နိုင်ဟံသာက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ချုပ်ဆိုခဲ့ကြသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးမှ ရရှိခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) ၏ဦးတည်ချက်သည် အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေး ကြီးသည့် အစပျိုးမှုတစ်ခုအဖြစ် မှတ်ယူပါကြောင်း၊ တစ်ချိန်တည်းတွင် ဆက်လက်ဆွေးနွေးရန် ကျန်ရှိ နေခဲ့သည့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စနှင့် လွှတ်တော်ပိုင်းဆိုင်ရာ ကဏ္ဍများကိုလည်း မိမိတို့ အချင်းချင်းရင်းနှီးပွင့်လင်းစွာ ဆက်လက်အဖြေရှာနိုင်မည်ဟု မျှော်လင့်ပါကြောင်း။

မိမိတို့၏အနာဂတ် သားသမီးမြေးမြစ်များအတွက် ကောင်းမွန်အေးချမ်းသည့် အမွေအနှစ်များ ပေးကမ်း သွားနိုင်ရန်ဦးတည် ကြိုးပမ်းကြစေလိုပါကြောင်း၊ မိမိတို့ခေတ်တွင် ဖြစ်ပေါ်နေသည့် ပြဿနာများကို တာဝန်ယူဖြေရှင်းပြီး ငြိမ်းချမ်းဖွံ့ဖြိုးတိုးတက်သည့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားကြ ရန် ခေါင်းဆောင်ကိုယ်စားလှယ်များ အားလုံးကိုတိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် ချုပ်ဆိုမည့် အဆိုပြုချက်များကို တင်သွင်းကြရာ အပိုင်း(၁) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) အ ကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘော တူညီချက် အဆိုပြုချက်များကို တပ်မတော် အစုအဖွဲ့မှ UPDJC အတွင်းရေးမှူးများ အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)ကလည်းကောင်း၊ အပိုင်း (၂) ၂ဝ၂ဝ ပြည့်နှစ်အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု (ဇယား၁)အဆိုပြုချက်များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့မှ UPDJC အတွင်းရေးမှူးများ အဖွဲ့ဝင် စောမြရာဇာလင်းက လည်းကောင်း၊ အပိုင်း(၃) ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ အဆိုပြုချက်များ ကို နိုင်ငံရေးပါတီများအစုအဖွဲ့မှ UPDJC အတွင်းရေးမှူးများအဖွဲ့ဝင် စိုင်းကျော်ညွန့်က လည်းကောင်း ဖတ်ကြား တင်သွင်းကြသည်။

ယင်းနောက် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် ချုပ်ဆိုမည့် အဆိုပြုချက်များကို အစိုးရအစုအဖွဲ့ကိုယ်စား မွန်ပြည်နယ်အစိုးရအဖွဲ့ ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး နန်းစံဝင့်ခိုင်၊ လွှတ်တော်အစုအဖွဲ့ကိုယ်စား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်၊ တပ်မတော် အစုအဖွဲ့ကိုယ်စား ဗိုလ်မှူးချုပ် ရဲရင့်ဝင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စား မွန်ပြည်သစ် ပါတီဗဟိုအလုပ်အမှုဆောင် နိုင်အောင်မငေး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စား လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်းတို့က ထောက်ခံကြောင်း အဆိုတင်သွင်းကြသည်။

ထို့နောက် ဦးဆောင်သဘာပတိ နိုင်ဟံသာက ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) အဖြစ်ချုပ်ဆိုမည့် အဆိုပြုချက်များကို တပေါင်းတစည်းတည်း အတည်ပြုကြောင်းကြေညာသည်။ ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေးမှ အတည်ပြု ထားသောသဘောတူညီချက်များကို အစိုးရ အစုအဖွဲ့မှ ဒေါက်တာ တင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့မှ ဒေါက်တာမေဝင်းမြင့်၊ တပ်မတော်အစုအဖွဲ့မှ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအစုအဖွဲ့မှ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့မှ ဦးသုဝေတို့က ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)အဖြစ် လက်မှတ်ရေးထိုး ချုပ်ဆိုကြသည်။

ထို့နောက် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)၌ အစိုးရအစုအဖွဲ့ အသိသက်သေအဖြစ် တိုင်းရင်းသား ကိုယ်စားလှယ်ဦး ထုံဖူးဒဂုဏ်နှင့် ပါဝင်သင့် ပါဝင်ထိုက်သူများ ကိုယ်စားလှယ် ဦးကျော်ဝင်းတို့က လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ အသိသက် သေအဖြစ် တိုင်းရင်းသား ကိုယ်စားလှယ် ကျာရှာမွေနှင့် ပါဝင်သင့်ပါဝင်ထိုက်သူများ ကိုယ်စားလှယ် ဒေါ်ခင်မမမျိုးတို့က လည်းကောင်း၊ နိုင်ငံရေးပါတီ အစုအဖွဲ့ အသိသက်သေအဖြစ် တိုင်းရင်းသား ကိုယ်စားလှယ် ဦးဇီခန်ရမ်နှင့် ပါဝင်သင့်ပါဝင် ထိုက်သူများ ကိုယ်စားလှယ် နန်းအေးအေးသွယ်တို့ ကလည်းကောင်း လက်မှတ်ရေးထိုးကြသည်။

ယင်းနောက် အစိုးရ အစုအဖွဲ့ကိုယ်စားလှယ် ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်း၊ NCA-S EAO အစု အဖွဲ့ကိုယ်စားလှယ် ခေါင်းဆောင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့ ကိုယ်စားလှယ်ခေါင်းဆောင် ဦးသုဝေတို့က ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို ဦးဆောင်သဘာပတိ နိုင်ငံဟံသာထံ အပ်နှံကြသည်။

ထို့နောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားရာတွင် (၃)ရက်တာ ညီလာခံ ကာလသည် တိုတောင်းသည်ဆိုသော်လည်း ယနေ့လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)သည် လွယ်လွယ်ကူကူ ရရှိလာခဲ့တာ မဟုတ်ပါ ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တွေ့ကြုံရင်ဆိုင်ရမြဲဖြစ်သည့် အနိမ့်-အမြင့်၊ အတက်-အကျ များ၊ တစ်ဖက်နှင့်တစ်ဖက် ကျေကျေလည်လည်ဖြစ်အောင် အချိန်ယူရတာများ၊ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်တုံ့ပြန်ရေး ဆောင်ရွက်နေရသည့် အချိန်လည်း ဖြစ်နေတာများကြားမှ ခက်ခက်ခဲခဲ အချိန်ယူကြိုးပမ်းခဲ့ပြီးနောက် ရရှိလာခဲ့သည့် သဘောတူစာချုပ် ဖြစ်ပါကြောင်း၊ မိမိတို့အစုအဖွဲ့များ အားလုံးပါဝင်ရေးဆွဲခဲ့သည့် (၂၁)ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်၏ အားကောင်းမှုကို သက်သေပြသနေသလို ဒီလုပ်ငန်းစဉ်တွင် ပါဝင်သူအားလုံး၏ နိုင်ငံရေးစိတ်စေတနာ၊ စိတ်ပိုင်း ဖြတ်မှု နှင့် မဆုတ်မနစ်ကြိုးပမ်းမှုတို့ကို ထင်ထင်ရှားရှား မှတ်ကျောက်တင်လိုက်တာလည်း ဖြစ်ပါကြောင်း။

ယနေ့ချုပ်ဆိုသည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)သည် ပြီးခဲ့သည့် ပြည်ထောင်စု သဘောတူစာချုပ်များထက် ပိုမိုထူးခြား၊ ပိုမိုလေးနက်ပြီး ပိုမိုအနှစ်သာရပြည့်ဝသည့် စာချုပ်ဖြစ်ပါ ကြောင်း၊ ဒီစာချုပ်၏အပိုင်း(၁)တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA နှင့် ပတ်သက်သည့်နားလည်မှု ပြဿနာများ၊ NCA ကိုအကောင်အထည်ဖော်ရာတွင် တွေ့ကြုံခဲ့ရ သည့်အခက်အခဲများကို ဖြေရှင်းနိုင်မည့် လမ်းကြောင်း တစ်ခု၊ တံခါးတစ်ချပ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါ ကြောင်း။

စာချုပ်၏အပိုင်း(၂)၊ ၂ဝ၂ဝ အလွန်အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော် မှုများသည် အခြေခံမူများ သက်သက်ကို ရှာဖွေနေတာမျိုး မဟုတ်ဘဲ ပြည်ထောင်စုကြီးကို လက်တွေ့ ကျကျ အဆင့်လိုက်ဖော်ဆောင်သွားမည့် လုပ်ငန်းစဉ်များ ပါဝင်လာခဲ့ပါပြီဖြစ်ကြောင်း၊ အဆင့်လိုက် ဆက်လက်ဆွေးနွေး ညှိနှိုင်းကြသည့်အခါ အရင်က အားလုံးသဘောတူ ရရှိခဲ့ပြီးဖြစ်သည့် အခြေခံမူ (၅၁)ချက်ကို အလိုက်သင့် ထည့်သွင်းအကောင်အထည် ဖော်သွားလို့ ရပြီဖြစ်ပါကြောင်း။

စာချုပ်၏အပိုင်း(၃)သည် ဘယ်လိုပြည်ထောင်စုမျိုး ဖြစ်ချင်သလဲဆိုသည်ကို အားလုံးမျှဝေလက်ခံသည့် အနာဂတ်တွင် အားလုံးမြင်ချင်၊ တွေ့ချင်၊ ပေါ်ပေါက်လာစေချင်သည့် ပြည်ထောင်စုကြီး၏ ပုံသဏ္ဌာန် ကိုလမ်းညွှန် အခြေခံမူများနှင့် ပုံဖော်ထားတာ ဖြစ်ပါကြောင်း။ ဒီကနေ့ညီလာခံကြီးတွင် မိမိအနေဖြင့် ပထမဆုံးအသိပေး ပြောကြားလိုတာကတော့ ''၂ဝ၂ဝ အလွန် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ အစီအစဉ်သစ်  '' ပဲဖြစ်ပါကြောင်း ၊၂ဝ၂ဝ အလွန်မှာ ရှေ့ဆက်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်(၃)ရပ်ကို ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် ထုတ်ဖော်ကြေညာခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ဒီလုပ်ငန်းစဉ်(၃)ရပ်ကို ထိထိရောက်ရောက် ဟန်ချက်ညီဖော်ဆောင်နိုင်မည့် ''၂ဝ၂ဝ အလွန် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အစီအစဉ်သစ်''ကို အစုအဖွဲ့အသီး သီး၏ ပြန်လည်သုံးသပ်ချက်၊ လုပ်ငန်းစဉ်များတွင် ပါဝင်နေသူများ၏ အကြံပြုချက်၊ လက်ရှိဖော် ဆောင်မှု အစီအစဉ်ပေါ်လေ့လာ သုံးသပ်ချက်များကိုအခြေခံပြီး ၂ဝ၂ဝ အလွန်ကာလတွင် အရှိန်အ ဟုန်ဖြင့် ဖော်ဆောင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ယင်းအစီအစဉ်သစ်သည် ယနေ့ချုပ်ဆိုလိုက်သည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃) ကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရမည် ဖြစ်ပါကြောင်း၊ ယင်းအစီအစဉ်သစ်သည် NCA လမ်းကြောင်းအတိုင်း UPDJC နှင့် JMC ယန္တရားများ ပိုမိုခိုင်မာအောင် အထောက်အကူ ပေးနိုင်ရမည် ဖြစ်သကဲ့သို့ NCA လက်မှတ်မထိုးရသေးသည့်အဖွဲ့အစည်းများ ပါဝင်လာနိုင်ရေးကို လမ်းဖွင့်ပေးနိုင်ရမည် ဖြစ်ပါကြောင်း၊ ဒီအစီအစဉ်သစ်သည် ဆွေးနွေးညှိနှိုင်းမှု အဆင့်ဆင့်တွင် ပါဝင် နေသည့် အစုအဖွဲ့အသီးသီးက ကိုယ်စားလှယ်များကို ပညာရပ်ဆိုင်ရာ အထောက်အကူများ ပြုပေး နိုင်ရမည် ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံ၏ နိုင်ငံရေး ပြဿနာများကို လက်တွေ့ကျကျ ဖြေရှင်းနိုင်မည့် ရွေးချယ်စရာနည်းလမ်းများ ရှာဖွေဖော်ထုတ်ပေးနိုင်ရမည် ဖြစ်ပါကြောင်း၊ ဒါသည် ၂ဝ၂ဝ အလွန် မိမိတို့ ပထမဆုံးဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းတစ်ရပ် ဖြစ်ပါကြောင်း။

ဒုတိယအချက်အနေဖြင့် ပြောကြားလိုသည်မှာ ''ပြည်ထောင်စုသားအားလုံးက သဘောတူလက်ခံသည့် ပြည်ထောင်စု လက္ခဏာတစ်ရပ် တည်ဆောက်ရေး'' ပဲဖြစ်ပါကြောင်း၊ ယနေ့ချုပ်ဆိုခဲ့သည့် ပြည် ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)၏ အပိုင်း(၁)ဖြစ်သည့် NCA အကောင် အထည်ဖော်မှု ဆိုင်ရာ မူဘောင်သဘော တူညီချက်များထဲတွင် ''ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသောတိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာ စကားနှင့် အမျိုးသားလက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာ စကားပေါင်းစုံတို့ဖြင့် ပြည်ထောင်စု လက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံး စုပေါင်းဖော်ဆောင်ရန်'' ဟု ပါရှိပါကြောင်း။

ထိုသဘောတူညီချက်၏ မှတ်ချက်ဖြစ်သည့် ''ပြည်ထောင်စု လက္ခဏာဆိုသည်မှာ စည်းလုံးညီညွတ် သည့် တစ်ခုတည်းသော ပြည်ထောင်စုဖြစ်သည်'' ဆိုသည့်အချက်သည် အထူးအရေးကြီးပါကြောင်း၊ စုပေါင်းဖော်ဆောင်ရမည့် ပြည်ထောင်စု လက္ခဏာတစ်ရပ်ကို ၂ဝ၂ဝ အလွန်ကာလတွင် ဦးစားပေး ကြိုးပမ်းဖော်ဆောင်သွားကြရမည် ဖြစ်ပါကြောင်း။

တတိယအချက်အနေဖြင့် ''စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်မှာ ရှိနေရေး'' ပဲဖြစ်ပါကြောင်း ၊ ညီလာခံ အလွန်မှာရော ၂ဝ၂ဝ အလွန်မှာပါ ဘယ်လိုအခက်အခဲပဲ ကြုံရကြုံရ မိမိတို့ အစုအဖွဲ့များကြားမှာ တွေ့ဆုံဆွေးနွေးအမြင်ချင်း ဖလှယ်ပြီး အဖြေရှာဖွေသည့် လမ်းကြောင်းများကို ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း အလေးအနက် တိုက်တွန်းပြောကြား လိုပါ ကြောင်း။

နိဂုံးချုပ်အနေဖြင့် သဘာပတိကြီးနှင့်တကွ သဘာပတိအဖွဲ့ဝင်များ၊ အစုအဖွဲ့ခေါင်းဆောင်များနှင့် ညီလာခံ ကိုယ်စားလှယ်များကို မိမိအလေးအနက်ထားပြီး ကျေးဇူးတင်စကား ပြောလိုပါကြောင်း ပြောကြားသည်။ ယင်းနောက် ညီလာခံသဘာပတိအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့သည် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃) ချုပ်ဆို နိုင်ခဲ့ပြီး မိမိတို့နိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အလွန်ထူးခြားသည့်နေ့ တစ်နေ့ဖြစ်ပါကြောင်း၊ ယင်း အစိတ်အပိုင်း(၃)တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို မည်သို့ရှေ့ဆက်ဆောင်ရွက် သွားမည်ဆိုသည့် ရှေ့လုပ်ငန်းစဉ်များကို သဘောတူနိုင်ခဲ့ပါကြောင်း၊ NCA ကို မည်သို့အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဆိုသည့် အချက်များနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကို ပုံဖော်မည့် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများကို ၂ဝ၂ဝ အလွန်တွင် ဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်မည့် အခင်းအကျင်းတစ်ခုကို နှစ်ဖက်အကြား ညှိနှိုင်းသဘောတူ နိုင်ခဲ့ ပါကြောင်း။

ထို့ပြင် အရေးပါသည့် ဖက်ဒရယ်လမ်းညွှန် အခြေခံမူ (၅)ချက်ကိုလည်း သဘောတူ နိုင်ခဲ့ပါကြောင်း၊ ယင်းသဘောတူညီချက်များ ရရှိအောင် နှစ်ဖက်ဆွေးနွေးဖက်များ အချင်းချင်းအကြား နားလည်မှု ရအောင်စိတ်ရှည်သည်းခံ၍ အကြိမ်ကြိမ်ညှိနှိုင်း ဆောင်ရွက်ခဲ့ရပြီး အဖွဲ့အစည်းအတွင်းနှင့် မိမိတာဝန်ခံ သည့် အဖွဲ့အစည်းများတွင်ရှိသည့် အကဲဆတ်သော အကြောင်းအရာများ၊ အကျိုးစီးပွားများကိုလည်း သတိထားညှိနှိုင်း ခဲ့ရပါကြောင်း၊ ယင်းကို ကြည့်ခြင်းအားဖြင့် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခြင်းသည် နှစ်ဖက်အကြားတွင် အစိုင်အခဲဖြင့် တည်ရှိနေသည့် စိုးရိမ်မှုများ၊ မယုံကြည်မှုများကို လျှော့ချဖြေရှင်း နိုင်သည်ဟု ကောက်ချက်ဆွဲ၍ ရပါကြောင်း။

ထို့ကြောင့် မည်ကဲ့သို့သော အကြောင်းအရာနှင့်မျှ ဆွေးနွေးပွဲမှ ထွက်ခွာမသွားသင့်ဘူး ဆိုသည်ကို အကြံပြုလိုပါကြောင်း၊ မိမိအနေဖြင့် အချက်(၃)ချက် တင်ပြလိုပါကြောင်း၊ ပထမ အချက်အနေဖြင့် ဆက်လက်ညှိနှိုင်း ဆွေးနွေးရမည့် ကိစ္စရပ်များ ဖြစ်ပါကြောင်း၊ ဆက်လက်ညှိနှိုင်း ဆွေးနွေးရမည့် ကိစ္စရပ်များသည် မိမိတို့နိုင်ငံငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အလွန်အရေးပါပြီး စည်းလုံးညီညွတ်သည့် ပြည်ထောင်စုအဖြစ် ပုံဖော်နိုင်မည့် အခြေခံ အကြောင်းတရားများစွာ ပါဝင်နေပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်နေရာတွင် ကွဲပြားစေမည့် မျိုးစေ့များ မပါရှိအောင်နှင့် လက်ရှိအနေအထားကို ကျော် လွန်ပြီး အနာဂတ်ကိုမျှော်မှန်း ကြည့်ရှုနိုင်သည့် ဆင်ခြင်တုံတရားနှင့် သတိထား ဆောင်ရွက်ကြရန် တင်ပြ လိုပါကြောင်း၊ အတိတ်ကကွဲပြားစေသည့် မျိုးစေ့များကြောင့် တိုင်းရင်းသား အချင်းချင်း အကြားတွင် မယုံကြည်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများ၊ လက်နက်ကိုင်တောင်းဆိုမှုများ ယနေ့ထက် တိုင်ဖြစ်ပွားနေခြင်းသည် ပကတိအမှန်တရားပင် ဖြစ်ပါကြောင်း။

ယင်းပဋိပက္ခများကြောင့် ဒေသခံပြည်သူလူထု၏ စားဝတ်နေရေး ခက်ခဲဒုက္ခရောက်ခဲ့ရပါကြောင်း၊ အနာဂတ်ကိုပုံဖော်မည့် တိုင်းရင်းသားလူငယ်များ၏ ပညာရေးမှာ များစွာနောက်ကျခဲ့ရပါကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်မှုများနှင့် အလှမ်းဝေးကွာမှုများ ခံစားနေရသည်ကို တွေ့ရပါကြောင်း၊ စည်းလုံး ညီညွတ်သည့် ပြည်ထောင်စုဖြစ်ရန် အစိုးရအဆက်ဆက်သည် အခက်အခဲ အမျိုးမျိုးကြားမှ ကြိုးစား ပုံဖော်ခဲ့ကြပါကြောင်း၊ အပြည့်အစုံ ရုပ်လုံးမဖော်နိုင်သော်လည်း အချုပ်အခြာပိုင်ဆိုင်သည့် နိုင်ငံတစ်ခု အဖြစ်ယနေ့တိုင် ရပ်တည်နေနိုင်စေခဲ့ပါကြောင်း၊ ယခုအခြေအနေ အဆင့်အတန်းမှ ကျဆင်းမသွား အောင် တိုင်းရင်းသား ပြည်သူအားလုံးက သတိရှိရှိနှင့် ထိန်းသိမ်းရန်လိုအပ်ပြီး လက်ရှိတည်ရှိမှုကို ယိမ်းယိုင်သွားစေနိုင်သည့် ဟန်ချက်မညီသော ပြုပြင်ပြောင်းလဲမှုများကို သတိထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ဒုတိယအချက်အနေဖြင့် မိမိတို့နိုင်ငံ ပထဝီအနေအထား တည်ရှိမှုနှင့် ဆက်စပ်စီးဆင်းနေသည့် အကြောင်းအရာများ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် လူဦးရေများပြားသည့် နိုင်ငံကြီးများအကြားတွင် တည်ရှိနေပါကြောင်း၊ ထို့အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း ထိစပ်နေ သည့်နယ်စပ်တစ်လျှောက်တွင် အခြေပြုနေကြပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် နယ်မြေတည်တံ့မှု၊ အချုပ်အခြာ အာဏာခိုင်မြဲမှုသည် အတိုင်းအတာတစ်ခုအထိ ဆက်စပ်ပတ်သက်နေ သည့်အတွက် မသိလိုက်မသိဘာသာနှင့် အချုပ်အခြာအာဏာ ဆုံးရှုံးခြင်းမျိုး မဖြစ်ရအောင် သတိထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

တတိယအချက်အနေဖြင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု အဖြစ် နိုင်ငံရေးဆွေးနွေးပွဲများ၏ သဘောတူညီချက်များအပေါ် မူတည်ပြီး တည်ဆောက်သွားမည်ဟု NCA တွင် ပဋိညာဉ်ခံပြီး ဖြစ်ပါကြောင်း၊ သို့သော်လည်း NCAနှင့်ဆက်နွှယ်နေသည့် ဆွေးနွေးပွဲများတွင် မပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်မှုတွင် အတူတကွ ပါဝင်ဆောင်ရွက်ရန် မည်သည့်အရာများ လိုအပ်နေသည်၊ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ ပဋိပက္ခများကို ဖြေရှင်းနိုင်မည်ဆိုသည့် အယူအဆအရ မှန်ကန်သည့်သာဓကများ ရှိနေပါလျက် မည်သည့်အတွက်ကြောင့် လက်နက်ကိုင် တောင်းဆိုနေသည် ဆိုသည့် အခြေခံ အကြောင်းတရားများကို ဖော်ထုတ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှု အသိုင်းအဝိုင်း အတွင်းတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပူးပေါင်းပါဝင်လာအောင် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မည်သို့သော အကြောင်းတရားနှင့်မျှ ရပ်တန့် နှောင့်နှေး မှုမရှိအောင် ကြိုးစားဆောင်ရွက်ရန် အားလုံးတွင် တာဝန်ရှိသည်ဟု အလေးအနက်ခံယူပြီး အောင်မြင် ပြီးမြောက်အောင် ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်ကြရန် မိမိတို့အားလုံးတွင် တူညီသောစိတ်ဆန္ဒရှိပြီး ဖြစ်ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသော ကာလအတွင်းတွင်လည်း တွေ့ဆုံဆွေးနွေးမှုများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ပြီး ၂ဝ၂ဝ ရွေးကောက်ပွဲကြောင့် ဆွေးနွေးမှုများ ရပ်တန့်မသွားအောင် အချိန်ဇယား သတ်မှတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီး စီးကြောင်း သိရသည်။