ငယ်ဘဝ

ယမန်နေ့မှအဆက်

မောင်ငြိမ်းချမ်း ပြေးလွှားဆော့ကစား၍ အလွန်ကောင်းသော ခြံကြီးဖြစ်သည်။ သရက်သီး၊ သပြေသီး၊ မာလကာသီး၊ သြဇာသီး စသည်တို့ကိုလည်း စိတ်ကြိုက်ဆွတ်ခူးစားနိုင်သည်။ ခြံထဲမှာ မောင်ငြိမ်းချမ်း မတက်ဖူးသောသစ်ပင်၊ မတက်နိုင်သောသစ်ပင်မရှိ။ ခြံစည်းရိုးမှ ခွေးတောက်နွယ်ကြီးများမှာ မောင်ငြိမ်းချမ်း ခိုလွှဲဆော့ကစားရာ သဘာဝနွယ်ဒန်းကြီးများဖြစ်သည်။

မောင်ငြိမ်းချမ်းကတော့ ဝန်းသိုရွာသို့ပြောင်းလာပြီး အဖေကြီးအိမ်မှာ နေရသည်ကို ပိုသဘောကျသည်။ အဖေကြီးခြံထဲမှာ ဆော့ကစားရသည်ကို ပျော်သည်။ ကျောင်းနေအရွယ်ရောက်ပြီမို့ ဖေကြီးကျောင်း မှာပင် စာသင်ရသည်။ အဖေကြီး၏အိမ်က နှစ်ထပ်အိမ်ကြီးဖြစ်သည်။ ခြံဝင်းထဲမှ ကုန်းအမြင့်ပေါ်မှာ ရှိသည်။ အိမ်ရှေ့တွင် အရိပ်အာဝါသကောင်းသော ညောင်ပင်ကြီးရှိသည်။ နွေရာသီမှာ ရွာသူရွာသား တို့နားခိုရာ၊ ကလေးများ လာရောက်ဆော့ကစားရာ နေရာဖြစ်သည်။

ဤခြံကြီးထဲတွင် မောင်ငြိမ်းချမ်းအတွက် နေစရာအိမ်ရှိသည်။ ပညာသင်စရာကျောင်းရှိသည်။ ဆွတ်ခူး စားစရာသစ်သီးဥယျာဉ်ရှိသည်။ ကစားစရာ သစ်ပင်နွယ်ပင်များရှိသည်။ ဘောလုံးကွင်းရှိသည်။ ခြံစည်း ရိုးကို ပတ်လျက် ရေမြောင်းရှိ၍ မြောင်းရေချိုးနိုင်သည်။ အဖေကြီးခြံထဲမှာ ရေတွင်းလည်းရှိသည်။ ရေချိုရေကောင်းဖြစ်၍ ရွာတောင်ပိုင်းမှလူများအားလုံး ရေချိုးကြ၊ အဝတ်လျှော်ကြ၊ သောက်ရေသုံးရေ ခပ်ကြသည်။ ဤအိမ်၊ ဤခြံကြီးကိုသဘောကျသလို ဝန်းသိုရွာမှာ နေရသည်ကိုလည်း သဘောကျ သည်။ အိမ်ခြေ ၂ဝဝ ခန့်ရှိသောရွာမို့ ကြီးလည်းမကြီး၊ ငယ်လည်းမငယ်။

ရွာသားတို့မှာ လယ်သမားများ၊ အမျိုးသမီးများက မြန်မာ့ရိုးရာလက်မှုလုပ်ငန်း ရေအိုးလုပ်ကြသည်။ ဝန်းသိုအိုးသည် ပါးပြီးခိုင်မာ၍ ရေသည် ရေရွက်ရန် ကောင်းသည်။ သောက်ရေအိုးတည်လျှင်လည်း အေး၍ လူကြိုက်များသည်။ အိုးအရွယ်စုံထွက်သည်။ မနက်လင်းလျှင် အိုးခတ်သံနှင့်နိုးရသည်။ မောင်ငြိမ်းချမ်းတို့ သားအမိ ဝန်းသိုရွာရောက်ပြီး အခြေတကျရှိသောအခါ ဂျပန်များ မြန်မာပြည်မှ ပြန်လည်ဆုတ်ခွာကြပြီ။ ကျေးရွာများအထိ ဗုံးကြဲလေယာဉ်များက လာရောက်တိုက်ခိုက်နေ၍ ည အချိန်တွင် မီးမထွန်းရ။

မှောင်မိုက်သောညတစ်ညမှာ မစောရှင်သည် ယောကျ်ားကွယ်လွန်စဉ် ကိုယ်ဝန်နှင့်ကျန်ခဲ့သော သား ကလေးကို မွေးဖွားရသည်။ မလွှဲသာမရှောင်သာ မီးထွန်းရသောအခါ ဂျပန်များရောက်လာပြီး ဆူပူ ကြိမ်းမောင်းသည်။ ကလေးမီးဖွားနေသည်ကို ပြောပြသောအခါ နားလည်ခွင့်လွှတ်သည်။ မီးခွက်ကို ဆောင်းနှင့်အုပ်၍ ဆောင်းပေါ်မှာပုဆိုးအုပ်ပြီး အလင်းရောင် အနည်းဆုံးသုံးခွင့်ပြုသည်။

မောင်ငြိမ်းချမ်းမှာ နှမတစ်ယောက်၊ ညီတစ်ယောက် မောင်နှမသုံးယောက် ဖြစ်သွားသည်။ အဖေကြီး (အဘိုး) ဦးဖိုးသာ မောင်ငြိမ်းချမ်း၏ အဖေကြီး ဦးဘိုးသာမှာ ဝန်းသိုရွာတွင် မူလတန်း ကျောင်းအုပ် ဆရာကြီးဖြစ်သည်။ ဇာတိက မုံရွာတစ်ဖက်ကမ်းမှ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာသားဖြစ်သည်။ မောင်ခန့်၊ မောင်ဘိုးသာ၊ မောင်ဘ၊ မောင်ဘတုတ် ညီအစ်ကိုလေးယောက်ရှိသည်။ မိဘများက ကျေးရွာဘဝ ပင်ပန်းဆင်းရဲစွာအသက်မွေးကြရသည်။ သားများကို မိမိတို့ကဲ့သို့ မဆင်းရဲစေချင်။

ရွာမှာနေလျှင် ဘာပညာမှတတ်မည်မဟုတ်။ မြို့ကျောင်းသို့ပို့ပြီး ပညာသင်ပေးနိုင်သော အခြေအနေ လည်းမရှိ။ သားများကိုရှင်ပြုပေးပြီး အကြီးဆုံးကိုရင်ကြီးက ဦးဆောင်၍ ပညာရှာရန်ရွာမှ ထွက်စေ သည်။ နောင်တော့လည်း တပေါင်းတစုတည်းနေရန် အခြေအနေ အခွင့်မသာ၍ တစ်ယောက်စီခွဲပြီး ပညာရှာကြရသည်။ မောင်ဘိုးသာက ယင်းမာပင်မြို့ရှိ ရိုးမတိမ် ဆရာတော်ကျောင်းသို့ သွားသည်။ ဘုန်းကြီး တည်ထောင်သော အလယ်တန်းကျောင်းဖြစ်၍ ခုနစ်တန်းနှင့် ဆရာဖြစ်သင်တန်းအထိ အမြင့် ဆုံး သင်ကြားနိုင်သည်။

ရိုးမတိမ်ကျောင်းသို့ရောက်သောအခါ ဆရာတော်နှင့်တွေ့၍ ကျောင်းတွင်နေထိုင်ပညာသင်ခွင့်ပြုရန် လျှောက်ထားသည်။ ဆရာတော် ဆွမ်းဘုဉ်းပေးနေချိန်ဖြစ်သည်။ ကျောင်းနေခွင့် လျှောက်ထား တောင်းပန်သော ကိုရင်လေးကို လှမ်း၍ပင်မကြည့်။ ဘာမျှလည်း မိန့်ကြားခြင်းမရှိ။ မကြားမသိသကဲ့ သို့နေသည်။ လျှောက်ထားသောကိုရင်က ဒူးတုပ်လက်အုပ်ချီလျက် မိန့်ကြားမည့် စကားကို စောင့်စား နေသည်။

ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးသောအခါ ဆရာတော် သူ့အခန်းသို့ပြန်ကြွ သွားသည်။ ကိုရင်ကို ဘာမျှ မိန့်ကြားခြင်းမရှိချေ။ ကိုရင်မှာ လက်အုပ်ချီလျက် ဒူးတုပ်နေဆဲ။ ဘေးမှာရှိသော ဦးပဉ္စင်း၊ ကိုရင်များ စိတ်မကောင်းစွာကြည့်နေကြသည်။ ''ဆရာတော်က နေခွင့်မပြုပေမယ့် မနေပါနဲ့လို့လည်း ပြောမသွား ပါဘူး။ သင့်လျော်မယ့်နေရာမှာ ကိုရင်ကြည့်နေပေါ့...'' ဦးပဉ္စင်းတစ်ပါး၏ မိန့်ကြားချက်ဖြင့် သင့် လျော်ရာနေရာမှာ ကြည့်နေရသည်။ နောက်တစ်နေ့မှစ၍ စောစောအိပ်ရာထသည်။ ကျောင်းသန့်ရှင်း ရေးလုပ်သည်။ ဆေးကြောစရာရှိသည်များကို တာဝန်ယူဆောင်ရွက်သည်။ ဆက်လက်ဖော်ပြပါမည်