လူတိုင်းအတွက် နှစ်ခြိုက်စရာ ပို့သမေတ္တာ

လူ့ဘဝကို ရရှိလာသူတိုင်း လူမျိုးဘာသာမရွေး တူညီသော အချက်များစွာ ရှိသည်။ အကျဉ်းချုပ်လိုက်မည် ဆိုပါက လူတိုင်း အိပ်ရေး၀၀ အိပ်ချင်သည်။ အိပ်ရာမှ နိုးထလျှင်လည်း ကျန်းကျန်းမာမာ နိုးထချင်သည်။

အိပ်နေစဉ်အတွင်း ထိတ်လန့်ဖွယ်ကောင်းသော အိပ်မက်ဆိုးများမမက်လိုကြပါ။ သူများက မိမိကိုချစ်ခင်စေချင်သည်။ နတ်ကောင်းနတ်မြတ်၊ သူတော်စင်သူတော်ကောင်း အပေါင်းတို့ကလည်း ချစ်ခင်စေချင်သည်။ စောင့်ရှောက်စေချင်သည်။ အဆိပ်ပြင်းထန်သော ပိုးမွှားကိုက်ခံရခြင်း၊ လက်နက်ဖြင့်ဒဏ်ရာ ရရှိစေခြင်း၊  ရန်သူမျိုးငါးပါးနှင့် မကြုံတွေ့လိုခြင်းတို့ ဖြစ်စေချင်သည်။ မိမိတို့စိတ်ကို အမြဲတမ်းတည်ကြည်စေချင်သည်။ မျက်နှာအဆင်းသဏ္ဌာန် လှပချင်သည်။ သေလွန်သည့်အခါ တွေဝေမှုကင်းချင်သည်။ ကောင်းရာသုဂတိသို့ ရောက်ချင်သည်။

ကောင်းကျိုး ၁၁ ပါးနှင့် ပြည့်စုံစေချင်ကြသည်မှာ စိတ်ရင်းအမှန်ဖြစ်ပေသည်။

ဤသို့ ဖြစ်ချင်ပါလျှင် သတ္တဝါအားလုံးအပေါ် မေတ္တာစိတ်ထားပြီး မေတ္တာပို့သပေးလိုက်ပါ။ ဖြစ်ချင်သော အချက်များ ဖြစ်လာပါလိမ့်မည်။ မေတ္တာတရားဆိုသည်မှာ လူမျိုးမရွေး၊ ဘာသာမရွေး၊ လူတိုင်း၊ နတ်တိုင်း၊ ဗြဟ္မာ တိုင်းလိုလားကြသည်။ ပွားများရာ၌လည်း လွယ်ကူလှပါသည်။ အစဉ်ထာဝရ သာယာငြိမ်းချမ်းသော ဘဝကို ထူထောင်နိုင်သည်။ ဘာသာမတူသူများလည်း လွယ်လွယ်ကူကူ ပို့လို့အဆင်ပြေအောင် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစိတ္တာသာရာဘိဝံသဆရာတော်က ပဋိသမ္ဘိဒါမဂ်ပါဠိတော်နှင့် အညီ အရပ်မျက်နှာ အသီးသီးကို ဖြန့်ကြက်၍ ပို့သသော (ဒိသာဖရဏ)မေတ္တာပို့နှင့် မေတ္တာဘာဝနာ ၁၁ မျိုးကို ရေးသားပေးတော်မူခဲ့သည်။ လွယ်ကူရှင်းလင်းစွာ ကြည်ညိုနိုင်သည့်အပြင် ဆိုလိုရင်း အဓိပ္ပာယ်ကိုလည်း ကွင်းကွင်းကွက်ကွက် မြင်သာလှသည်။

အရှေ့အရပ်၊ အနောက်အရပ်၊ မြောက်အရပ်၊ တောင်အရပ်၊ အနောက်တောင်ထောင့်အရပ်၊ အနောက် မြောက်ထောင့်အရပ်၊ အရှေ့မြောက်ထောင့်အရပ်၊ အရှေ့တောင်ထောင့်အရပ်၊ အောက်အရပ်၊ အထက်အရပ် စသည်ဖြင့် ထိုထိုအရပ်တို့၌ ရှိကြကုန်သော အနန္တစကြဝဠာ အနန္တသတ္တဝါများ၊ အပါယ်ဘုံသားအနန္တသတ္တဝါများ၊ အနန္တနတ်ဗြဟ္မာများ ဘေးရန်ခပ်သိမ်းငြိမ်းကြပါစေ၊ ဒေါသခပ်သိမ်းငြိမ်းကြပါစေ၊ ဆင်းရဲခပ်သိမ်းငြိမ်းကြပါစေ၊ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ စသည်ဖြင့်မေတ္တာပို့ပါသည်။ မေတ္တာဘာဝနာ ၁၁ မျိုးမှာ မေတ္တသုတ်ပရိတ်တော်လာ မေတ္တာပို့နည်း ဖြစ်သည်။ လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ၊ ဥပဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ အစချီ၍ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေအထိ မေတ္တာပို့သပါသည်။ မေတ္တာပို့သနည်းကို လွယ်လွယ်ကူကူ ရေးသားထားခဲ့သည်။ ထိုနည်းအတိုင်း ပို့သလျှင်လည်း ကောင်းကျိုးချမ်းသာ ရရှိပါသည်။

မေတ္တသုတ်ပရိတ်တော် ဖြစ်ပေါ်လာပုံမှာလည်း စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ အခါတစ်ပါး၌ ရဟန်းငါးရာတို့သည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းယူ၍  ဟိမဝန္တာအနီး တောအုပ်ကြီးတစ်ခုသို့ဝင်ကာ သစ်ပင်ရင်းတို့၌ တရားအားထုတ် နေကြသည်။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့် သစ်ပင်ရှိနတ်များ မနေဝံ့ကြဘဲ ရှောင်နေကြရသည်။ တစ်နေ့ပြန်နိုး၊ တစ်နေ့ပြန်နိုးနှင့် စောင့်နေခဲ့ကြရာ မပြန်တော့မည်ကိုသိ၍ ရဟန်းတော်များ မနေဝံ့အောင် ချောက်လှန့်ကြတော့သည်။ ရဟန်းတော်တို့သည် တရားဖြောင့်ဖြောင့် နှလုံးမသွင်းနိုင်ဘဲ စိတ်ဓာတ်များ ချောက်ချား၍ ဘုရားရှင်ထံ ပြန်သွားကြပြီး အကြောင်းစုံလျှောက်ထားကြလေသည်။ ဘုရားရှင်က ဤ “မေတ္တသုတ်တော်”ကို ကမ္မဋ္ဌာန်းအလို့ငှာ လည်းကောင်း၊ အကာအကွယ်အရံအတား အလို့ငှာလည်းကောင်း ရွတ်ဖတ်ပွားများရန် တစ်ချက်ခုတ်နှစ်ချက်ပြတ် ရဟန်းတို့အား သင်ကြားပေးတော်မူ၍ မိမိတို့နေခဲ့ရင်း တောအုပ်သို့ပင် ပြန်စေတော်မူခဲ့သည်။

ရဟန်းတို့လည်း နေရင်းဌာနတောအုပ်သို့ပြန်သွား၍ မေတ္တသုတ်တော်ကို ရွတ်ဆိုပွားများကြရာ နတ်များက ချစ်မြတ်နိုးကြပြီး ဝတ်ကြီးဝတ်ငယ်များပင် ပြုလုပ်စောင့်ရှောက်ကြလေသည်။ ရဟန်းတော်များလည်း မေတ္တာကို အခြေခံကာ ဝိပဿနာပွားများ၍ ဝါတွင်းမှာပင် ရဟန္တာအဖြစ်သို့ ရောက်ရှိကြလေသည်။ ထို့ကြောင့် မေတ္တာပွားခြင်း၏ အကျိုးအာနိသင် ၁၁ မျိုးသည် လူတိုင်းနှစ်ခြိုက်စွာ ရယူလိုသောဆန္ဒ ဖြစ်သည်။

မေတ္တာပို့သခြင်းသည် ကောင်းမွန်သောအလုပ်ဖြစ်ပေသည်။ သူ့ကိုကိုယ်ချစ်မှ သူကကိုယ့်ကို ချစ်မည်မှာလောက၏ နိယာမတရား ဖြစ်သည်။ မေတ္တာဆိုသည်မှာ အလျားအနံ မရှိပေမယ့် အသွားအပြန်တော့ ရှိပါသည်ဟူသော စကားကို ပြောလေ့ရှိကြသည်။ မေတ္တာသည် မှန်များကဲ့သို့ ရောင်ပြန်ဟပ်ပါသည်။ ဤကမ္ဘာလောက၌ မေတ္တာတရားများ လွှမ်းမိုးနေမည် ဆိုလျှင် စစ်ပွဲဟူသော အနိဋ္ဌာရုံများ ပေါ်ပေါက်လာဖွယ်မရှိပါ။ လူမျိုးမရွေး၊ ဘာသာမရွေး မေတ္တာဆောင်လျှင် အောင်မြင်ပါသည်။ မေတ္တာခြုံလျှင် လုံခြုံပါသည်။ မေတ္တာ၏ဆန့်ကျင်ဘက်သည် အမုန်းတရား၊ အမုန်းစကားဖြစ်သည်။ အရာရာအောင်မြင်လိုလျှင် အမုန်းစကားပယ် အပြုံးကြွယ်၍ တုံ့လှယ်မေတ္တာထားရှိကြပါရန် ရေးသားလိုက်ရပေသည်။   ။