COVID-19 ဒုတိယလှိုင်း မပေါ် ပေါက်စေရေး

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၂၄ ရက်)

လူတိုင်းသည် လှိုင်းဟူသောအမည်နာမကိုကြားဖူးကြသည်။ လှိုင်းကြီးလှေအောက်၊ တောင်ကြီးဖဝါး အောက် ဟူသော စကားပုံဖြင့် လူသားတို့အားမာန်ဇွဲလုံ့လ ဝီရိယဖြင့် အခက်အခဲကို ကျော်ဖြတ်ရန် ရည်ညွှန်းထားသည်။ လှိုင်းကြီးလှေအောက် ဆိုသော်လည်း အမှန်တကယ် ပင်လယ်ပြင်တွင် လှိုင်းကြီးသည်နှင့်ကြုံရသောအခါ လှေသည် ပျောက်သွားတတ်သည်။ မှောက်သွားတတ်သည်။ လှိုင်းလုံးကြီးလျှင် ကြီးသလို အရှိန်ပြင်းလျှင်ပြင်းသ လို  ဒုက္ခနဲ့ကြုံတွေ့ရတတ်သည်။ မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ပါသည် ဟူသော သတင်းကြေညာချက် မျိုးကြား လျှင် ပင်လယ်ပြင်သို့ မည်သည့်လှေမှ မထွက်ရပါ။ အန္တရာယ်ကိုကြိုတင် ကာကွယ်သည့် သဘောဖြစ် သည်။ ယခုအခါ ကမ္ဘာ့နိုင်ငံအများစုတွင် COVID-19 ရောဂါသည် ဒုတိယအကြိမ်ဖြစ်ပွားလျက်ရှိသဖြင့် လူသား တို့အတွက် လှိုင်းကဲ့သို့ အန္တရာယ်ရှိသည်ကို ပမာပြု၍ ဒုတိယလှိုင်းဟူ၍ သုံးနှုန်းလျက်ရှိပေသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် Coronavirus Disease 2019 (COVID-19)  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေး  ပြည်သူသို့ ပန်ကြား ချက်ကို၂ဝ၂ဝ ပြည့်နှစ် သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။

မိမိတို့နိုင်ငံတွင် COVID-19 ကူးစက်ဖြစ်ပွားမှု ပထမလှိုင်း၏ အကျပိုင်းသို့ရောက်ရှိနေပြီး မကြာမီ ပြီးဆုံးတော့ မည်ဟု ဆိုနိုင်ကြောင်း၊ နိုင်ငံအတွင်း ရောဂါပိုးတွေ့ရှိ သူများအနက် ထက်ဝက်ကျော်ဖြစ်သည့်၆၁ ရာခိုင်နှုန်း ခန့်သည် အမြင်အားဖြင့် နေကောင်းကျန်းမာပြီး ရောဂါလက္ခဏာပြသခြင်း မရှိသူများဖြစ်ကြောင်း၊  အကယ်၍ ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိဘဲ COVID-19 ရောဂါပိုးရှိနေသူများရှိပါက ထိုသူများထံမှ  ကူးစက်ပြန့်ပွား၍ ရောဂါဖြစ်ပွားမှုဒုတိယလှိုင်းအဖြစ် အရှိန်အဟုန်မြင့်မားစွာပေါ်ပေါက်လာနိုင်သည့် အလား အလာများစွာရှိပါ ကြောင်း ဖော်ပြထားသည်။ သြဂုတ် ၂၃ ရက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်သော သတင်းများအရ ကမ္ဘာတွင် COVID-19 ဖြစ်ပွားသူ ၂၃ ဒသမ ၄ သန်းခန့်ရှိပြီး သေဆုံးသူ ရှစ်သိန်းကျော်ရှိ ကြောင်း၊ ဖြစ်ပွား၊ သေဆုံးသူ ဦးရေမှာ နေ့စဉ် ဆက်လက် မြင့်တက်လျက် ရှိနေကြောင်း သိရသည်။

ထို့ပြင် ဒုတိယလှိုင်းအဖြစ် ရောဂါပြန်လည်ဖြစ်ပွား၊ သေဆုံးနေမှုများကို အိမ်နီးချင်းနိုင်ငံအချို့နှင့်ရောဂါကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည့် ကမ္ဘာ့နိုင်ငံကြီး အချို့တွင်တွေ့ရှိနေရပြီး ခက်ခဲစွာပြန်လည်ထိန်းချုပ်နေ ရကြောင်း၊ မိမိတို့ပြည်သူများ အကြားတွင် COVID-19 ကာကွယ်ရေးအတွက် အဓိကလိုက်နာဆောင်ရွက် ရမည့် အချက်များကို နိုင်ငံတွင်း ကူးစက်မှုများခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် မတ်၊ ဧပြီနှင့် မေလတို့တွင် လိုက်နာမှု အားကောင်းခဲ့ သော် လည်း ဇွန်လအလယ်ခန့်မှ စတင်၍ လိုက်နာမှု အားနည်းနေသည်ကို တွေ့မြင်ရကြောင်း၊ ဒုတိယလှိုင်း အဖြစ် ပေါ်ပေါက်လာပါက ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အလုပ်အကိုင်ရရှိရေး၊ စားဝတ်နေရေး စသည့် ကဏ္ဍမျိုးစုံတွင် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း ဖော်ပြပါရှိသည်။

COVID-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမဖြစ်ပေါ်စေရန် တတ်နိုင်သမျှ လူစုလူဝေးရှိရာနေရာများသို့ မလိုအပ်ဘဲ လုံးဝ မသွားကြပါရန်၊ တစ်ဦးနှင့် တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ကြပါရန်၊ ဖြစ်နိုင်ပါက အနည်းဆုံး ၆ ပေအကွာမှသာ နေထိုင်ပြောဆိုဆက်ဆံကြပါရန်၊ အပြင်ထွက်တိုင်းနှင့် လူစုလူဝေးရှိသည့်နေရာ များသို့ သွားသည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျ မပျက်မကွက် တပ်ဆင်ကြပါရန်၊ လက်တွင် ကပ်ပါလာနိုင်သော ဗိုင်းရပ်ကို ပျက်စီးစေရန်အတွက် လက်ကိုဆပ်ပြာနှင့် ရေအသုံးပြု၍ အနည်းဆုံးစက္ကန့် ၂ဝ ကြာအောင် ဆေး ကြောကြ ပါရန်၊ နိုင်ငံခြားမှ ပြန်ရောက်လာသူများအား အသွားအလာ တားမြစ်ပိတ်ပင်၍ သီးသန့်ထားရှိ စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင် ပါရန်၊ တရားမဝင်ပြန် လည် ဝင်ရောက်လာသူများတွေ့ရှိပါက မဖြစ်မနေ သတင်းပို့ပါရန် ဟူ၍ အဓိကအချက် ငါးချက်ကို ဖော်ပြထား ပါသည်။

လူတစ်ဦးတွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံရပါက နေမကောင်းဖြစ်မည်၊ ဖျားနာမည်၊ သာမန်တုပ်ကွေး အဖျားနှင့် လုံးဝမတူသော အပြင်းဖျားမည်။ နှာခေါင်းဝမှာ ရေမြှုပ်ဖတ်ကြီး တစ်နေသလိုခံစားရမည်။ အသက်ကို ဖြည်းဖြည်း ချင်းသာ ရှူနိုင်မည်။ အဆုတ်ကိုလေရောက်ဖို့ ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲ ရှူရင်းနှင့် အမောဆို့လာမည်။ ချောင်းဆိုး ရလွန်း၍ အားအင်ကုန်ခန်းကာ သတိလစ်သည် အထိဖြစ်မည်။ ချောင်းဆိုးတိုင်း ရင်ဘတ်၊ လက်ကြော၊ ခြေချောင်း လက်ချောင်းများ နာကျင်လာမည်။ နှာခေါင်းကနေ အသက်မရှူနိုင်သည့် အခါ အောက်ဆီဂျင် ပေးလိမ့်မည်။ အောက်ဆီဂျင်ပေးလျှင် နှာခေါင်းဝတွေ အပူလောင်ပြီး ပိုမိုဆိုးရွားသည့်နာကျင်မှု ကိုခံစားရမည်။ ထိုသို့မှမရလျှင် အသက်ရှူအကူ ကိရိယာဖြစ်သည့် လက်မဝက်ခန့်ရှိ ပိုက်နှစ်လုံးကို အဆုတ်ထဲ ရောက်အောင် လည်ချောင်းက တစ်ဆင့် ထိုးသွင်းပါလိမ့်မည်။ ထိုအခါ ဒုက္ခဝေဒနာ အကြီးအကျယ်ခံစားရပြီး  စကားပြော၍မရ၊ အစာစား၍ မရဖြစ်နေပါမည်။

လူနာကို အလုံပိတ်အခန်းထဲမှာ တစ်ယောက်တည်း ထားပါလိမ့်မည်။ မိဘညီအစ်ကိုမောင်နှမဆွေမျိုးသားချင်း များနှင့်လည်း တွေ့ခွင့်ရမည် မဟုတ်ပါ။ ရောဂါဖြစ်နေသူမှ တစ်ဆင့် အခြားသူများသို့ မကူးစက်ရန် ကန့်သတ် ထားခြင်းဖြစ်သည်။ အခန်းထဲမှာတစ်ဦးတည်း နေရလျှင် အထီးကျန်ကာ အားငယ်လာလိမ့်မည်။ အမောဆို့ လာလျှင်လည်း ရောဂါအခြေအနေက ပိုဆိုးရန်ရှိသည်။ ဤသည်မှာ COVID-19 ရောဂါဖြစ်လျှင် တွေ့ကြုံ ခံစားရမည့် အနေအထားဖြစ်သည်။ ထို့ကြောင့် ရောဂါ မဖြစ်ပွားအောင်  အထက်တွင်ပန်ကြားထားသော အဓိက အချက်ငါးချက် အတိုင်း လိုက်နာသွားလာ နေထိုင်ကြပါရန် ရေးသားလိုက်ရပေသည်။  ။