ငွေဝယ်ကျွန်နှင့်ရောင်းရင်းတို့သွားရာလမ်း

ငွေဝယ်ကျွန်နှင့်ရောင်းရင်းတို့သွားရာလမ်း

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊ မေ ၁၃ ရက်)

ပြည်ပထောက်ပံ့ ငွေကြေးမြောက်မြားစွာ လက်ခံရရှိထားသူများသည် ပြည်ပက စေခိုင်းသည့်အတိုင်း လိုက်နာ လုပ်ဆောင်ကြရသည်။ ခိုင်းသည့်အတိုင်း အောင်မြင်စွာ မလုပ်ဆောင်နိုင်လျှင် ဆုံးရှုံးထားသော ငွေကြေးနှင့် တန်အောင်ပေးဆပ်ကြရသည်။ လုပ်ပေးပါမည်ဟူသောကတိအတိုင်း လုပ်ဆောင်မှုမအောင်မြင်လျှင် ပေးအပ်ထားသော ဆုတံဆိပ်အမျိုးမျိုးကို ပြန်လည်ရုပ်သိမ်းလေ့ရှိသည်။ နောက်ဆုံးအဆင့် တစ်ကမ္ဘာလုံး ဆိုင်ရာ ပေးထားသောဆုကိုပင်လျှင် ထိုဆုအားပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုလေ့ ရှိကြသည်။ ဤသည်မှာ ကမ္ဘာ့နိုင်ငံရေးတွင် ထင်သာမြင်သာသော အကြောင်းအချက်များ ဖြစ်သည်။

ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့သည်  အင်အားငယ်သောနိုင်ငံများအပေါ် ဗိုလ်ကျ လွှမ်းမိုးလိုသောအခါ ပြည်တွင်း သစ္စာဖောက်ပုဆိန်ရိုးများကို ရှာဖွေမွေးမြူသည်။ ကြီးထွားမြန်ဆန်အောင် အစာကျွေးရသည်။ ထိုသူကို နိုင်ငံတကာကအထင်ကြီးစေသော ဆုတံဆိပ်များချီးမြှင့်ကြသည်။ ဥပမာအားဖြင့် ငြိမ်းချမ်းရေး နိုဗယ်ဆုဆိုပါစို့။ ၎င်းတို့ ကြိုးဆွဲရာကမည့် ရုပ်သေးရုပ်ကိုရှာဖွေပေးလိုက်သည်။ ထိုသူသည် သူ့နိုင်ငံအတွက် သို့တည်းမဟုတ် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းသာယာအောင် ဘာတစ်ခုမျှ စွမ်းဆောင် နိုင်ခြင်းမရှိသော်လည်း သူသည် ထိုဆုကြောင့် တကယ့်ကိုငြိမ်းချမ်းရေး ပုဂ္ဂိုလ်ကြီး ဖြစ်သွားတော့သည်။

ငြိမ်းချမ်းရေးနိုဗယ်ဆုချီးမြှင့်ခံရသူများအားလုံးနီးပါးသည် ဤအတိုင်းသာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံရှိ တည်ဆဲအစိုးရကို ထိပ်တိုက်ရင်ဆိုင်ရေး၊ ဆန့်ကျင်ရေးလုပ်နေသူကို ရွေးချယ်သည်။ မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့ဆိုလျှင် သူတို့နိုင်ငံတွင် ငြိမ်းချမ်းရေး နိုဗယ်ဆုချီးမြှင့်ခံရသူကို ဘယ်လိုစွမ်းဆောင်ချက် သို့မဟုတ် မည်သည့်အကြောင်းကြောင့် ဤဆုချီးမြှင့်ခံရသည့်အကြောင်း တိတိကျကျဖြေဆိုနိုင်သူမရှိပေ။ မှန်ကန်သောအဖြေ တစ်ခုမှာ အထက်တွင်ဖော်ပြခဲ့သလို တည်ဆဲအစိုးရကိုဆန့်ကျင်နိုင်လေ ဆုချီးမြှင့်လို့ ကောင်းလေဖြစ် ကြောင်းတွေ့ရှိရသည်။

မြဝတီရုပ်မြင်သံကြားတွင် မြန်မာနိုင်ငံအရေး အလေးအနက်တွေးသူတစ်ဦးရဲ့ စကားသံများကို စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက်ရှိသည်။ သူ၏ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများသည် ယနေ့လူငယ်များအတွက် ကောင်းသောလမ်းကိုပြနေခြင်း ဖြစ်သည်။ သူထောက်ပြနေသော အကြောင်းအရာများသည် အမှန်တရား များဖြစ်သည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD အဖွဲ့ရွေးကောက်ပွဲဝင်ကာ လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာကြသည်။ နိုင်ငံတော်အတွက် ကောင်းသောဖြစ်စဉ်ဖြစ်သော်လည်း တစ်ဖက်တွင် လူပေါင်း များစွာဒုက္ခရောက်သွားကြသည်။ ထိုစဉ်က အစိုးရဆန့်ကျင် နေသော အဖွဲ့ပေါင်းများစွာမှ လူပေါင်းများစွာကို ပြည်ပကထောက်ပံ့ကြေးများ ရပ်ဆိုင်းလိုက်သည်။ သူတို့ခေါင်းဆောင်သည့် အစိုးရကိုဆန့်ကျင် နေသူ မဟုတ်တော့၍ ထောက်ပံ့ကြေးများဖြတ်လိုက်ခြင်းဖြစ်သည်။ ယခုတစ်ဖန်အစိုးရကိုဆန့်ကျင်သော အဖွဲ့အစည်း ပေါ်လာသည်။ တည်နေရာပြစရာမရှိသော်လည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ  (CRPH)၊ ယင်းကဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ထို NUG အဖွဲ့မှပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကိုဖွဲ့စည်း သည်။ ဤလုပ်ရပ်သည် ရှေးအစဉ်အလာပြည်ပြေးအစိုးရတို့လုပ်နည်းအတိုင်းဖြစ်သည်။ သည်လိုလုပ်မှ ပြည်ပငွေကြေးထောက်ပံ့မှုရှိမည်။  တော်လှန်ရေးကြီး အောင်မြင်မည် မဟုတ်မှန်းသိသော်လည်း သူများပေးသောငွေကို လက်ခံထားမိပေပြီ။ တစ်နည်း ဆိုရသော် ငွေဝယ်ကျွန်ဘဝသို့ရောက်နေပြီဖြစ်သည်။ ကျွန်ဆိုသည်မှာ သခင်ခိုင်းသည့် အတိုင်း လုပ်ဆောင်ရုံမှတစ်ပါး အခြားမရှိတော့ပါ။ ပြည်တွင်းရောင်စုံသောင်းကျန်းသူ အဖွဲ့များသည်ပင်  စာသင်ကျောင်းကို မီးမရှို့၊ ဗုံးမခွဲခဲ့ပါ။ ယခုငွေဝယ်ကျွန်တို့သည် စာသင်ကျောင်းတွေကိုမီးရှို့သည်။ ကျောင်းထဲလက်ပစ်ဗုံးနှင့်ပစ်သည်။ ကျောင်းမဖွင့် အောင်၊ ကျောင်းမတက်အောင်၊ ပြည်သူတွေကြောက်လန့်နေအောင် အဖျက်လုပ်ရပ်မျိုးစုံ လုပ်ဆောင်နေသည်။ လွန်စွာအောက်တန်းကျယုတ်မာဆိုးရွားလွန်းသော လုပ်ရပ်များကို လုပ်နေသည်။ ထို့ပြင် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများပျက်ပြားစေရန် ဗုံးခွဲခြင်း၊ မီးရှို့ခြင်း၊ လူသတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လုံခြုံရေးတပ်ဖွဲ့များ မရှိလျှင်မရှိသလို လုပ်ဆောင်နေကြသည်။

ယင်းအဖွဲ့များ၏ CDM ပြုလုပ်ရန်လှုံ့ဆော်ခြင်း၊ CDM မပြုလုပ်သူများကို ခြိမ်းခြောက် ခြင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား ကျောင်းမတက်ရန် လှုံ့ဆော်ခြင်း၊ ကျောင်းတက်သူများကိုခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံခြင်း၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ခိုင်းစေလျက်ရှိခြင်း တို့သည် အကြမ်းဖက်မှုများတွင် အကျုံးဝင်လျက်ရှိသည်။ ထို့ကြောင့် မတရားအသင်း အဖြစ် ကြေညာထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ ယင်းကဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ယင်းကဖွဲ့စည်းသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ယင်းတို့၏လက်အောက်ခံအဖွဲ့အစည်း အားလုံးကို အကြမ်းဖက်အုပ်စုများအဖြစ် နိုင်ငံတော်က သတ်မှတ် ကြေညာထားပြီး ဖြစ်သည်။ အကြမ်းဖက်အုပ်စုများသည် တိုင်းပြည်ကိုပျက်အောင်ဖျက်သောလမ်းကို ရွေးချယ်လျက်ရှိကြသည်။ အနှစ်ချုပ်ဆိုရလျှင် ငွေဝယ်ကျွန်နှင့် ရောင်းရင်းတို့သွားရာ လမ်းကား ပြန်လမ်းမရှိသောလမ်းသာဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။