လောကပါလတရား ထွန်းကား၍ လူသားတို့ ငြိမ်းချမ်းကြပါစေ

အယ်ဒီတာ့အာဘော်
(၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာ ၂၄ ရက်)
ကမ္ဘာသူကမ္ဘာသားများ ငြိမ်းချမ်းသာယာသော လောကသစ်ကြီးတည်ဆောက်ရာတွင် ကမ္ဘာ့ကုလသမဂ္ဂသည် အရေးပါ ဆုံးသော အဖွဲ့အစည်းကြီးဖြစ်ပေသည်။ ကမ္ဘာ့လူသားတို့၏ ပင်ကိုစိတ်သည် ငြိမ်းငြိမ်း ချမ်းချမ်း သာသာယာယာ နေထိုင်လိုကြသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် စစ်ပွဲများ ပေါ်ပေါက်လာသည်။ နေရာဒေသ တစ်ခုချင်းစီမှသည် နိုင်ငံအုပ်စုအလိုက်ဖြစ်ပွားလာရာမှ ကမ္ဘာစစ်ကြီးများ ဖြစ်ပေါ်လာခဲ့ရသည်။ ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ် စသည်ဖြင့် လူသားတို့အတွက် နာကြည်းခါးသီးဖွယ်ရာကြုံတွေ့ ခဲ့ကြရသည်။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီးတွင် နောက်ထပ်တစ်ကြိမ် ဤကဲ့သို့ စစ်ပွဲကြီး မဖြစ်ပွားစေရေးအတွက် တွေးခေါ် မြော်မြင်ကြံဆပြီး ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးကို နိုင်ငံများဖြင့် စုပေါင်းတည်ထောင်ခဲ့ကြသည်။ ထိုနေ့မှာ ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့ဖြစ်သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်အတွက် ကမ္ဘာ့နိုင်ငံများ စုပေါင်းပါဝင်သော အဖွဲ့ကြီး အဖြစ် ဂုဏ်ယူဖွယ်ရာ ဖြစ်ထွန်းလာခဲ့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တည်တံ့အောင်ထိန်း သိမ်းရန်နှင့် ကျူးကျော်မှု များအား ပူးပေါင်းအရေးယူဆောင်ရွက်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေး တိုးတက်ခိုင်မြဲရေး အတွက် နိုင်ငံ အချင်းချင်း ပွင့်လင်းရင်းနှီးစွာ ဆက်ဆံရန်၊ နိုင်ငံတကာစီးပွားရေး၊ လူမှုရေး ပြဿနာများအား ဖြေရှင်းရာတွင် ယောက်ျား၊ မိန်းမ မရွေး အားလုံး လွတ်လပ်ခွင့်တူညီစေရန် ဟူသောရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပေသည်။
ကမ္ဘာ့ကုလသမဂ္ဂအခြေခံမူများကို လေ့လာကြည့်ပါကလည်း အဖွဲ့ဝင်နိုင်ငံအားလုံးသည် အချုပ်အခြာ အာဏာပိုင် နိုင်ငံ များဖြစ်၍ အဆင့်အတန်းတူညီကြသည်။ အဖွဲ့ဝင်နိုင်ငံအားလုံးသည် ပဋိညာဉ်စာချုပ်ပါ ကတိဝန်ခံ ချက်များကို သစ္စာရှိစွာ ဖြည့်တင်းပေးကြရမည်။ အပြည်ပြည်ဆိုင်ရာပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရမည်။ နိုင်ငံအချင်းချင်း ဆက်ဆံရာတွင် ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုမှ ရှောင်ကြဉ်ရမည်။ အဖွဲ့ဝင် နိုင်ငံအားလုံးသည် အဖွဲ့ကြီးကို အစွမ်းကုန် ကူညီကြရန်၊ ကုလသမဂ္ဂက အရေးယူထားသော မည်သည့်နိုင်ငံကိုမျှ အထောက်အကူ မပြုရန်နှင့် ကုလသမဂ္ဂအဖွဲ့ကြီးသည် မည်သည့်နိုင်ငံ၏ပြည်တွင်းရေးကိုမျှ ဝင်ရောက် စွက်ဖက်ခြင်းမပြုရန်ဟူ၍ တွေ့မြင်ရ မည်ဖြစ်ပေသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ ထောင်စုနှစ် ရည်မှန်းချက်များတွင် အလွန်အမင်းဆင်းရဲမှုနှင့် ငတ်မွတ်မှု တို့ကို ဖယ်ရှားရေး၊ ကမ္ဘာ့အခြေခံပညာရေး အဆင့်သို့ ရောက်ရှိစေရေး၊ ကျား/မ အခွင့်အရေး တန်းတူညီမျှမှု နှင့် အမျိုးသမီးများ လုပ်ပိုင်ခွင့်တိုးမြှင့်ပေးရေး၊ ကလေးသူငယ်သေဆုံးနှုန်းလျှော့ချရေး၊ ကိုယ်ဝန်ဆောင် မိခင် များ၏ ကျန်းမာရေး တိုးတက်စေရေး၊ HIV/ AIDS ရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားရောဂါများ တိုက်ဖျက်ရေး၊ သဘာဝ ပတ်ဝန်းကျင် တည်တံ့မှုရှိစေရေး၊ ဖွံ့ဖြိုးမှုအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တည်ဆောက်ရေး စသည်ဖြင့် ဖော်ပြထားသည်။
ယနေ့ ကမ္ဘာကြီးတွင် နိုင်ငံတစ်နိုင်ငံ တည်းက ဖြေရှင်း၍ မရသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ မူးယစ်ဆေးဝါး ပပျောက်ရေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ရာသီဥတု ပြောင်းလဲလာမှုကို တုံ့ပြန်နိုင်ရေး အစရှိ သည်မှ ယနေ့ကြုံတွေ့နေရသော ကိုရိုနာဗိုင်းရပ်ပိုး COVID-19 ကပ်ရောဂါကျရောက်မှုတို့သည် စုပေါင်းညီညာ ဖြေရှင်းရမည့် ကိစ္စရပ်များဖြစ်ပေသည်။ အထူးသဖြင့် COVID-19 ရောဂါကာကွယ်ဆေးရရှိ ရေးအတွက် နိုင်ငံများ ကြိုးပမ်းလျက်ရှိသည်မှာ ဝမ်းသာဖွယ်ရာ သတင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့သို့ အဖွဲ့ဝင် အဖြစ် ၁၉၄၈ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် စတင် ဝင်ရောက် ခဲ့ပြီး ကုလသမဂ္ဂနှင့် အစဉ်တစိုက် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသား ဦးသန့်သည် ၁၉၆၁ခုနှစ် နိုဝင်ဘာမှ ၁၉၇၁ ခုနှစ် ဒီဇင်ဘာအထိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ထမ်း ဆောင်ခဲ့သည်။ မြန်မာ နိုင်ငံသည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံး လျက်ရှိသည်။ ကမ္ဘာ့ငြိမ်း ချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှုသည်။
နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းလျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် မည်သည့် နိုင်ငံကိုမျှ စတင်ကျူးကျော် တိုက်ခိုက်ခြင်း ပြုမည်မဟုတ်သကဲ့သို့ မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမျှ နိုင်ငံ အတွင်း တပ်ချခွင့်ပြု မည်မဟုတ်ပါ။ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို တည်မြဲအောင် ထိန်းသိမ်းလျက် ရှိသည်။
ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး ဖွဲ့စည်း တည်ထောင်ခဲ့သည်မှာ (၇၅)နှစ်ပြည့် မြောက်ပြီဖြစ်သည်။ ၂ဝ၂ဝပြည့်နှစ် အောက်တိုဘာ ၂၄ ရက်(ယနေ့) တွင်ကျရောက်သော (၇၅)နှစ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့တွင် ကမ္ဘာ တစ် ဝန်း၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလ တရားများ ပိုမိုထွန်း ကားပြီး ကမ္ဘာသူ ကမ္ဘာသား အားလုံး ဘေးရန်အန္တရာယ် အပေါင်းမှ ကင်းဝေးကာ ပျော်ရွှင်ချမ်းမြေ့ နိုင်ကြပါ စေကြောင်း မြဝတီက ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ။