ဝါလကင်းလွတ် သီတင်းကျွတ် ပြုကြကုသိုလ်များ ထိုထို

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ အောက်တိုဘာ ၃၁ ရက်)

ယနေ့သည် သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ဖြစ်ပေသည်။ ဝါတွင်းကာလ အစဖြစ်သော ဝါဆိုလပြည့်နေ့သည် ဓမ္မစကြာ အခါတော်နေ့ဖြစ်သကဲ့သို့ ဝါတွင်းကာလအဆုံးဖြစ်သော သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာ အခါတော်နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားကျောင်းကန်များ၌ ဥပုသ်သီတင်း ဆောက်တည်ပြီး ကုသိုလ်ကောင်းမှုပြုကြသည်။ သက်ကြီးဝါကြီးများ၊ ဆရာ၊ ဆရာမများကို အထူးတလည် ပူဇော်ကန်တော့ကြသည်။ ရိုသေထိုက်သူကိုရိုသေခြင်းသည် မင်္ဂလာတရားတော်နှင့် ညီညွတ်သည်။

ပုဂံခေတ်အနော်ရထာမင်း လက်ထက်မှစတင်၍ ယနေ့တိုင်အောင် ထေရဝါဒဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ထွန်းလင်းတောက်ပလျက်ရှိသည်။ မြန်မာတို့သည် ဗုဒ္ဓဘာသာအပေါ် အခြေခံ၍ မြန်မာ့ယဉ်ကျေးမှုကို တည်ဆောက်ခဲ့ကြသည်။ ဗုဒ္ဓဘာသာသည် မေတ္တာတရား၊ ကိုယ်ချင်းစာတရားတို့ကို အလေးထား၍ သူတစ်ပါးတို့အား မထိခိုက်မနစ်နာစေဘဲ အပြစ်ကင်းအောင်ပြုမူ၊ ပြောဆို၊ ကြံစည်ကြရန် သွန်သင်ဆုံးမပေးသည်။ ဗုဒ္ဓဘာသာဝင်တိုင်းသည် ပဉ္စသီလခေါ် ကျင့်ဝတ်ငါးပါးကို နေ့စဉ်စောင့်ထိန်းလိုက်နာ

လျက်ရှိသည်။ ထိုကျင့်ဝတ်ငါးပါးသည် ကိုယ်အမူအရာ၊ နှုတ်အမူအရာတို့ကို အပြစ်ဆိုဖွယ်ရာမရှိအောင် ထိန်းသိမ်းနေထိုင်ခြင်းဖြစ်၍ ကမ္ဘာပေါ်၌ အယဉ်ကျေး အသိမ်မွေ့ဆုံးသော ကျင့်ဝတ်များဖြစ်သည်။

ဂေါတမဘုရားရှင်သည် ခုနစ်ဝါမြောက်တွင် တာဝတိံသာနတ်ပြည်သို့ကြွတော်မူ၍ မယ်တော်မိနတ်သား အမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား ဟောကြားတော်မူပြီးနောက် သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူရာတွင်   လူအပေါင်းက ပူဇော်ကြသည်။  ဘုရားရှင်ပြန်ကြွလာ

ပုံကိုသရုပ်ဖော်သော အားဖြင့် သီတင်းကျွတ်လတွင် မီးမြင်းမိုရ်ပွဲများ၊ မီးထွန်းပွဲများကို ကျင်းပကြသည်။ သစ်၊ဝါးများကိုမြင်းမိုရ်တောင် သဏ္ဌာန်မြင့်မြင့်မားမား ဆောက်လုပ်၍ မီးထွန်းညှိ ပူဇော်ကြသည့်ပွဲကို မြန်မာမင်းများ လက်ထက်က ခမ်းနားစွာ ကျင်းပကြသည်။ ဘုရားရှင်တာဝတိံသာမှ စောင်းတန်းသုံးသွယ်ဖြင့် ဆင်းသက်တော်မူရာတွင် နတ်ဗြဟ္မာများ ခြံရံလိုက်ပါလာကြပုံ၊ လူအများ ပူဇော်ကြပုံတို့ကို အကြောင်းခံလျက် မီးမြင်းမိုရ်ပွဲ ကျင်းပရာတွင် ပွဲလမ်းသဘင်များဖြင့်စည်ကားလျက်ရှိပုံ၊ မန္တလေးနေပြည်တော် မီးမြင်းမိုရ်ပွဲတွင် ပရိသတ် တိုးမပေါက်အောင် စည်ကားပုံတို့ကို ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီးတွင် တွေ့ရသည်။ ကျေးလက်တွင် တာဝတိံသာပွဲဟုလည်း ခေါ်ကြသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းတော်များ ပဝါရဏာပြုကြသည်မှာလည်း မှတ်သားဖွယ် အချက်ဖြစ်သည်။ ရဟန်းတော်များ အချင်းချင်းဖိတ်ကြားကာ စုဝေးကြပြီး တစ်ပါးနှင့်တစ်ပါး အပြစ်ကြီးငယ်တို့ကို ညွှန်ပြဆုံးမပါရန် ဝါစဉ်အလိုက် ပန်ကြား လျှောက်ထားရခြင်းဖြစ်သည်။ လူသားတို့ သဘာဝအရ အိမ်ရာ တည်ထောင်သည့် ကိစ္စများကို ဝါတွင်းသုံးလတွင် ထိန်းချုပ်ထားရာက သီတင်းကျွတ် လပြည့်ကျော်သောအခါ ပြန်လည် ဆောင်ရွက်ကြရသည်။ သတ္တဘာဂဖူးစာရေး နတ်မင်း၏ ရုံးပြန်ဖွင့်ပြီဟုဆိုကြသည်။ ထိမ်းမြား မင်္ဂလာပွဲများ အဆက်မပြတ် ကျင်းပကြသကဲ့သို့ သတင်းစာများတွင်လည်း မင်္ဂလာသတင်းများ ဝေဝေဆာဆာတွေ့ကြရသည်။ မင်္ဂလာသတို့သား၊ သတို့သမီးတို့ကို မင်္ဂလာစံပယ်ပန်းကုံးချီးမြှင့်ခြင်း၊ မင်္ဂလာလက်စွပ် ဝတ်ဆင်ပေးခြင်း၊ မင်္ဂလာလက်ဆောင် ပေးပို့ခြင်း၊ တက်ရောက်ချီးမြှင့်ခြင်း စသည်တို့အတွက် ကျေးဇူးတင်ကြောင်း သတင်းစာများတွင် တခမ်းတနား ကြေညာကြသည်။ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံသော ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော အချိန်အခါကာလဖြစ်ပေသည်။

သီတင်းကျွတ်လတွင် နှစ်စဉ်နှစ်တိုင်း သာသာယာယာကြားနေရသည်မှာ ''ဆီမီးရောင်ရှိန်၊ ထိန်ဝါလင်း၊ သီတင်းကျွတ်တော့မည်''ဆိုသည့် သီချင်းသံနှင့်အတူ ထိန်ထိန်လင်းအောင် ထွန်းညှိပူဇော်သည့် မီးထွန်းပွဲတော်ကို သတိတရ ရှိတတ်ကြသည်။ နှစ်စဉ်နှစ်တိုင်း ပျော်စရာကောင်းခဲ့သော သီတင်းကျွတ်အခါသမယသည် ယခုနှစ်တွင်တော့ စည်စည်ကားကား ရှိတော့မည်မဟုတ်ပေ။ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် လူစုလူဝေး ကန့်သတ်ထားမှုများကြောင့် မိမိတို့အိမ်များ၊ အဆောက်အအုံများတွင်သာ မီးထွန်းခြင်း၊ တရားဘာဝနာ ပွားများခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပေသည်။

ယခင်ကမီးထွန်းပွဲတော်များ အလွန်စည်ကားပါသည်။ မီးပုံးလေးတွေဖြူပြာဝါနီ ချစ်စရာကောင်းလှသည် ဆိုသည့်အတိုင်း ဖယောင်းတိုင် ထည့်ထွန်းရသော မီးပုံးလေးများမှသည် လျှပ်စစ်မီးလုံး ထည့်ထွန်းရသော  အလွန်လှပသည့် ပုံသဏ္ဌာန်အမျိုးမျိုး ဖန်တီးထားသည့် မီးပုံးလေးများအထိ အမျိုးမျိုး ထွန်းညှိပူဇော်ကြသည်မှာ ကြည်နူးချမ်းမြေ့ဖွယ်ဖြစ်ရသည်။ ဗုဒ္ဓဘာသာဝင်တိုင်း၏ စိတ်တွင် သီတင်းကျွတ်လပြည့်နေ့သည် ဒါန၊ သီလ၊ ဘာဝနာတို့ ပြည့်လျှံနေသည့်အတွက် ကမ္ဘာသူကမ္ဘာသား အားလုံး ကပ်ရောဂါဘေး ကင်းဝေးကြပါစေ၊ မြန်မာနိုင်ငံရှိ လူသားအားလုံးသည်လည်း  စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် အသက်ရှည်စွာ အနာမဲ့ကင်း ကောင်းခြင်းတွေနှင့် ပြည့်စုံပါစေဟူ၍ မြဝတီက ဆုတောင်းမေတ္တာ ပို့သလိုက်ရပေသည်။   ။