SJ WorldNews - шаблон joomla Авто

(၆၅)ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန် ညီလာခံဖွင့်ပွဲ အခမ်းအနား ကျင်းပ

Sunday, 20 January 2019 10:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်နဝါရီ  ၁၉

(၆၅)ကြိမ်မြောက်   မြန်မာနိုင်ငံ ဆရာဝန် ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ  မြန်မာနိုင်ငံဆရာဝန် အသင်း ခန်းမဆောင်၌ ကျင်းပသည်။

အခမ်းအနားတွင်   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ ဆရာဝန်အသင်းကို ၁၉၄၉ ခုနှစ်တွင်  စတင်တည်ထောင်ခဲ့ရာ ယနေ့အထိ နှစ်ပေါင်း ၇ဝ တိုင်အောင် မားမားမတ်မတ် ရပ်တည်နိုင်ခြင်းသည် အသင်းဝင်များ၏ စည်းလုံးညီညွတ်မှုများကြောင့် ဖြစ်ကြောင်း၊ အသင်းတွင် မြန်မာနိုင်ငံ အထွေထွေရောဂါကု ဆရာဝန်များ အဖွဲ့အပါအဝင် အထူးကု ဘာသာရပ်အဖွဲ့ ၄၂ ဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အသင်းခွဲများရှိ၍ အင်အား တောင့်တင်းပြီး  လုပ်ငန်းများ တက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း။

အသင်းအနေဖြင့် အသင်းခွဲများ၊ အဖွဲ့များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ခြင်းအပြင် နှီးနွှယ်အသင်းများ ဖြစ်သည့် မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားအသင်း၊ မြန်မာနိုင်ငံ ဆေးဝါးပညာရှင်များ အသင်း၊   မြန်မာ့ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲပညာရှင် အသင်းတို့နှင့် ပိုမိုပူးပေါင်း ချိတ်ဆက်ကာ လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံရှိ ဆရာဝန်များသည်  ကျန်းမာရေး စောင့်ရှောက်မှု စွမ်းဆောင်ရည်  ပိုမိုမြင့်မားရေးကို ရည်ရွယ်၍ အသင်းမှ စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေး လုပ်ငန်းများ အနေဖြင့် အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဆေးပညာ ညီလာခံများနှင့် နှီးနှောဖလှယ်ပွဲများ ပြုလုပ်ရာတွင် ဝန်ကြီးဌာနအနေဖြင့် ပိုမိုလက်တွဲ ပံ့ပိုးပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုညီလာခံတွင်    ဆေးပညာဘာသာရပ် အသီးသီးမှ ပညာရှင်ကြီးများ ပါဝင်ဆွေးနွေးမည် ဖြစ်သဖြင့် တက်ရောက်လာသူ တစ်ဦးချင်းစီ အတွက်သာမက   ဆေးပညာလောကကြီး တစ်ခုလုံးအတွက် လွန်စွာအကျိုးရှိကြောင်း၊ စဉ်ဆက်မပြတ် ဆေးပညာ သင်ကြားမှုများကို ဝေးလံဒေသများရှိ  ဆရာဝန်များပါ သိရှိလေ့လာနိုင်ရန်အတွက်  ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို အသုံးချ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊

အသင်းသည် World Medical Association နှင့် ပူးပေါင်း၍   စဉ်ဆက်မပြတ် ဆေးပညာသင်ကြားမှု အစီအစဉ်   စတင်နေသည်ကို သိရှိရကြောင်း၊  အဆိုပါအစီအစဉ်များတွင် ဝန်ကြီးဌာနမှ ဆရာဝန်များ ပါဝင်နိုင်ရန်ကိုလည်း မြန်မာနိုင်ငံ ဆရာဝန်အသင်းနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အလွန်အရေးကြီးသည့် ဆေးနှီးနွှယ် ပညာရှင်များ၏ အခန်းကဏ္ဍကိုလည်း အလေးထားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆေးပညာ လောက၏ ရှေ့တန်းမျက်နှာ တစ်ခု သဖွယ်ဖြစ်သော  မြန်မာနိုင်ငံ ဆရာဝန်အသင်း အင်အား တောင့်တင်းခြင်းသည် ဆေးပညာလောကတစ်ခုလုံးအတွက် အင်အားတောင့်တင်းခြင်း ဖြစ်သဖြင့် အသင်း၏ လုပ်ငန်းများကို ဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာရဲမြက မြန်မာနိုင်ငံ ဆရာဝန်အသင်း(နေပြည်တော်) အဆောက်အအုံ တည်ဆောက်ခဲ့မှု၊  ညီလာခံကျင်းပရန် ပြင်ဆင်ဆောင်ရွက်ခဲ့မှု၊   ရခိုင်ပြည်နယ်တွင် ဆေးပညာ ကျင့်ဝတ်များနှင့်အညီ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို  ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ  အပါအဝင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာရဲမြတို့က ဝန်ကြီးဌာနမှ ပြခန်းများ၊  ပုဂ္ဂလိကဆေးနှင့် ဆေးပစ္စည်း ကိရိယာပြခန်းများကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌက သဘာပတိ၊ Academic sub-committee ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာအေးမောင်ဟန်က တွဲဖက်သဘာပတိ၊ အငြိမ်းစား ဆေးပညာ ရှင်ကြီးများဖြစ်သည့် ပါမောက္ခ ဒေါက်တာဖေသက်ခင်  (ပြည်ထောင်စုဝန်ကြီး(ငြိမ်း))၊ ပါမောက္ခ ဒေါက်တာမျိုးလွင်ငြိမ်းနှင့် ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းတို့က ဟောပြောသူများအဖြစ် ဆောင်ရွက်သည့် Eliminating Barriers to Quality Health Care  ခေါင်းစဉ်ဖြင့် နှီးနှောဆွေးနွေးဖလှယ်မှု အစီအစဉ်ကို တက်ရောက်သည်။

(၆၅)ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်ညီလာခံကို ဇန်နဝါရီ ၂၂ ရက်အထိ မြန်မာနိုင်ငံ ဆရာဝန်အသင်း(နေပြည်တော်)တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

Read 201 times Last modified on Sunday, 20 January 2019 10:54