မုံရွာ ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာအချို့နှင့် ဘော်ဒါဆောင်တစ်ခု၌ ကလေးငယ်များ ရေကျောက်ရောဂါဖြစ်ပွားပြီး အဆိုပါ နေရာများသို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကွင်းဆင်းကုသမှုများကို မပြန့်ပွားအောင် ထိန်းချုပ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ရောဂါဖြစ်ပွားသော ကျေးရွာများမှာ ကနီမြို့နယ် ညောင်သူမြားရွာ၊ ဘုတလင်မြို့နယ် လေးမြေရွာ၊ ပင်လည်ဘူးမြို့နယ် ဟဲသတ်ရွာနှင့် ဒီပဲယင်းမြို့ပေါ်ရှိ ဘော်ဒါဆောင် တစ်ခုတို့ဖြစ်သည်။
ကလေးငယ် ၁၆၈ ဦးခန့် ရောဂါကူးစက်ခံရခြင်း ဖြစ်ပြီး သေဆုံးသူ မရှိကြောင်း၊ အဆိုပါ ရေကျောက်ရောဂါဖြစ်ပွားရာ ကျေးရွာများနှင့် စာသင်ဆောင်များသို့ တိုင်းကျန်းမာရေး အဖွဲ့မှ ခေါင်းဆောင်၍ ဇန်နဝါရီ တတိယပတ်တွင် ကွင်းဆင်းကုသမှုများ လုပ်ဆောင်ခဲ့ရာ ယခုအခါတွင် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
''ရေကျောက်ရောဂါကြောင့် သေဆုံးတဲ့သူ မရှိပါဘူး။ကိုယ်ခံအားကောင်းရင် ငါးရက်လောက်နဲ့ ပျောက်တယ်။အဲဒီရောဂါက အရပ်ခေါ် ပဲသီတာလို့ခေါ်ပြီး ဗိုင်းရပ်ပိုး တစ်မျိုးပဲ။ သိပ်ကူးစက် ပြန့်ပွားလွယ်ပါတယ်။
နှာချေ၊ချောင်းဆိုးတဲ့အထဲမှာ ပါလာတဲ့ အမှုန်အမွှားလေးတွေ ရှူရှိုက်မိရင်ကိုပဲ ကူးစက်တာပါ။ သူတို့သုံးတဲ့ အသုံးအဆောင်ကနေလည်း ထိတွေ့မိရင်ကူးတယ်။ယားလို့ကုတ်ဖဲ့ရာကနေလည်း အခြားရောဂါပိုးတွေ ဝင်လာနိုင် တာကြောင့် တစ်ကိုယ်ရေ သန့်ရှင်းမှုကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ရောဂါဖြစ်ပြီးသူနဲ့ ကာကွယ်ဆေး ထိုးထားသူတွေကတော့ ရောဂါထပ်မဖြစ်တော့ပါဘူး'' ဟု တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အထူးရောဂါ နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာကျော်သူဆွေက ပြောသည်။
ရေကျောက်ရောဂါသည် ဗိုင်းရပ်ပိုးတစ်မျိုးကြောင့် ဖြစ်သည့်ရောဂါဖြစ်ပြီး ယားယံသော အရည်ကြည်ဖုများ တစ်ကိုယ်လုံး ပေါ်သည့်ရောဂါဖြစ်ပြီး ကူးစက်ရန် လွယ်ကူသော ရောဂါ ဖြစ်ကြောင်း၊ အဆိုပါရောဂါဖြစ်လျှင် ငါးရက်မှ ၁ဝ ရက်လောက်အထိကြာမြင့်တတ်ကြောင်း၊
ကိုယ်ခံအားချို့တဲ့ရောဂါရှိနေသူ သို့မဟုတ် ခြောက်လထက်ငယ်တဲ့ ကလေးဖြစ်လျှင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးပြသရန် လိုကြောင်း၊ ရောဂါဖြစ်ပြီးသူနှင့် ကာကွယ်ဆေးထိုး ထားပြီးသူများတွင် ရောဂါထပ်မဖြစ်နိုင်တော့ကြောင်း အဆိုပါကျန်းမာရေး ဦးစီးဌာနမှ သိရသည်။