Print this page

တီးတိန်မြို့ အခြေခံပညာ အထက်တန်းကျောင်းကို ယာယီဆေးရုံအဖြစ် ဖွင့်လှစ်မည်

Saturday, 25 April 2020 12:48 font size decrease font size decrease font size increase font size increase font size

ချင်းပြည်နယ်   တီးတိန်မြို့ အခြေခံပညာ အထက်တန်းကျောင်းကို  COVID-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေး အရန်အနေဖြင့် ယာယီဆေးရုံအဖြစ် ဖွင့်လှစ်မည် ဖြစ်ကြောင်း  ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောသည်။

''တီးတိန်မြို့  အခြေခံပညာ အထက်တန်းကျောင်းမှာ ယာယီဆေးရုံ ဖွင့်လှစ်မယ်ဆိုတာ အရန်အနေနဲ့ ထားမှာပါ။ တကယ်လို့ ရောဂါက  မထိန်းသိမ်းနိုင်တော့မယ့် အခြေအနေမျိုး ရောက်လာရင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ စီမံကိန်းနဲ့ ဆွေးနွေးဆုံးဖြတ်ထားတာပါ။ ထိုင်းကနေ လူဦးရေ ၁ဝ သိန်းလောက်ရှိတဲ့ အလုပ်သမားတွေ ဝင်လာဖို့ ရှိတယ်။ အဲဒါတွေက ဘယ်ပြည်နယ်က ဆိုတာ အတိအကျ သိရတာမဟုတ်သေးဘူး။ တီးတိန်မှာ Positive   လူနာငါးဦးရှိတယ်။  ငါးယောက်အပြင်ကို တကယ်လို့ဖြစ်လာရင် ဘယ်လိုလုပ်မလဲ ဆိုတာကျတော့ ဆေးရုံမှာလည်း ဒီထက်ပိုပြီး ချဲ့လို့မရဘူး။ ကျွန်တော်တို့လုပ်လို့ ရတာက တီးတိန်မြို့ အခြေခံပညာ အထက်တန်းကျောင်းဟာ တောင်ထိပ်မှာရှိတယ်။ ရပ်ကွက်ထဲလည်း မဟုတ်တော့ ဒီနေရာက ပိုသင့်တော်သလားပေါ့၊ အဲလိုစဉ်းစားထားတာပါ''ဟု ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောသည်။

ချင်းပြည်နယ် COVID-19 ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ၁ဝ/၂ဝ၂ဝ  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၂၁ ရက် ညနေပိုင်းက ချင်းပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ တီးတိန်မြို့   အခြေခံပညာ အထက်တန်းကျောင်းအား ယာယီဆေးရုံဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် အချက်များကို ဆွေးနွေး ဆုံးဖြတ်ခြင်းဖြစ်သည်။

လက်ရှိတွင် တီးတိန်မြို့ ခုတင် ၁ဝဝ ဆံ့ ပြည်သူ့ဆေးရုံ၌ COVID-19 ပိုးတွေ့လူနာငါးဦးအား သီးသန့်ထား ဆေးကုသပေးလျက်ရှိပြီး ပိုးတွေ့လူနာများ၏ ကျန်းမာရေး အခြေအနေ  တည်ငြိမ်လျက်ရှိသည်။

တီးတိန်မြို့ ခုတင် ၁ဝဝ ဆံ့ ပြည်သူ့ဆေးရုံတွင် လျှပ်စစ်မီး အခက်အခဲရှိသဖြင့် ၂၄ နာရီ ရရှိအောင် ပြည်နယ်အစိုးရက ဆောင်ရွက်ပေးထားပြီး COVID-19 ရောဂါ ပိုး တွေ့ရှိသူငါးဦးမှာ ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် တီးတိန်မြို့ ပြည်သူ့ဆေးရုံ၌ ICU အထူးကြပ်မတ် ကုသဆောင် ထားရှိရန် အတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။           

 

Read 204 times Last modified on Saturday, 25 April 2020 12:49