မိုးသက်လေပြင်း ရေကြီးခြင်း သတိမယွင်းရှိစေချင်

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ သြဂုတ် ၆ ရက်)

သဘာဝဘေးအန္တရာယ်သည် တစ်ခါတစ်ရံ မိမိတို့နိုင်ငံတွင်တိုက်ရိုက်ဖြစ်ပွားခြင်းမဟုတ်သော်လည်း မိမိတို့နိုင်ငံသို့ လာရောက်ထိခိုက်သည်မျိုးလည်းရှိတတ်သည်။ ကော့သောင်းမြို့တွင် အပူပိုင်းမုန်တိုင်းအရှိန်ကြောင့်  မိုးသည်း ထန်ကာ လေပြင်း တိုက်ခတ်မှုဖြစ်ပွားခဲ့သည်။ တုံကင် ပင်လယ်ကွေ့တွင်ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း ''စင်လကု'' အရှိန်ကြောင့် သြဂုတ် ၂ ရက် နံနက် ၅ နာရီမှစတင်ကာ မိုးသည်းထန်ခြင်း၊  လေပြင်းတိုက် ခြင်းများ ဖြစ်ပေါ်သဖြင့် ကော့သောင်းမြို့တွင်းနေရာတချို့တွင် ဖုန်းတိုင်နှင့် ဓာတ်တိုင်များပြိုလဲမှုဖြစ်ပေါ်ခဲ့ပြီး  လူနေအိမ် များ အမိုးလန် ပျက်စီးသွားခဲ့သည်။

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အုတ်တွင်း-ပြည်-ပေါက်ခေါင်း ကား လမ်း၌ မြေပြိုမှုဖြစ်ပွားခြင်းနှင့် အုတ်တွင်းမြို့နယ် ဆွဲလွှဲချောင်းရွာမနှင့် ဂွေးတောက်ခင် ကျေးရွာအကြား ရန်ကုန်-မန္တလေးကားလမ်း မိုင်တိုင်အမှတ်(၁၄၃/၁၄၄)တွင် ကားလမ်းပေါ်သို့ ရေများ  ၄ ပေခန့်ကျော်လွန်ခဲ့ပြီး ယာဉ်ကြော ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည်။ အဆိုပါနေရာသို့ သြဂုတ် ၃ ရက် နံနက်ပိုင်းတွင် တပ်မတော်သားများက ကားလမ်းများရှင်းလင်းပေးခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင် ဖယ်ရှားပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ရေဘေးရှောင်စခန်းများ၌ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ ပေးခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ် နှီးပဒေါ- ကွမ်လှပြည်ထောင်စု လမ်းမကြီး ရေကျော်မှုနှင့် သထုံမြို့နယ် မြသပိတ်စေတီတော် တောင်တက် ကွန်ကရစ်လမ်း တောင်ကမ်းပါးယံပြိုကျမှုဖြစ်နေခြင်းကိုလည်း နယ်မြေခံ တပ်မတော်သားများက ခရီးသွား ပြည်သူများနှင့် မော်တော်ယာဉ်များ အန္တရာယ် မဖြစ်စေရေးအတွက် ရေဘေးလွတ်ရာသို့ကူညီ ပို့ဆောင် ပေးခြင်းများကို သြဂုတ် ၃ ရက်ကဆောင်ရွက်ပေးသည်။ ထိုနေ့တွင်ပင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် နှင့်မြန်အောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး တာရိုးပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နေရာများ၌ တပ်မတော် သားများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးပြီး ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၉ဝ အတွက် ဆန် ၁၅ အိတ်၊ ဆီဘူး ၉ဝ နှင့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

သဘာဝဘေးအန္တရာယ်ဖြစ်ပွားသည့် နေရာတိုင်းသို့  တပ်မတော်သားတို့ အချိန်နှင့် တစ်ပြေးညီသွား ရောက်ကူညီ ကယ်ဆယ် ပေးလျက်ရှိသည်မှာ ဒုက္ခနှင့်ကြုံတွေ့နေသူများအတွက်   သူတော်ကောင်းကို နတ်ကောင်းမသ ကဲ့သို့ဖြစ်သည်။ ပြည်သူလူထု၏ ဝမ်းမြောက်ဖွယ် ကျေးဇူးတင်စကားသည် တပ်မတော် သားတို့အတွက် အားဆေးဖြစ် သည်။ တပ်မတော်သားတို့သည်လည်း လူသားများပင်ဖြစ်ပေရာ ကူညီကယ်ဆယ် ရေးလုပ်ငန်း များကို ထဲထဲဝင်ဝင် လုပ်ဆောင်ရာတွင် မပင်မပန်းဘဲ သက်သက်သာသာရှိကြသည် မဟုတ်ပါ။ ရေစိုခံ၊ မိုးစိုခံ တစ်ခါတစ်ရံဆာလောင်မှုဒဏ်ခံစားရင်း ပြည်သူ့အတွက်ဆောင်ရွက်နေခြင်းဖြစ်သည်။ နှစ်စဉ်  နှစ်တိုင်းမြင်တွေ့ နေကျဖြစ် သော ကူညီကယ်ဆယ်ရေး ပုံရိပ်များတွင် တပ်မတော်သားတို့၏ စေတနာ၊ မေတ္တာ၊ ကရုဏာနှင့် အနစ်နာခံစိတ်များကို ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။

သြဂုတ် ၂ ရက် နှင့် ၃ ရက်နေ့က ရွာသွန်းသောမိုးမှာ  မိုးသည်းထန်လွန်းသည်။ လေပြင်းကလည်း တိုက်ခတ် လွန်းသည်။ မြစ်ရေကလည်း ကြီးလွန်းလှသည်။ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ထားဝယ်-မေတ္တာ- ထီးခီးသွား ကားလမ်းနှင့် ရေး-ထားဝယ်သွား ကားလမ်းများပေါ်သို့ ရေကျော်မှုဖြစ်ပွားခဲ့ပြီး ကားလမ်း ဘေးရှိ တလိုင်းတောင် ကျေးရွာနှင့် မောင်မယ်ရှောင် ကျေးရွာတို့ ရေကြီးရေလျှံမှုများဖြစ်ခဲ့သည်။ ခရီးသွား ပြည်သူများ လွယ်ကူစွာသွားလာနိုင်ရေးနှင့်အန္တရာယ်မဖြစ်စေရေး ယာဉ်ကြောများရှင်းလင်းပေးခြင်း၊ ရေဘေးသင့် ပြည်သူ များအား ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို  တပ်မတော် သားများကပင် အချိန်မီ သွားရောက် လုပ်ဆောင်ပေးကြရသည်။

မိုးရာသီတွင်  မိုးရွာသွန်းခြင်းသည် ဆန်းကြယ်ခြင်းမဟုတ်သော်လည်း  ပုံမှန်ထက်ပိုမိုဆိုးရွားစွာ ရွာသွန်းသောအခါ လူသားတို့ အတွက် ကောင်းကျိုးထက်ဆိုးကျိုးဖြစ်စေသည်။ သြဂုတ် ၄ ရက်နေ့ထုတ် သတင်းစာများတွင် လေပြင်း တိုက်ခတ်ခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်း၊ မြစ်ကမ်းပါးပြိုခြင်း သတင်းများကို  ဝမ်းနည်းဖွယ်ကြား သိရသည်။ လူသားတို့ အတွက် ကြိုတင်ကာကွယ်ခြင်း၊ မမေ့မလျော့မပေါ့မဆ နေထိုင်ခြင်းတို့ဖြင့်  သဘာဝ ဘေးအန္တရာယ်ကို  ကြိုတင်ကာကွယ်ရန်  မလွဲမသွေကြုံတွေ့လာနေပြီဖြစ်ကြောင်း ထိုသတင်းများက ပြဆိုလျက်ရှိ သည်။ သို့ဖြစ်ပါ၍ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်း နေထိုင်ကြသော ရဟန်းရှင် လူပြည်သူ အပေါင်းတို့သည် သဘာဝ ဘေးအန္တရာယ်ကို ကြိုတင်ပြင်ဆင်ကာကွယ်မှုဖြင့် အနိုင်ယူကြပါရန် တိုက်တွန်း ရေးသား လိုက်ရပေသည်။   ။