အလုပ်ဖြင့် တိုင်းပြည်ကိုချစ်ပါ

တပ်မတော်သားတစ်ဦးဖြစ်လာသည်နှင့် ကျင့်ဝတ်ခြောက်ဆယ်ကို လိုက်နာကျင့်ကြံပြုမူ ပြောဆိုနေထိုင်ကြရသည်။ ထိုကျင့်ဝတ်ခြောက်ဆယ်သည် တပ်မတော်သားတို့၏ ဂုဏ်သိက္ခာဖြစ်ပေသည်။ တပ်မတော်အကြီးအကဲများက အခါအခွင့်သင့်တိုင်း ကျင့်ဝတ်ခြောက်ဆယ်ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာလိုက်နာ ကျင့်သုံးကြရန် ပြောကြားလေ့ရှိသည်။ ထိုကျင့်ဝတ်ခြောက်ဆယ်၏ အနှစ်ချုပ်သည် စစ်သားကောင်းတစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံပြီး တပ်မတော်၏ ဂုဏ်ကိုမြှင့်တင်ခြင်းပင် ဖြစ်သည်။

စစ်သားကောင်း တစ်ယောက်ပီသစွာဟု ဆိုရာတွင် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေး စွမ်းရည်ဟူသော စွမ်းရည်သုံးရပ်၊ တပ်တိုင်းရဲဘော်တိုင်းတွင် ရှိရမည့် အခြေခံအရည်အချင်းငါးပါး၊ အမျိုးသားရေး တာဝန်ဖြစ်သော ဒို့တာဝန်အရေးသုံးပါး စသည်ဖြင့် များပြားလှပေသည်။ စစ်ဘက်ဥပဒေ၊ နယ်ဘက်ဥပဒေ နှစ်မျိုးစလုံးကို လိုက်နာကြရသည်။ အပြစ်ဟူ၍ မြူမျှမထင် အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရသည်။

မိမိတိုင်းပြည်နှင့် ပတ်သက်လာလျှင်လည်း ပါးစပ်ကသာ တိုင်းပြည်ကိုမချစ်ဘဲ အလုပ်ဖြင့် တိုင်းပြည်ကိုချစ်ပါ ဟူ၍ပါရှိသည်။ အလုပ်ဖြင့်တိုင်းပြည်ကိုချစ်ခဲ့သည်မှာလည်း ဗမာ့လွတ်လပ်ရေးတပ်မတော်ဟူ၍ စတင်ပေါ်ပေါက် လာသည်မှ ယနေ့တိုင် ပြည်သူလူထုအတွက် ဆိုလျှင် စွန့်ခြင်းကြီး ငါးအင်ဖြင့် စွန့်လွှတ်စွန့်စား လုပ်ဆောင်လျက်ရှိသည်။ ဓနပရိစ္စာဂ-ပစ္စည်းဥစ္စာကိုစွန့်ခြင်း၊ ပုတ္တပရိစ္စာဂ-သားသမီးကိုစွန့်ခြင်း၊ ဘရိယပရိစ္စာဂ-မယားကိုစွန့်ခြင်း၊ အင်္ဂပရိစ္စာဂ-မျက်စိစသောအင်္ဂါကိုစွန့်ခြင်း၊ ဇီဝိတပရိစ္စာဂ-အသက်ကိုစွန့်ခြင်းတို့ဖြင့် စွန့်လွှတ်နိုင်သူများဖြစ်ကြသည်။

ပါးစပ်ကသာ တိုင်းပြည်ကိုမချစ်ဘဲ အလုပ်ဖြင့်တိုင်းပြည်ကိုချစ်ပါဆိုစကားအတိုင်း ပြည်သူလူထုအပေါ် ခိုးဆိုးတိုက်ခိုက် လူသတ်တရားဥပဒေမဲ့ လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများကို တိုက်ထုတ်ဖယ်ရှားရှင်းလင်းခြင်းဟူသော စစ်တိုက်ခြင်း၊ စစ်တိုက်ရန်မရှိက အရာရာတွင် အခြားသောတပ်မတော်များထက် သာလွန်နေစေရေး လေ့ကျင့်ခြင်း၊ စစ်တိုက်ရန်နှင့် လေ့ကျင့်ရန်မရှိက ပြည်သူ့အကျိုးပြုဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းသုံးခုနှင့် ပတ်သက်လျှင် တပ်မတော်သည်သုံးခုစလုံးကို တစ်ပြိုင်နက် လုပ်ဆောင်လျက်ရှိသည်။

အခြေအနေနှင့် အချိန်အခါအရ ပြည်သူများကြုံတွေ့နေရသော  ကျန်းမာရေးဆိုင်ရာ အခက်အခဲ၊ စားသောက်ရေးဆိုင်ရာ အခက်အခဲ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အခက်အခဲ  စသည်ဖြင့် အခက်အခဲ မှန်သမျှကို တပ်မတော်သည် ဖြည့်စွမ်းနိုင်သမျှ အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိသည်။ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပြည်သူများ ဈေးနှုန်းသက်သာစွာ စားသုံးနိုင်ရန် ထမင်း၊ ဟင်းများနှင့်စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်း၊ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့် စားသောက်ဖွယ်ရာများ လှူဒါန်းခြင်း စသည်ဖြင့် တိုင်းပြည်ကို အလုပ်ဖြင့်ချစ်ခြင်း ဖြစ်သည်။

ရဟန်းရှင်လူပြည်သူများ အသက်ရှင်ရပ်တည်ရေးအတွက် အစာအာဟာရဖြည့်စွမ်း လှူဒါန်းနေသကဲ့သို့ပင် အသက်ရှူရန် ခက်ခဲသော သူများအတွက် အသက်ရှူဆေးဖြစ်သော အောက်ဆီဂျင် ဖြန့်ဖြူးပေးနေမှုသည်လည်း ပါးစပ်ကသာ တိုင်းပြည်ကို မချစ်ဘဲ အလုပ်ဖြင့် တိုင်းပြည်ကိုချစ်ပါ စကားအတိုင်းဖြစ်ပေသည်။ လူသားတိုင်းသည် အသက်ရှူ ရပ်ဆိုင်းသွားလျှင် သက်မဲ့ခန္ဓာ ဖြစ်သွားကြပေမည်။ အသက်ရှူမရပ်ရေးအတွက် အရေးပေါ် လိုအပ်သော ကိရိယာတွင် အောက်ဆီဂျင်သည် အဓိကဖြစ်သည်။ သက်ရှိလောကတွင် လူသားတို့၏အသက်ထက် အရေးကြီးသော အရာမရှိပါ ဆိုသည့်အတိုင်း COVID-19 ရောဂါကုသရေးတွင် အထောက်အကူပြု စေရန်အတွက် တပ်မတော်က အောက်ဆီဂျင်အိုးများ လှူဒါန်းလျက်ရှိသည်။

ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများ ကုသရေးတွင် ပြည်သူ့ဆေးရုံများ၌ အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော်အနေဖြင့် အောက်ဆီဂျင်အိုးများကို ဆေးရုံများနှင့် COVID-19 ရောဂါကုသရေးဌာနများသို့အရောက်သွားပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြားတွင် လှူဒါန်းလျက်ရှိရာ အောက်တိုဘာ ၁၉ ရက်က ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၁၆ လုံး၊ ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး အလုံး ၁၀၀ သွားရောက်လှူဒါန်းခဲ့သည်။ ကိုဗစ်လူနာများအတွက် အဓိကကုသရသည်မှာ ဆေးဝါးထက် အောက်ဆီဂျင်လိုအပ်သည်။ တပ်မတော်က ယခုကဲ့သို့ လှူဒါန်းပေးနေခြင်းကြောင့် ဆရာဝန်ကြီးများ အနေဖြင့် လူနာများကို အောက်ဆီဂျင် ပေးရာတွင် နောက်ဆံတင်းစရာမလိုတော့ကြောင်း ကြားသိနေရသည်မှာ တပ်မတော်သည် ပါးစပ်ကသာ တိုင်းပြည်ကို မချစ်ဘဲ အလုပ်ဖြင့် ချစ်လျက်ရှိသည်မှာ ထင်ရှားပါကြောင်း ရေးသားလိုက်ရပေသည်။    ။