စူးစမ်းပါ ဆင်ခြင်ပါ ဆုံးဖြတ်ပါ

ကောလာဟလဖြစ်ပေါ်ရခြင်း အကြောင်းများတွင် ကြောက်ရွံ့စိုးရိမ်စိတ်မှ ဖြစ်ပေါ်လာခြင်း၊ မျှော်လင့်တမ်းတစိတ်မှ ဖြစ်ပေါ်လာခြင်း၊ မုန်းတီးရွံရှာစိတ်မှ ဖြစ်ပေါ်လာခြင်း ဟူ၍ သုံးမျိုးရှိလေသည်။ အခြေအမြစ် မခိုင်မာသော သတင်းအကြောင်းအရာသည် ကောလာဟလ ဖြစ်ပေသည်။ ကောလာဟလကို အချိန်မီမဖြေရှင်းနိုင်သောအခါ အခက်အခဲများစွာနှင့် တွေ့ကြုံကြရသည်။ ထို့ကြောင့် ကောလာဟလဖြေရှင်းနည်း၊ တစ်နည်းဆိုရလျှင် ကောလာဟလသတင်းများ ဖျောက်ဖျက်နည်းဟူ၍ အကျဉ်းချုပ်အားဖြင့် နည်းသုံးနည်း ရှိပြန်သည်။

ပထမနည်းမှာ လူသားတို့၏စိတ်ဝယ် မရှင်းမလင်းရှုပ်ထွေးတွေဝေလျက်ရှိသော အချက်အလက်များကို ပြည့်စုံပြေလည်အောင် ရှင်းလင်းခြင်းဖြစ်သည်။ ဒုတိယနည်းမှာ ကြောက်ရွံ့စိုးရိမ်စိတ်၊ မုန်းတီးရွံရှာစိတ်နှင့် အစွဲအလမ်းကြီးလွန်းသော စိတ်တို့၏ ဆွဲဆောင်ရာကို မပါအောင် အသိပညာပေးခြင်းနှင့် မည်သည့်လက်ခံစိတ်ဖြစ်၍ ကောလာဟလ သတင်းပေါ်ပေါက်ရခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြခြင်း ဖြစ်သည်။ တတိယနည်းမှာ ကောလာဟလ သတင်းတစ်ရပ်ရပ် ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် အခြေအမြစ်ကို အပူတပြင်း ရှာဖွေ၍ အချက်အလက်မှန်များကို ရှင်းပြကာ ချေဖျက်ပစ်ခြင်းတို့ ဖြစ်သည်။

ယနေ့ခေတ်သည်  နည်းပညာ သာလွန်မှုကြောင့် သတင်းရရှိမှု၊ ဖြစ်ပေါ်မှုနှင့် တင်ပြမှုမြန်ဆန်လွန်းသော ခေတ်ဖြစ်သည်။    အမှား၊ အမှန်ခွဲခြားရန် ခက်ခဲသည်။ ထို့ကြောင့် သတင်းတစ်ပုဒ်ကိုစိစစ်တိုင်း သတင်းရင်းမြစ်ကို ဦးစားပေးကြည့်ရသည်။ မည်သည့်သတင်းရင်းမြစ်က ထင်ရာမြင်ရာရေးတတ်သည်။ မည်သည့်သတင်းရင်းမြစ်က မှန်ကန်သည်၊ တိကျသည်၊ ခိုင်လုံသည် စသည်ဖြင့်စဉ်းစားတွေးတောဆုံးဖြတ်ပြီးမှ ယုံသင့်သည်။

ကောလာဟလသတင်းကြောင့် သရေခေတ္တရာပြည် ပျက်ခဲ့ဖူးကြောင်း ရာဇဝင်အထင်အရှားရှိထားသည်။

ယနေ့လူငယ်များအတွက်လည်း ကျောင်းသင်ခန်းစာတွင် သင်ကြားပေးသော အကြောင်းအရာတစ်ခုရှိသည်။

မစူးစမ်းမဆင်ခြင်သောယုန်သူငယ်အကြောင်းဖြစ်သည်။  ယုန်ငယ်တစ်ကောင်သည်  ထန်းပင်အောက် သစ်ရွက်ခြောက် ကြားတွင် ဝပ်နေသည်။ သူကစဉ်းစားသည်။ အခုနေမြေပြိုသော် ငါသည်အဘယ်သို့သွားရပါအံ့နည်း။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဥသျှစ်သီးမှည့်တစ်လုံးသည် ထန်းရွက်ခြောက်ပေါ်သို့ ကြွေကျလာသည်။

ထိုအသံကို ယုန်ငယ်ကြားလျှင် မြေပြိုလေပြီဟု နောက်သို့ပြန်မကြည့်ဘဲ ကြောက်လန့်တကြားထ၍ ပြေးလေသည်။

ယုန်ပြေးသည်ကို အခြားယုန်ငယ်တစ်ကောင်မြင်သော် ပြေးနေသည့်ယုန်ငယ်က ဤအရပ်မှာမြေပြိုခဲ့ပြီ။

သင်လည်းပြေးလော့ပြောကာ ဆက်၍ပြေးလေသည်။ ထိုယုန်နှစ်ကောင်ပြေးသည်ကို အခြားယုန်များမြင်သော်မေး၍ အပြေးလိုက်ကြပြန်သည်။ သို့ဖြင့် ယုန်အပေါင်းတို့ပြေးကြသည်မှာ အုတ်အုတ်ကျက်ကျက် ဖြစ်လာလေသည်။

ယုန်တို့ပြေးသည်ကိုမြင်သော အခြားသော တိရစ္ဆာန်အပေါင်းလည်း လိုက်၍ ပြေးကြသည်မှာ တစ်တောလုံး ဆူညံလျက်ရှိသည်။ ကေသရာဇာခြင်္သေ့မင်း သိသောအခါ အဖြစ်အပျက်ကို မေးမြန်းသည်။ အကြောင်းကို သိသော် မြေပြိုသည်မဟုတ်တန်ရာ၊ ကြောက်မက်ဖွယ်အသံတစ်ခုခု ကြားသည်သာ ဖြစ်မည်။ ဤပြဿနာကို ငါမဖြေရှင်းပေးလျှင် အားလုံးဒုက္ခတွေ့ကြတော့မည်။ ထို့ကြောင့် ခြင်္သေ့မင်းက မြေပြိုသည်ကို အဘယ်သူမြင်သနည်းဟု မေးသော် ဆင်တို့မြင်ကြသည်ဟု ဆိုသည်။ ဆင်တို့ကိုမေးပြန်သော် ကျား၊ ကျားတို့ကိုမေးပြန်သော်ကြံ့၊ ကြံ့တို့ကိုမေးပြန်သော် နွား စသည်ဖြင့် အဆင့်ဆင့်ပြောကြရာ နောက်ဆုံးတွင် မြေပြိုသည်ဟုပြောသော ယုန်ကိုတွေ့ရလေသည်။ ထိုအခါ ယုန်ငယ်က ဥသျှစ်ပင်အနီးရှိထန်းရွက်ကြားတွင်ဝပ်နေစဉ် မြေပြိုသံကို ကြားသဖြင့် ပြေးခဲ့ပါသည်ဟု ဆိုလေသည်။

ခြင်္သေ့မင်းလည်း ယုန်ငယ်ဝပ်နေခဲ့သော နေရာကို ပြသစေသည်။ ယုန်ငယ်သည် ထန်းပင်နှင့် ဥသျှစ်ပင်ရှိရာသို့ပြ၍ ထိုနေရာ၌မြေပြိုသံကို ကြားရပါသည်ဟု ဆိုလေသည်။ ခြင်္သေ့မင်းလည်း သွား၍ကြည့်ရာ ဥသျှစ်ပင်အနီး ထန်းရွက်ခြောက်အောက်၌ ယုန်ငယ်ဝပ်ခဲ့သော နေရာကိုလည်းကောင်း၊ ထန်းရွက်ခြောက်ပေါ်သို့ ကြွေကျသော ဥသျှစ်သီးမှည့်ကို လည်းကောင်း တွေ့ရလေသည်။ ထိုအခါ ခြင်္သေ့မင်းသည် အကြောင်းမှန်ကို မစူးစမ်းမဆင်ခြင်ဘဲ မပြုလုပ်သင့်ကြောင်းကို  တိရစ္ဆာန်အပေါင်းတို့အား လက်တွေ့ပြသ၍ ဆုံးမလေသည်။

ထို့ကြောင့် ခေတ်မီတိုးတက်သော နည်းပညာခေတ်တွင် ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် အရာရာကို စူးစမ်းပါ၊ ဆင်ခြင်ပါ၊ ဆုံးဖြတ်ပါဟူ၍ တိုက်တွန်းရေးသား လိုက်ရပေသည်။   ။