နိုင်ငံသား နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ

ဤခေါင်းစဉ်ပါ အကြောင်းအရာသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း()၌ ဖော်ပြပါရှိသော အကြောင်းအရာဖြစ်သည်။ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခန်းပေါင်း(၁၅)ခန်း၊ ပုဒ်မပေါင်း ၄၅၇ ခုပါရှိသည်။ အခန်း()နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊  ပုဒ်မ ၃၈၃။  နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည်-

(က)ပြည်ထောင်စုမပြိုကွဲရေး၊ ()တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ ()အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး။ ဟူ၍ ဖော်ပြထားသည်။ ပုဒ်မ ၃၈၅ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊  အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို  ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏တာဝန် ဖြစ်သည်။

လူတိုင်းသည်  မိမိနေထိုင်ရာနေအိမ်၊  အဆောက်အအုံတို့  နှစ်ကြာရှည်ခံ တည်တံ့ရေးအတွက် စောင့်ရှောက်နေကြရ သကဲ့သို့ မိမိတို့ နိုင်ငံတော်တည်တံ့ခိုင်မြဲ ရှည်ကြာရေးအတွက် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ မိမိနိုင်ငံကို မိမိကာကွယ်စောင့်ရှောက်ရမည့် စိတ်ဓာတ်သည် လူတိုင်းတွင်ရှိနေရမည့် ပြည်ထောင်စုစိတ်ဓာတ် ဖြစ်သည်။  ပုဒ်မ ၃၈၇ တွင်  နိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသား လူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံး အေးချမ်းသာယာရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန် တာဝန်ရှိသည်ဟူ၍ ဖော်ပြပါရှိသည်။ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပေါ်လွင်ထင်ရှားစွာ ဖော်ပြထားသကဲ့သို့ နိုင်ငံသားများ၏ တာဝန်ကိုလည်း တိတိကျကျ ဖော်ပြထားပါသည်။

နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟူ၍ ပုဒ်မ ၃၈၆  တွင်ဖော်ပြထားသည်မှာ သင့်လျော်မှန်ကန်သော အကြောင်းအချက် ဖြစ်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများစွာ တွင်လည်း နိုင်ငံသားတိုင်း အရွယ်ရောက်သူမှန်သမျှ စစ်မှုထမ်းကြရန် တိုက်တွန်းနှိုးဆော်ထားသည်ကို တွေ့မြင်နိုင်သည်။ မိမိနိုင်ငံ မိမိလူမျိုးများ တည်တံ့ရှည်ကြာခိုင်မြဲရေးကို တွေးကာ တိုက်တွန်းနှိုးဆော်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ မြန်မာနိုင်ငံသည် လူဦးရေနှင့်နိုင်ငံအကျယ်အဝန်း ပိုမိုများပြားသော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယသမ္မတနိုင်ငံတို့ အကြားတွင် တည်ရှိပြီး လူဦးရေ ပေါက်ဖွားမှုနှုန်း အလွန်မြင့်သောနိုင်ငံတစ်ခုနှင့်လည်း ကပ်လျက်ရှိပေရာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်ဟူသော ပြဋ္ဌာန်းချက်သည် သင့်မြတ်ကောင်းမွန်လှပေသည်။

နိုင်ငံတော်သီချင်းတွင်လည်း ပြည်ထောင်စုအမွေ-အမြဲတည်တံ့စေ-အဓိဋ္ဌာန်ပြုပေ-ထိန်းသိမ်းစို့လေ ဟူ၍လည်းကောင်း၊  ကမ္ဘာမကျေ-မြန်မာပြည်-တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ၊ ပြည်ထောင်စုကို အသက်ပေးလို့-တို့ကာကွယ်မလေဟူ၍ လည်းကောင်း ဖော်ပြပါရှိသည်။  လေးနက်ပြည့်ဝသော အဓိပ္ပာယ်များ ပြည့်လျှံနေပြီး နိုင်ငံသားတိုင်း၏တာဝန်ကို မီးမောင်းထိုးပြခြင်းဖြစ်ပေသည်။ မိမိနိုင်ငံကို မိမိတို့ချစ်နေမှ ကမ္ဘာတည်သရွေ့ မြန်မာတည်နေပေလိမ့်မည်။ ရှေးလူကြီးများ တာဝန်ကျေစွာ စောင့်ထိန်းလာခဲ့ကြသည်ကို မိမိတို့လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ကြရပေမည်။

လူသားဆိုသည်မှာ သက်တမ်းအလိုက် ရွေ့လျားထွက်ခွာ သွားနေကြသော်လည်း နိုင်ငံနှင့်တပ်မတော် ဆိုသည်မှာ အစဉ်အမြဲရှိနေရမည့် အရာများ ဖြစ်သည်။ နိုင်ငံရှိမှ လူမျိုးရှိမည်။ နိုင်ငံမရှိသော လူမျိုးသည် မျက်နှာငယ်စွာ နေထိုင်ကြရမည်။ နိုင်ငံနှင့်လူမျိုးရှိနေဖို့ တပ်မတော်တစ်ရပ်ရှိနေရမည်။ တပ်မတော်တစ်ရပ်အမြဲတည်ရှိနေရန်မှာ နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖော်ပြထားပြီး ဖြစ်သည်။

တပ်မတော်တစ်ရပ် မရှိခြင်းကြောင့် မြန်မာတို့ သူ့ကျွန်ဖြစ်ခဲ့ရသည်။

လွတ်လပ်ရေး ဆုံးရှုံးသွားသည်မှာ ရက်ပိုင်းလပိုင်းမျှဖြင့် ဖြစ်နိုင်သော်လည်း ဆုံးရှုံးသွားသော လွတ်လပ်ရေးကို ပြန်လည်တိုက်ယူရာတွင် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။ အသက်ပေါင်းများစွာလည်း စတေးခဲ့ကြရသည်။ နောက်ဆုံးတွင် မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့စည်းနိုင်သည့် အခါမှသာ လွတ်လပ်ရေးကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။ လွယ်လွယ်ကူကူရယူနိုင်ခဲ့ခြင်းမျိုး မဟုတ်ဘဲ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ခဲ့ရသည်။

ထိုမျှတန်ဖိုးကြီးမားစွာ ရယူပေးထားသော လွတ်လပ်ရေးသည် ယနေ့နိုင်ငံသားများ လက်ထက်တွင် ဆုံးရှုံးသွားမည် ဆိုပါက တာဝန်မကျေသော နိုင်ငံသားများအဖြစ် သမိုင်းတွင် ကျန်ရစ်ပေလိမ့်မည်။ အနှစ်ချုပ်ဆိုရလျှင် နိုင်ငံသားတိုင်း တာဝန်ကျေပွန်သူများ ဖြစ်ကြပါစေကြောင်း တိုက်တွန်းရေးသား လိုက်ရပေသည်။