ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး

မြန်မာ့သမိုင်းတွင် ရွှေရောင်လွှမ်းသော ခေတ်ကာလများအဖြစ် ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာ နိုင်ငံတော်နှင့်တတိယမြန်မာနိုင်ငံတော်ဟူသော အင်ပါယာနိုင်ငံများပေါ်ထွန်းခဲ့သည်။ ရွှေသည် တန်ဖိုး ကြီးမားသည်၊ အဖိုးထိုက်တန်သည်။ ပြည်တွင်းပြည်ပ အားကစားပြိုင်ပွဲများတွင် ရွှေရရှိခြင်းသည် အားကစား နည်းအလိုက် အတော်ဆုံးအသင်း၊ အတော်ဆုံးသူဖြစ်သည်။ ပထမဆုကိုရွှေဖြင့်လည်းကောင်း၊ ဒုတိယဆုကို ငွေဖြင့် လည်းကောင်း၊ တတိယဆုကို ကြေးဖြင့်လည်းကောင်း နှိုင်းယှဉ်သတ်မှတ်လျက်ရှိသည်။ ထို့အတူ မြန်မာနိုင်ငံသမိုင်းကို ရွှေ၊ ငွေ၊ ကြေးတို့ဖြင့် တိုင်းတာပါက ကိုယ်ပိုင်ထီးနန်း အချုပ်အခြာအာဏာနှင့် နေထိုင် ရသောကာလများသည် ရွှေကာလ၊ ငွေကာလများဖြစ်သည်။ လွတ်လပ်ရေးဆုံးရှုံးသွားသော ကာလသည် မျက်နှာငယ်ရသောကြေးကာလဖြစ်ပေသည်။

မြန်မာ့သမိုင်းနှင့်အတူ ယှဉ်တွဲလျက်ရှိသော တပ်မတော်သည် နိုင်ငံတော်တွင် အခက်အခဲနှင့်ကြုံတွေ့ ရလေတိုင်း မဆိုင်းမတွ ဦးဆောင်လမ်းပြခဲ့ရသည်။ ဦးဆောင်ခွင့်ကြုံလေတိုင်း တစ်မျိုးသားလုံး၏ စိတ်ဓာတ် နှင့်အကျင့်စာရိတ္တမြင့်မားရေး၊ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသား ရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက် ပေးခဲ့သည်။

နယ်ချဲ့အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အုပ်စိုးစဉ်အခါက မြန်မာတို့၏ အမြတ်တနိုး တန်ဖိုးထားရာနေရာများကို အင်္ဂလိပ်တို့က အရုပ်ဆိုး အကျည်းတန်စွာလုပ်ဆောင်ခဲ့သည်။ မြန်မာတို့၏ ရှေးဟောင်းနန်းတော် နေရာ များကို အကျဉ်းထောင် သို့မဟုတ်  ထို့ထက်ဆိုးရွားသော နေရာဖြစ်အောင် လုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ် ဆောင်ခံရသည့်နေရာများတွင် အလောင်းမင်းတရားကြီး ထီးနန်းစိုက်ထူရာ ရွှေဘိုနန်းတော်နေရာလည်း ပါဝင်သည်။

ထိုနေရာကို အင်္ဂလိပ်တို့က ခရိုင်အဆင့်အကျဉ်းထောင်ဖွင့်လှစ်ကာ မြန်မာတို့ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ပြုမူလုပ်ဆောင်ခဲ့သည်။ အလားတူနေရာများကို ဖော်ပြနေလျှင် ကုန်ဆုံးနိုင်မည်မဟုတ်ပါ။ တပ်မတော်သည် နိုင်ငံတော်ကို ဦးဆောင်တာဝန်ယူခဲ့စဉ်အတွင်း ပထမမြန်မာနိုင်ငံတော် အနော်ရထာမင်းမြတ်၏ သီရိဇေယျ ဘူမိပုဂံရွှေနန်းတော်၊ ဒုတိယမြန်မာနိုင်ငံတော် ဘုရင့်နောင်မင်းတရားကြီး၏ ကမ္ဘောဇသာဒီရွှေနန်းတော်၊ တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် အလောင်းမင်းတရားကြီး၏ ရွှေဘိုရတနာမင်္ဂလာ နန်းတော်နှင့် မင်းတုန်းမင်းကြီး၏ မန္တလေးမြနန်းစံကျော်ရွှေနန်းတော်ကြီးများကို သမိုင်းအထောက်အထား များရှာဖွေ၍ မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ပေးခဲ့သည်။ ယနေ့လူငယ်များအတွက် ဇာတိသွေး ဇာတိမာန် ထက်သန်နေစေရန် အမွေပေးခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ရွှေဘိုတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကား ပြောကြားသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “တတိယမြန်မာနိုင်ငံတော်ဖြစ်သည့် ကုန်းဘောင်ခေတ်ကို အလောင်းမင်းတရားကြီးဦးအောင်ဇေယျက ရွှေဘို မြို့တွင် စတင်တည်ထောင်ခဲ့ပြီး ကုန်းဘောင်မင်းဆက်သည် ခရစ်နှစ် ၁၇၅၂ ခုနှစ်မှ မြန်မာနိုင်ငံလွတ်လပ်ရေး ဆုံးရှုံးခဲ့သည့် ၁၈၈၅ ခုနှစ်အထိ ၁၃၃ နှစ်ကြာရှည်ခဲ့ကြောင်း၊ ထိုခေတ်အခါက နိုင်ငံတော်ကိုစုစည်းမှုရှိအောင် ကြိုးပမ်းတည်ဆောက်ခဲ့ကြသော်လည်း စည်းလုံးညီညွတ်မှုအားနည်းခြင်းနှင့် မိမိထက်ခေတ်မီပြီး အင်အား ကြီးသည့် နယ်ချဲ့များ၏ ကျူးကျော်မှုကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် လွတ်လပ်ရေးဆုံးရှုံးသည်ထက် ကြီးမားသည့် ဆုံးရှုံးမှုမရှိသောကြောင့် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လက်ရှိပစ္စုပ္ပန်တွင်ရှိနေသူများက ထိန်းသိမ်းစောင့်ရှောက်ရန် အပြည့်အဝတာဝန် ရှိကြောင်း” ပြောကြားခဲ့သည်။

သမိုင်းကြောင်းများအရ ရှေးမြန်မာမင်းများ နန်းစိုက်ခဲ့သည့်နေရာဒေသများသည် မြန်မာတို့ဂုဏ်ယူဖွယ်ရာ နေရာများဖြစ်သည်။ ရွှေဘိုခရိုင်သည် မြန်မာနိုင်ငံ၏ စပါးကျီများအတွင်းမှ တစ်ခုဖြစ်သည်။ ရေခံမြေခံကောင်း များကို ပိုင်ဆိုင်ထားရာနေရာဒေသဖြစ်သည်။ ထိုနန်းတော်ကြီးမှာ တပ်မတော်အစိုးရလက်ထက် ၁၉၉၄ ခုနှစ် နိုဝင်ဘာ ၂ ရက်တွင် နန်းတော်ပြန်လည်ဆောက်လုပ်ခြင်း အုတ်မြစ်စီမင်္ဂလာ အခမ်းအနားကျင်းပခဲ့ကာ ၂၀၀၄ ခုနှစ် ဇူလိုင် ၄ ရက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနသို့လွှဲပြောင်းပေးခဲ့သည်။ ၂၀၁၃ ခုနှစ် ဇွန် ၇ ရက်မှစ၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူပြုပြင် ထိန်းသိမ်းလျက်ရှိသည်။ မြန်မာတို့အနေဖြင့် ရှေးကဘိုးဘွားတို့၏ အမွေအနှစ် ကိုဂုဏ်ယူကာ ချစ်မြတ်နိုးစွာထိန်းသိမ်းရမည်ဖြစ်သကဲ့သို့ ဂုဏ်ယူခြင်းဖြင့်ကျေနပ်နေ၍မဖြစ်ဘဲ မူလရှိပြီး သား ဂုဏ်ကိုမြှင့်တင်ရန် အစဉ်အလာကောင်းများကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။