SJ WorldNews - шаблон joomla Авто

ဆေးသိပ္ပံနယ်ပယ်ကို တိုးတက်စေသည့် တီထွင်မှုများ(၁)

Saturday, 27 June 2020 12:30 font size decrease font size decrease font size increase font size increase font size

ဆေးသိပ္ပံပညာရပ်ဆိုတာ အလွန်ကိုကျယ်ပြန့်ပြီး လက်ရှိမှာဆိုရင်လည်း သိပ္ပံနည်းကျ တိုးတက်မှုတွေ ရှိနေတဲ့ ကဏ္ဍတစ်ခုပါ။

ဒီလိုတိုးတက်လာမှုတွေကြောင့် အရင်တုန်းက စမ်းတဝါးဝါးဖြစ်ခဲ့ရတဲ့ အခြေအနေတွေဟာ ဒီနေ့ခေတ်မှာ မရှိသလောက်ဖြစ်သွားပါပြီ။

အဓိကကတော့ နည်းပညာတိုးတက်မှုကို ဆေးပညာနယ်ပယ်မှာ တွင်ကျယ်စွာ အသုံးချလာခြင်းကြောင့် ဖြစ်ပါတယ်။

ဒီလိုတိုးတက်မှုတွေကို စတင်အခြေတည်ပေးခဲ့တဲ့ တစ်နည်းအားဖြင့် ဆေးသိပ္ပံပညာရပ်ကို တိုးတက်ထွန်းကားစေပြီး ကမ္ဘာကို ပြောင်းလဲစေခဲ့တဲ့ ကနဦးတီထွင်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆေးဘက်သုံး အပူချိန်တိုင်း ကိရိယာ

အရင်တုန်းကဆိုရင် အပူချိန်တိုင်း ကိရိယာတွေကို ဆေးရုံ၊ ဆေးခန်းတွေမှာသာ တွေ့ရလေ့ရှိပေမယ့် ဒီနေ့လို အချိန်မျိုးမှာတော့ ကျန်းမာရေး အသိပညာရှိတဲ့အိမ်တိုင်းမှာပင်  ဒီကိရိယာတွေကို တွေ့လာရပါတယ်။

ဒါပေမဲ့ ဒီကိရိယာကို ဘယ်သူကစတင် တီထွင်ခဲ့လဲဆိုတာကိုတော့ သိတဲ့သူရှားပါတယ်။ ဒီနေ့ခေတ်အသုံးပြုနေတဲ့ ပြဒါးအသုံးပြု အပူချိန်တိုင်း ကိရိယာကို ၁၇၁၄ ခုနှစ်မှာ တီထွင်ခဲ့တာဖြစ်ပြီး တီထွင်သူကတော့ ဂါဘရီယယ် ဖာရင်ဟိုက်ဆိုသူပဲဖြစ်ပါတယ်။

သာမန်အပူချိန်ကို တိုင်းတာဖို့အတွက် ပထမဆုံး အသုံးပြုနိုင်တဲ့ အပူချိန်တိုင်း ကိရိယာက ၁၅ဝဝ ပြည့်နှစ် အလွန်ကာလတွေမှာ ထွက်ပေါ်လာတာဖြစ်ပြီး အဲဒီကိရိယာကို ဖန်တီးသူကတော့ နာမည်ကျော် နက္ခတ္တဗေဒ၊ ရူပဗေဒနဲ့ အင်ဂျင်နီယာပညာရှင် ဂါလီလီယိုပါပဲ။

အပူချိန်တိုင်း ကိရိယာရဲ့ အခြေခံသဘောတရားကတော့ အပူချိန်ကြောင့် ပြောင်းလဲသွားတဲ့ အရည်ရဲ့ သိပ်သည်းဆပြောင်းလဲမှုပဲဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာတော့ ပြဒါးအသုံးပြု အပူချိန်တိုင်း ကိရိယာအစား ဒစ်ဂျစ်တယ်စနစ်သုံး အပူချိန်တိုင်း ကိရိယာတွေကို တွင်ကျယ်စွာ အသုံးပြုလာနေပါပြီ။ အကြောင်းပြချက်ကတော့ ပြဒါးဆိပ်သင့်နိုင်တဲ့ အန္တရာယ်ကြောင့်ပဲဖြစ်ပါတယ်။

ဆရာဝန်သုံးနားကြပ်

ဆရာဝန်သုံး နားကြပ်တွေ မတီထွင်မီက ဆရာဝန်တွေဟာ လူနာတွေရဲ့ နှလုံးခုန်သံကို နားထောင်ဖို့အတွက် လူနာရဲ့ရင်ဘတ်ကိုနားကပ်ပြီး နားထောင်ရပါတယ်။

ဒီလိုနားထောင်မှုဟာ တိကျမှု နည်းပါးပေမယ့်လည်း  ဒီနည်းထက် ကောင်းမွန်တဲ့ နည်းလမ်းကို ရှာမတွေ့ခဲ့ကြပါဘူး။

ဥပမာအားဖြင့် အတွင်းဘက်မှာရှိတဲ့ နှလုံးနဲ့  အပြင်ဘက်မှာရှိတဲ့ ရင်ဘတ်တို့ကြားမှာ အဆီပြင်လိုမျိုး အတော်အတန်ကြီးမားတဲ့ အကာအကွယ်တစ်ခု ရှိနေမယ်ဆိုရင် ဒီနည်းလမ်းဟာ အသုံးမဝင်တော့ပါဘူး။

ပြင်သစ်ဆရာဝန် တစ်ဦးဖြစ်တဲ့ ရီနီးလိုင်ယွန်နက်ဟာ ဒီလိုပြဿနာမျိုးနဲ့ ကြုံခဲ့ရဖူးပါတယ်။ အဲဒီအချိန်တုန်းက သူ့လူနာဟာ အဝလွန်နေတဲ့အတွက် လူနာရဲ့နှလုံးခုန်နှုန်းကို အတိအကျ မမှတ်နိုင်ခဲ့ပါဘူး။

ဒါကြောင့်သူဟာ  ခေါင်းလောင်းပုံဖော်ထားတဲ့ သစ်သားကျည်တောက် တစ်ခုကို တီထွင်ပြီး လူနာတွေကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီသစ်သား ကျည်တောက်ဟာ အဆုတ်နဲ့နှလုံးကနေလာတဲ့ အသံတွေကို ချဲ့ပေးနိုင်စွမ်းရှိတာကြောင့် ရင်ဘတ်ကို နားနဲ့ကပ်ပြီး နားထောင်ရတာထက် ပိုကျယ်တဲ့အသံကို ကြားရစေပါတယ်။

အခုနောက်ပိုင်းမှာ   ဆရာဝန်တိုင်း တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေတဲ့ ဆရာဝန်သုံး နားကြပ်ဟာ ပြင်သစ်ဆရာဝန် ရီနီးလိုင်ယွန်နက်ရဲ့ သစ်သားကျည်တောက်ပုံစံကို နမူနာယူပြီး တိုးတက်တီထွင် ထားတာပဲဖြစ်ပါတယ်။

ဓာတ်မှန်

အရင်တုန်းကဆိုရင် အရိုးကျိုးတာလိုမျိုး ခန္ဓာကိုယ် အတွင်းပိုင်းမှာဖြစ်တဲ့ အခြေအနေတွေကို ဆရာဝန်တွေက အပြင်ကနေ မှန်းဆပြီးတော့သာ ကုသမှုတွေ လုပ်ခဲ့ရပါတယ်။ ဒါပေမဲ့ မှန်းဆ ကုသရတာဖြစ်တဲ့အတွက် ထိရောက်မှုပိုင်းမှာ အလွန်အားနည်းခဲ့ပါတယ်။

တစ်နေ့မှာတော့ ဂျာမန်ရူပဗေဒပညာရှင် တစ်ဦးဖြစ်တဲ့ ဝေဟမ်ကွန်းနာ့ရော့ဂျန်ဟာ ဖိအားအလွန်နည်းတဲ့ ဓာတ်ငွေ့ထဲ လျှပ်စစ်ဖြတ်သန်းစီးဆင်းမှုကို လေ့လာနေပါတယ်။

ဒီလေ့လာမှုကို အမှောင်ခန်းထဲမှာ လုပ်နေတာဖြစ်ပြီး ဘာရီယံပလာတီနိုဆိုင်ယာနိုက် သုတ်လိမ်းထားတဲ့ ကက်သုတ်ရောင်ခြည်မီးလုံးက  မီးချောင်းကဲ့သို့ အလင်းထွက်တဲ့ သက်ရောက်မှု ရှိတာကို တွေ့လိုက်ရပါတယ်။

ဒါပေမဲ့ ကက်သုတ်ရောင်ခြည်ကိုတော့ မမြင်ရတဲ့အတွက် ဒါဟာ ဘာရောင်ခြည်လဲ ဆိုတာကိုသူမသိတာကြောင့် X ရောင်ခြည်လို့ အမည်ပေးလိုက်ပါတယ်။ ဒီလို ရှာဖွေတွေ့ရှိမှုကြောင့်ပဲ သူဟာ ၁၉ဝ၁ ခုနှစ်မှာ ရူပဗေဒနိုဘယ်ဆုကို ရရှိခဲ့တာပါ။

ဝေဟမ်ကွန်းနာ့ရော့ဂျန်ရဲ့ ရှာဖွေတွေ့ရှိမှုကို ဆေးပညာနယ်ပယ်မှာ အသုံးချလိုက်နိုင်တဲ့အခါ အလွန်အသုံးဝင်တဲ့ ဓာတ်မှန် နည်းပညာဆိုတာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီလိုရှာဖွေတွေ့ရှိမှုဟာ အစောပိုင်းမှာတော့ လူအများအပြားရဲ့ ရယ်ပွဲဖွဲ့ခြင်းကို ခံရပါတယ်။ ဘယ်လောက်ထိ အောင်လဲဆိုရင် မမြင်နိုင်တဲ့အရာကို ဓာတ်ပုံရိုက်ကူးလိုတဲ့ နည်းလမ်းဆိုပြီး ပြောဆိုခံရမှုတွေရှိခဲ့တဲ့ အထိပါပဲ။

ပဋိဇီဝဆေး

ပဋိဇီဝဆေးကို လူအများစု ရင်းနှီးကြတာက အလက်ဇန်းဒါးဖလီးမင်း ရှာတွေ့ခဲ့တဲ့ ပင်နီဆီလင်ပဲဖြစ်ပါတယ်။

တကယ်တမ်းတော့ ပဋိဇီဝဆေးဆိုတာ ၁၉ဝ၇ ခုနှစ်ကတည်းက စတင်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီအချိန်တုန်းက ဓာတုပညာရှင်တွေ ဖြစ်ကြတဲ့ အဲဖရက်ဘာသိုင်းနဲ့ ပေါအားလစ်တို့က ဆယ်ဗာဆန်ကို တီထွင်ပါတယ်။ ယနေ့ခေတ်မှာတော့ အဲဒီဆယ်ဗာဆန်ကို အာစဖန်းနမင်းလို့ လူသိများပါတယ်။

ဆယ်ဗာဆန်ကို ဆစ်ဖလစ်လို့ခေါ်တဲ့ ကာလသားရောဂါကုသရေးမှာ ထိရောက်စွာ အသုံးပြုနိုင်တဲ့အတွက် ဒီဆေးဟာ ပိုးသတ်ဆေး လောကကို စတင်မှုပဲဖြစ်ပါတယ်။

၁၉၂၈ ခုနှစ်မှာ အလက်ဇန်းဒါးဖလီးမင်း ရှာတွေ့တဲ့ ပင်နီဆီလင်ဆေးကတော့ ပဋိဇီဝဆေးတွေက လူအများအပြားရဲ့ အာရုံစိုက်မှုကို ရနေချိန်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ယနေ့အချိန်မှာတော့ ပဋိဇီဝဆေးတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ တိုးတက်လာပြီး တခြားကာကွယ်ဆေးတွေနဲ့ ပေါင်းစပ် အသုံးပြုလာနိုင်တဲ့အတွက် အဆုတ်နာကဲ့သို့ ရောဂါတွေကို ထိရောက်စွာ တိုက်ဖျက်လာနိုင်ပါပြီ။ 

 

နွေဦး

 

Read 22 times Last modified on Saturday, 27 June 2020 12:40